မြနန်းစံကျော်ရွှေနန်းတော်တွင် မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၀)နှစ်ပြည့် မတကဘတ်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပ

မြနန်းစံကျော်ရွှေနန်းတော်တွင် မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၀)နှစ်ပြည့် မတကဘတ်ဆွမ်း ဆက်ကပ်ပွဲ ကျင်းပ

မန္တလေး၊ အောက်တိုဘာ ၁၅ ။         ။ ရတနာပုံမန္တလေးမြို့တည် နန်းတည်ခဲ့သော မင်းတုန်းမင်းကြီး၏ (၁၄၀)နှစ်ပြည့် မတကဘတ် ဆွမ်းဆက်ကပ် ခြင်း နှင့် ဆွေတော်မျိုးတော်များ၏သက်ကြီးပူဇော်ပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် နံနက်(၉)နာရီက မန္တလေးနန်းတွင်း၊ နန်းမြို့အတွင်း၊ မြနန်းစံကျော်ရွှေနန်းတော် အရှေ့ဖက်မုခ်ဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၀)နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲသို့ ကုန်းဘောင်မင်းဆက်မောင်နှမများ ၊ ဆွေတော်မျိုးတော်၊ မိတ်သင်္ဂဟများလည်း တက်ရောက်ခဲ့သည်။

'' ဒီနေ့ ကျင်းပတာ မင်းတုန်းမင်းတရားကြီးရဲ့ မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲဖြစ်ပါတယ်။ မင်းတုန်းမင်း တရားကြီး စံမြန်းခဲ့တဲ့ ဒီနန်းတော်မှာ ပြန်လည်ကျင်းပခွင့်ရလို့ အထူးကျေးဇူးတင်ဝမ်းသာပါတယ်။ မတက ဘတ်ဆွမ်း ဆက်ကပ်ခြင်းက စတုတ္ထအကြိမ်မြောက် ကျင်းပတာပါ။ မြနန်းစံကျော်ရွှေနန်းတော်မှာ တတိယ အကြိမ်မြောက် ကျင်းပခွင့်ရတာပါ။ နောက်ပိုင်းမှာလဲ နန်းတော်မှာ နှစ်စဉ် ကျင်းပခွင့်ရရှိဖို့မျှော်လင့်ပါတယ်” ဟု ကုန်းဘောင်မင်းဆက်မောင်နှမဆွေတော်မျိုးတော် မင်းတုန်းမင်း၏ တီတော် ဦးထိပ်တင်အောင်က ပြောသည်။

အဆိုပါ မတကဘတ်ဆွမ်းဆက်ကပ်ခြင်းတွင် အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယက ဗန်းမော် ဆရာတော်ဘုရားကြီး ဘန္ဒန္တ ကုမာရာဘိဝံသ နှင့် ဆရာတော် သံဃာတော်များထံမှ တရားနာယူကြည်ညိုကာ မင်းတုန်းမင်းတရားကြီးအား ရည်စူး၍ အမျှပေးဆက်သခဲ့ပြီး ပင့်သံဃာတော်များအား ဆွေတော်မျိုးတော်များ၊ တက်ရောက်လာကြသော မိတ်သင်္ဂဟများက ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနှင့် နေ့လယ်ပိုင်းတွင် အသက် (၇၀)နှင့်အထက် ဝါတော်သက်တော်ကြီးသော ဆွေတော်မျိုးတော်များအား ပူဇော်ကန်တော့ခဲ့ကြသည်။

၁၈၈၆ ခုနှစ်နောက်ပိုင်းတွင် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခွင့်မရရှိခဲ့ဘဲ လက်ရှိ အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်မောင်နှမများ၏ စီစဉ်မှုဖြင့် ဆွေတော်မျိုးတော်များ စုပေါင်း၍ မတက ဘတ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို နှစ်ပေါင်း (၁၃၀)အတွင်း မြနန်းစံကျော်ရွှေနန်းတော်ကြီးတွင် ပထမဆုံး အကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၌ မင်းတုန်းမင်းကြီး နတ်ပြည်စံသက်(၁၄၀)နှစ်ပြည့် မတကဘတ် ဆွမ်းဆက်ကပ်လှူ ဒါန်းခြင်းကို တတိယအကြိမ်မြောက် ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မင်းတုန်းမင်းသည် မြန်မာသက္ကရာဇ် ၁၃၅၈ ခုနှစ် သီတင်းကျွတ်လဆန်း (၆)ရက်တွင် နတ်ပြည်စံခဲ့ပြီး မင်းတုန်းမင်းနတ်ပြည်စံပြီးနောက် နန်းတက်သောသီပေါမင်းလက်ထက်မှစတင်ကာ မင်းတုန်းမင်း နတ်ပြည်စံသောနေ့တွင် မတကဘတ်ဆွမ်းဆက်ကပ်ခြင်းအလှူကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

Mizzima Weekly