ဇနီးဖြစ်​သူကို ရဲဒင်​းဖြင့် သတ်ခဲ့သူအား ထောင်​ဒဏ်​ အနှစ်​ ၂ဝ ချမှတ်​

ဇနီးဖြစ်​သူကို ရဲဒင်​းဖြင့် သတ်ခဲ့သူအား ထောင်​ဒဏ်​ အနှစ်​ ၂ဝ ချမှတ်​

ရန်ကုန်၊ အောက်တိုဘာလ ၁၂ ။          ။ လူမှုရေးဖောက်ပြန်သည်ဟု ဆိုကာ ဇနီးဖြစ်သူကို မျက်နှာ၊ ဝဲနားထင်၊ လည်ပင်းတို့ကို သေဆုံးသည်အထိ ရဲဒင်းဖြင့် သတ်ခဲ့သူ ဦးခင်ညိုအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ်နှစ် ၂ဝ ကျခံစေရန် အပြီးသတ်အမိန့် ချမှတ်လိုက်သည်။

အသက် ၄၇ နှစ်အရွယ်ရှိ လူသတ်မှု ကျူးလွန်ခဲ့သူ ဦးခင်ညိုကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ ဖြင့် တရားစွဲတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃o၂(၂)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂ဝ ကျခံစေရန် အမှုစစ်ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုဖြစ် စဉ်မှာ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧည့်ခန်းတွင် အိပ်နေသည့် ဇနီးဖြစ်သူကို လူမှုရေးဖောက်ပြန်သောကြောင့် သတ်ခဲ့ခြင်းဟု ရဲမှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူက တရားလိုပြုလုပ်ကာ ဖခင်ဖြစ်သူ ဦးခင်ညိုကို အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့်  ဒေါပုံမြို့မရဲစခန်းမှ (ပ)၃၁၄/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည့်အမှုဖြစ်သည်။

သမီးဖြစ်သူ မိန်းကလေး၏ ထွက်ဆိုချက်အရ ဒေါပုံမြို့နယ်၊နွယ်အေးရပ်ကွက်ရှိ နေအိမ်တွင် ဖခင်ဖြစ်သူ ဦးခင်ညို၊  မိခင်ဖြစ်သူတို့နှင့်အတူ အခင်းဖြစ်ပွားသည့်နေ့တွင် အတူရှိနေခဲ့ကြောင်း၊ အဆိုပါ မိန်းကလေးက ရေအိမ်ဝင်နေစဉ် ဖခင်ဖြစ်သူက တံခါးလာခေါက်ပြီး ဧည့်ခန်းတွင် အိပ်နေသည့် မိခင်ဖြစ်သူကို လူမှုရေးဖောက်ပြန်သောကြောင့် ရဲဒင်းဖြင့်ခုတ်လိုက်ပြီဖြစ်ကြောင်း  ပြောပြသဖြင့် မိန်းကလေးက ရေအိမ်မှထွက်ပြီး ကြည့်ရှုခဲ့ရာ မိခင်ဖြစ်သူမှာ ဧည့်ခန်းအတွင်း မျက်နှာ၊ ဝဲနားထင်၊ လည်ပင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ထွက်ဆိုထားသည်။

အမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး (၂) တရားခွင်တွင် တရားရုံးအမှုအမှတ် ၂၂၇/၂ဝ၁၈ ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့ကာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

 

Mizzima Weekly