မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ် စတင်

မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် နို့တိုက်ကျွေးရေးအစီအစဉ် စတင်

မန္တလေး၊ အောက်တိုဘာ ၁၂ ။            ။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအမျိုးသမီးကော်မတီ နှင့် တိုင်းဒေသကြီး နို့တိုက်ကျွေးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ ကျောင်းသူ ၊ ကျောင်းသားများကို နို့တိုက်ကျွေးခြင်း အစီအစဉ်အား (၂၀၁၈)ခုနှစ် အောက်တိုဘာ(၁၂)ရက်၊ နံနက် (၉)နာရီက မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 ယခုစာသင်နှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်ရှိ အမက (၂၉) နှင့် အမက (၄၀)၊ အမရပူရမြို့နယ်ရှိ စျေးချို အမက နှင့် လက်သမား အမက စသည့် ကျောင်း (၄)ကျောင်းတွင် အောက်တို ဘာ(၁၂)ရက်မှ စတင်၍ နို့တိုက်ကျွေးလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ်ရှိ အခြေခံ ပညာမူလတန်းကျောင်း (၃၁)ကျောင်း၊ ကျောင်းသားဦးရေ (၆၀၀၀)ကျော်ကို တစ်ပတ်လျှင် တစ်ရက် နွားနို့များ တိုက်ကျွေးလျှက်ရှိသည်။

 မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများရှိ ကျောင်းများတွင်နို့တိုက်ကျွေးရေးအစီအစဉ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပြီး နို့တိုက်ကျွေးမှုကြောင့်  တစ်ယောက်ချင်းစီကို သာမက လူ့ဘောင် အဖွဲ့အစည်း တစ်ခုလုံးကိုပါအကျိုးကျေးဇူးရရှိစေကြောင်း သိရသည်။ထို့အပြင်  အခြေခံ ပညာကျောင်းများ၌ နို့တိုက်ကျွေးခြင်းဖြင့် ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာကြံ့ခိုင်လာပြီး ကျန်းမာ ရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များလည်းလျော့နည်းသွားနိုင်ကြောင်း ကျောင်းတွင်းအာဟာရ နို့တိုက်ကျွေး မှုများရှိခြင်းကြောင့် မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကိုကျောင်းသို့ မပျက်မကွက် တက်ရောက် စေခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျောင်းတက်မှန်ကန်ပြီး ဉာဏ်ရည်များလည်း တိုးတက်လာနိုင် ကြောင်း သိရသည်။

 “ကျောင်းနေအရွယ်မှသည် ဘဝသက်တမ်းတစ်လျှောက်လုံး နွားနို့ကို သောက်သုံးသင့်တယ်ဆိုတာကို အားလုံး အသိဖြစ်ပါတယ်။ သိရှိတဲ့အတိုင်း မြန်မာနိုင်ငံတစ်မျိုးသားလုံး   နေ့စဉ်နွားနို့ပုံမှန် သောက်သုံးလာခြင်းဖြင့် ဒေသတွင်း နို့စားနွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်လာနိုင်ခြင်း၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း တိုးတက် လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒါ အတွက်ကြောင့် အခုလို နို့တိုက်ကျွေးတာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ နာယက ဒေါက်တာ ယုယုမေက ပြောသည်။

 အနာဂတ်၏ လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရာတွင် အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးရေး အစီအစဉ်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြင့်မားရေးဦးတည်ချက်ကို အကောင် အထည်ဖော်သည့်လုပ်ငန်းစဉ် ဖြစ်ပြီး တစ်ယောက်ချင်းစီကိုသာမက လူ့ဘောင်အဖွဲ့အစည်း တစ်ခုလုံးကိုပါ အကျိုးကျေးဇူးရရှိစေခြင်းကြောင့် ယခုကဲ့သို့နို့တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရသည်။

 '' ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို နို့တိုက်ကျွေးခဲ့တာပါ။ ယခုစာသင်နှစ်၂၀၁၈-၂၀၁၉ တွင် မ န္တလေးတိုင်းဒေသကြီးအတွင်း၊ မြို့နယ် (၉)မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (၃၁) ကျောင်းက ကျောင်းသားကျောင်းသူတွေကို နွားနို့တိုက်ကျွေးမှာပါ '' ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာမောင်မောင်က ပြောသည်။

 အဆိုပါ နို့တိုက်ကျွေးရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် လာမည်နှစ်၌ နို့တိုက်ကျွေးမည့် ကျောင်းနှင့် ကျောင်းသားဦးရေကို တိိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Mizzima Weekly