အသက်အန္တရာယ်ကိုပင် ရန်ရှာခြိမ်းခြောက်ခံနေရသည့် ပြည်သူ့ကိုယ်စားလှယ်များ

အသက်အန္တရာယ်ကိုပင် ရန်ရှာခြိမ်းခြောက်ခံနေရသည့် ပြည်သူ့ကိုယ်စားလှယ်များ

မိမိတို့ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်အချို့က ဖိဖိစီးစီး ဆောင်ရွက် လာသည့်အပေါ် ပြန်လည်ခြိမ်းခြောက်ရန်ရှာမှုနှင့် ရင်ဆိုင်ကြရသည်။ ခြိမ်းခြောက်ခံရသူ လွှတ်တော် ကိုယ်စားလှယ် များမှာ ဒီချုပ်ပါတီမှဖြစ်ပြီး ခြိမ်းခြောက်သူများမှာ သတင်းပေးများ၊ လောင်းကစားဒိုင်များ တရားမဝင်သစ်ခိုးထုတ်သူများ၊ မူယစ်ဆေးရောင်းဝယ်သူများနှင့် နယ်ခံလူမိုက်များ ဖြစ်နေသည်။

ရန်ကုန် — တိုင်းဒေသကြီးလွှတ်တော်အမတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးထွန်းထွန်းဝင်း တာဝန်စထမ်းဆောင်ကတည်းက မလိုသူများ၏ ခြိမ်းခြောက်မှုများကို  ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာ ပေါ်မှာသာ ကြုံတွေ့ခဲ့ရသော်လည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြံစည်ခြင်းကိုတော့ ပြီးခဲ့သည့် နှစ်လခန့်ကမှသာ ပထမဆုံးကြုံခဲ့ရသည်။

ဩဂုတ်လ၏ ညတစ်ညတွင် ချင်းတွင်းမြစ်အတွင်း လှည့်လည်နေသည့် လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းတို့၏ စက်လှေပေါ်သို့ အားကောင်းသည့် စက်လှေဆလိုက်မီးရောင်များ ဖြာကျလာသည်။ တစ်ဆက်တည်းမှာပင် ဆလိုက်မီးထိုးထားသည့်စက်လှေနှစ်စီးက လေးခွများဖြင့် တရပ်စပ်ပစ်ခတ်ရင်း ၎င်းတို့စက်လှေအနားသို့ ချဉ်းကပ်လာကြသည်။

အသက်အန္တရာယ်ကို ရန်ရှာလောက်သည်ဟု ယူဆမိသဖြင့် စက်လှေကို စက်ကုန်ဖွင့်ပြီး စက်လှေဆိပ်သို့ ပြန်ကပ်ရန်ကြိုးစားကြသည်။ ၎င်းတို့စက်လှေ ကမ်းမကပ်နိုင်ခင်မှာပင် အန္တရာယ်ပြုသည့်စက်လှေနှစ်စီးက မလှမ်းမကမ်းရှိတစ်နေရာတွင် ကမ်းကပ်ပြီး ဦးထွန်းထွန်းဝင်းတို့ စက်လှေကမ်းကပ်မည့်နေရာသို့ လူ ၁၀ ယောက်ခန့်က တုတ်၊ ဓား လက်နက်များကိုင်ကာ ရန်ပြုတိုက်ခိုက်ရန် ပြေးလာကြသည့်အတွက် စက်လှေဖြင့် ထွက်ပြေးခဲ့ရသည်။

“စက်လှေကမြန်လို့သာ ကျွန်တော်တို့သက်သာသွားတာ။ မဟုတ်ရင် မတွေးဝံ့စရာပဲ” ဟု စစ်ကိုင်းဒေသကြီး လွှတ်တော်၊ ကနီမဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကပြောသည်။

ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အောက်ပိုင်းတစ်လျှောက်တွင်  မူးယစ်ဆေးဝါးနှင့် တရားမဝင်သစ်များ သယ်ယူလာမည်ဟု ယူဆရသည့် သမ္ဗန်၊ စက်လှေ၊ ဝါးဖောင်များကို ဦးထွန်းထွန်းဝင်းနှင့်အတူ ချင်းတွင်း မြစ်ကြောင်း ရေယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် စနစ်တကျပြေးဆွဲရေးကော်မတီ (ရစက) အဖွဲ့ဝင်များက ရှာဖွေစစ်ဆေးနေစဉ် ထိုကဲ့သို့ဖြစ်ပွားခြင်းဖြစ်သည်။

သစ်ဝါးများသယ်ဆောင်လာသည့်စက်လှေတစ်စီးကို တခြားစက်လှေပေါ်မှ လူအဖွဲ့က ပိုက်ဆံတောင်းနေစဉ် ဦးထွန်းထွန်းဝင်းတို့က ဝင်ရောက်မေးမြန်းရာမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ရန်မူသည့် အဖွဲ့များသည် ကနီသစ်တောဦးစီးဌာနမှ ခန့်အပ်ထားသည့် သတင်းပေးများနှင့် မြို့နယ် စရဖ အဖွဲ့များက ခိုင်းစေထားသည့် သတင်းပေးများဖြစ်ကြောင်း ၎င်းဌာနများက မြို့နယ်ရဲတပ်ဖွဲ့ထံတွင် အတည်ပြုထားသည်။

ရန်မူသည့် သတင်းပေး ခုနစ်ဦးကို မြို့နယ် ရစက အဖွဲ့က တရားလိုပြုတိုင်ကြားခဲ့ပြီး ကနီ ရဲတပ်ဖွဲ့မှ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ဝန်ထမ်းအယောင်ဆောင်ကာ တရားမဝင်ငွေကြေးတောင်းခံမှုများနှင့် အမှုဖွင့်အရေးယူထားသည်။ ထိုသူများသည် အချုပ်လွတ် အမှုရင်ဆိုင်လျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး သဲကုန်းမဲဆန္ဒနယ် (၁) တိုင်းလွှတ်တော်အမတ် ဦးဇော်နိုင်ဦးလည်း သဲကုန်းမြို့နယ်အတွင်း လောင်းကစားဝိုင်းများပြုလုပ်နေသည့် လူတစ်စုကို ဖမ်းဆီးနိုင်ရန် လွန်ခဲ့သည့် နှစ်လက ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ပြီး နောက်တွင် ခြိမ်းခြောက်မှုများ စတင်ရင်ဆိုင်လာရသည်။

မြို့နယ်ဘောလုံးပွဲကျင်းပရာနေရာတွင်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များရှိရာသို့ လူ ၁၀ ဦးခန့် လာရောက်ပြီး ဦးဇော်နိုင်ဦးကို သတ်ပစ်မည့်အကြောင်း ခြိမ်းခြောက်ခဲ့သည်။

၎င်းအပါအဝင် ဒီချုပ်ပါတီဝင်အချို့၏ နေအိမ်များရှေ့သို့ ဆိုင်ကယ်စီးထားသူအချို့ လာရောက်ပြီး ဆဲဆိုကြိမ်းမောင်းပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်။

“သူတို့က ခြိမ်းခြောက်ထားတော့ သွားရေးလာရေးကအစ သတိထားနေရတယ် ” ဟု ဦးဇော်နိုင်ဦးကပြောသည်။

အခြေအနေများပိုဆိုးလာမည်ကိုစိုးရိမ်သည့်အတွက် ခြိမ်းခြောက်သူလူမိုက်များကို တရားစွဲဆိုရန် ဦးဇော်နိုင်ဦးနှင့် ပါတီဝင်နှစ်ဦးက ဆုံးဖြတ်လိုက်သည်။

ခြိမ်းခြောက်ထားသူများကို ရာဇသတ်ကြီးပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသောခြောက်လှန့်မှု ဖြင့် ဦးဇော်နိုင်ဦးက ယမန်နှစ် နိုဝင်ဘာလက တရားစွဲဆိုထားပြီး သဲကုန်းမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေကြသည်။

လောင်းကစားဝိုင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခုအကြား၊ တစ်ရွာနှင့်တစ်ရွာအကြားတွင် ပြုလုပ်လေ့ရှိကြပြီး လူမိုက်များက ဦးစီးသည့် လောင်းကစားဝိုင်းများဖြစ်သောကြောင့် ဒေသခံများမှာ ရဲတပ်ဖွဲ့သို့တိုင်ကြားရန် စိုးရွံနေကြသည်။

“သူတို့ကို အားလုံးက ရွံကြောက်ကြီးလိုဖြစ်နေကြတာ။ သူတို့ရန်ရှာလာမှာကိုလည်း စိုးရိမ်ကြတယ်” ဟု ဦးဇော်နိုင်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဝင်းရွှေကလည်း ယခုနှစ် ဩဂုတ်လ အတွင်း ဗန်းမောက်နှင့် အင်းတော်မြို့နယ်အကြားတွင်ရှိသော မူးယစ်ဆေးဝါး ရောင်းဝယ်သည့် နေရာများသို့ သွားရောက်ရှာဖွေရာတွင် မူးယစ်ဆေးရောင်းသူတစ်ဦးက  တိုက်ခိုက်ရန်ကြိုးစားခဲ့ပြီး အတူလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တားဆီးပစ်ခတ်မှုကြောင့်သာ အန္တရာယ်မဖြစ်ခဲ့ကြောင်း ပြောသည်။

“ရဲတင်းကိုင်ပြီး ကျွန်တော့်ဆီပြေးဝင်လာတာ ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းကိုမသိဘူး ” ဟု ဦးဝင်းရွှေက ပြောသည်။

ရန်ပြုသည့် အမျိုးသားကို ဗန်းမောက်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အရေးယူထားသည်။

ဦးဝင်းရွှေက ၎င်းနေထိုင်ရာ မြို့နယ်အတွင်းဖြစ်ပွားနေသည့် သစ်ခိုးထုတ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့် ရွှေ၊ သတ္တုခိုးထုတ်မှုများကို ဖော်ထုတ်နိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်နေသူဖြစ်သည်။

ဦးဝင်းရွှေ ဦးဆောင်ပြီးဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထောက်အကူပြုအဖွဲ့တွင် လူအယောက် ၃၀ ထက်မနည်းပါဝင်နေပြီး သက်တမ်းတစ်နှစ်အတွင်း မူးယစ်မှုပေါင်း ၁၀၀ ခန့် ဖော်ထုတ်နိုင်ခဲ့သည်။

အသက်အန္တရာယ်ကိုတိုက်ရိုက်ခြိမ်းခြောက်မှုအနည်းငယ်သာရှိသော်လည်း ဖုန်းဆက်ခြိမ်းခြောက်မှုနှင့် ဖေ့စ်ဘွတ် လူမှုကွန်ရက်မှ ခြိမ်းခြောက်မှုများကိုတော့ ဦးဝင်းရွှေ နေ့စဉ်နှင့်အမျှကြုံတွေ့နေရသည်ဟုဆိုသည်။

စစ်ကိုင်းတိုင်းရှိမြို့နယ်များတွင် သတင်းပေးများကို ဌာနဆိုင်ရာတချို့ကခန့်အပ်ထားပြီး သတင်းပေးများက အစိုးရဝန်ထမ်းများ၏ အာဏာကို အလွဲသုံးစားပြုလုပ်ကာ တရားမဝင်လုပ်ငန်းများထံမှ လိုင်းကြေး တောင်းခံခြင်း၊ ကိုယ်ထိလက်ရောက်ရိုက်နှက် နှိပ်စက်ခြင်းများအပြင် မြို့နယ်အချို့မှ လွှတ်တော် ကိုယ်စားလှယ် များကိုပါ ခြိမ်းခြောက်ခြင်းများအထိ ပြုလုပ်လာကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

လွှတ်တော်အမတ်များကို အသက်အန္တရာယ်ခြိမ်းခြောက်နေသည့် သတင်းပေးများကို ထိရောက်စွာကိုင်တွယ်ရန် အစီအစဉ်ရှိမရှိကို မင်းကင်းမဲဆန္ဒနယ် တိုင်းလွှတ်တော်အမတ် ဦးကျော်ဆန်းက အောက်တိုဘာလ ၂ ရက်နေ့က စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့သည်။

တရားမဝင်လုပ်ငန်းများထံမှ လိုင်းကြေးကောက်ခံတာမျိုးမလုပ်ရန် သတင်းပေးများနှင့် ဝန်ထမ်းများကို ညွှန်ကြားထားပြီး မလိုက်နာသူများကို အရေးယူရန်နှင့် သတင်းပေးများကို ပြန်လည်ဆန်းစစ်ပြီး ဆက်လက်အသုံးပြုရန်သင့်မသင့်ကိုစဉ်းစားသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြန်လည်ဖြေရှင်းသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန အရာရှိကြီးများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များသို့ Myanmar Now မှဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

 

နောက်ကွယ်မှ အကျိုးစီးပွားများ

စစ်ကိုင်းတိုင်းအတွင်းရှိ မူးယစ်ဆေးဝါးများရောင်းဝယ်သူများ၊ တရားမဝင် သစ်ခိုးထုတ်သူများ၏ လမ်းကြောင်းများစွာရှိသည့် အနက် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်စက်လှေများဖြင့် သယ်ယူခြင်းကလည်း အဓိကလမ်းကြောင်းတစ်ခုအဖြစ်ပါဝင်နေသည်။

တရားမဝင် ဒုစရိုက်လုပ်ငန်းများလုပ်ကိုင်သည့် သူများတဖြည်းဖြည်းအတင့်ရဲလာရခြင်းတွင် တာဝန်ရှိ ဝန်ထမ်းများနှင့် သတင်းပေး များလည်း ပါဝင်ပတ်သက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ယူဆကြသည်။

သစ်မှောင်ခိုလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှင့် အရက်ဆီရောင်းချခြင်းလုပ်ငန်းများမှာ ငွေရလွယ်သော လုပ်ငန်းများဖြစ်သောကြောင့် တရားဝင်လုပ်ငန်းများနှင့်မခြား လုပ်ကိုင်နေကြကြောင်းနှင့် နှစ်လုံး၊ သုံးလုံး၊ ချဲထီ၊ ဘောလုံးပွဲဒိုင်ဖွင့်ခြင်းလုပ်ငန်းများလည်း လုပ်ကိုင်နေကြကြောင်း မင်းကင်းအမတ် ဦးကျော်ဆန်း က တိုင်းလွှတ်တော်တွင် ထောက်ပြသည်။

လွှတ်တော်ကိုယ်စားလှယ်များကိုယ်တိုင် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရခြင်းနှင့်ပတ်သက်ပြီး မည်သို့အရေးယူဆောင်ရွက်မည့်အကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း မှုခင်းဌာနကိုသာတိုက်ရိုက်ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။ နေပြည်တော် ရဲချုပ်ရုံး၊ မှုခင်းဌာနမှ ရဲမှူးကြီး မင်းဟန်ကို ဆက်သွယ်ရာတွင် ပြောရေးဆိုခွင့်ရှိသူ မဟုတ်သည့်အတွက် ဖြေကြားပေးနိုင်ခြင်းမရှိကြောင်းပြောသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် လောင်းကစားဝိုင်းများကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်နေကြပြီး ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တိုင်ကြားသော်လည်း သတင်း ပေါက်ကြားမှုများ ရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော် သဲကုန်းမြို့နယ် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးဇော်လင်းထိုက်ကပြောသည်။

ပြည်ခရိုင်အတွင်းရှိ လောင်းကစားဝိုင်းများကိုဖမ်းဆီးအရေးယူနိုင်ရေးအတွက် လွှတ်တော်အမတ်အချို့က သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေပြီး လောင်းကစားဝိုင်းတချို့ ဖမ်းဆီးခံလိုက် ရသည်။ ဖမ်းဆီးခံရသူများက လွှတ်တော်ကိုယ်စားလှယ်အချို့ကို ရန်ရှာခဲ့သည်။

လောင်းကစားပွဲတစ်ပွဲလျှင် လောင်းကြေးအနေဖြင့် ကျပ်သိန်းနှင့်ချီကာပြုလုပ်ကြပြီး လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ကြက်ဝိုင်းများပါဝင်ပြီး တရားမဝင်အရက်ထုတ်လုပ်သူများလည်း ရှိနေသည်။ အဆိုပါ တရားမဝင် လုပ်ငန်းများကို စစ်ဆေးအရေးယူနိုင်ရန် ကြယ်ပွင့်ပြမေးခွန်းကို တင်သွင်းခဲ့ပြီး အဆို အောင်ခဲ့သော်လည်း သတင်းပေါက်ကြားမှုများရှိနေခြင်းကြောင့် အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ တိတိကျကျဆောင်ရွက်နိုင်ခြင်းမရှိသေးဟု  ဦးဇော်လင်းထိုက်က ပြောသည်။

“ရဲတပ်ဖွဲ့က လောင်းကစားဝိုင်းတွေကို နှိမ်နင်းဖို့လာပြီဆိုရင် လောင်းကစားဝိုင်းတွေက ကြိုဖျက်ပြီးသား ဖြစ်နေပြီ ” ဟု ၎င်းက ဆိုသည်။

သတင်းပေါက်ကြားမှုများနှင့်ပတ်သက်ပြီး မှတ်ချက်မပေးလိုသော်လည်း သတင်းပေါက်ကြားပြီးနောက်ပိုင်း လောင်းကစား စသည့် တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်ပြီး မြို့နယ်၊ ခရိုင်ရဲတပ်ဖွဲ့ဝင် များကို အကြောင်းမကြားဘဲ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့သာ တိုက်ရိုက်ဆက်သွယ်သတင်းပို့ကြောင်း ၎င်းကပြောသည်။

သဲကုန်း မဲဆန္ဒနယ် (၁) အမတ် ဦးဇော်နိုင်ဦးကို ခြိမ်းခြောက်သည့် လောင်းကစားဒိုင် လူမိုက်များက ၎င်းတို့အားဖမ်းဆီးသည့် ရဲတပ်ဖွဲ့အစား တိုင်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်ကိုသာမဲပြီး “သတ်ပစ်မည်”ဟု ဖုန်းဖြင့် ထပ်မံခြိမ်းခြောက်သည်။

ဖုန်းဖြင့်ခြိမ်းခြောက်ထားသည်ကို အသံဖိုင်ရယူထားပြီး တရားရုံးတွင် သက်သေအဖြစ်တင်သွင်းထားကြောင်း ဦးဇော်နိုင်ဦးက ပြောသည်။

ပြည်သူကိုကိုယ်စားပြုထားသည့် လွှတ်တော်အမတ်တစ်ယောက်ကိုပင်အသက်အန္တရာယ်ပြုမည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေသည့် လူမိုက်များ၊ ဒုစရိုက်သမားများ လုပ်ရပ်သည် ဥပဒေစိုးမိုးရေးကို မထီလေးစားလုပ်သည့် အသွင်ဆောင်နေကြောင်း လွှတ်တော်အမတ်အချို့က မှတ်ချက်ပြုသည်။

“လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကိုတောင် ခြိမ်းခြောက်နေတာဆိုတော့ သာမန်ပြည်သူတွေအတွက်က စိုးရိမ်ဖွယ်ရာပဲ” ဟု ဦးဇော်နိုင်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။

Mizzima Weekly