အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ အင်ဒိုနီးရှားတွင် ခြေစမ်းပွဲ ကစားမည်

အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ အင်ဒိုနီးရှားတွင် ခြေစမ်းပွဲ ကစားမည်
 အောက်တိုဘာလ ၉ ရက်က ပြုလုပ်သော ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်အသင်းအတူတွေ့ရစဉ်။ ဓာတ်ပုံ-MFF

အောက်တိုဘာ ၉ ။           ။ အင်ဒိုနီးရှား-မြန်မာ နိုင်ငံတကာ ခြေစမ်းပွဲကို အောက်တိုဘာ ၁၀ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ၊ Wibawa Mukti ကွင်းတွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။  

အဆိုပါပွဲ အတွက် ပွဲကြိုညှိနှိုင်း အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၉ ရက် နေ့လယ် ပိုင်းက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာအသင်းတည်းခိုရာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

 “ အခုလို ခြေစမ်းပွဲကစားဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ လူငယ်အများအပြားနဲ့ဖွဲ့စည်းထားတဲ့ ငယ်ရွယ်တဲ့ အသင်းတစ်သင်းပါ။ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ကစားသမား ၂၆ ဦးနဲ့ လေ့ကျင့်ပြင်ဆင် နေပါတယ်။ ဒီပွဲက ဆူဇူကီးအကြို ပြင်ဆင်တာဖြစ်လို့ နှစ်သင်းစလုံးအတွက် အကျိုးရှိမှာပါ။ကျွန်တော်တို့အနေနဲ့ ဒီပွဲပြီးရင် ဘိုလီးဗီးယားနဲ့ ခြေစမ်းဦးမှာဖြစ်ပြီး အဲဒီနောက် ကာတာကို သွားရောက်ပြီး လေ့ကျင့်မှာပါ” ဟု မြန်မာလက်ရွေးစင် အသင်း နည်းပြ အန်တိုနီဟေးလ်က ပြောဆိုခဲ့သည်ဟု MFF မှ ထုတ်ပြန်သည်။

မြန်မာအသင်းတွင် နယူးဇီလန်ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခဲ့သည့် ကစားသမားများ၊ အာရှ အားကစား ပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့သည့် လူငယ်များအပြင် စီနီယာ ကစားသမားများကိုလည်း ပေါင်းစပ် ဖွဲ့စည်းထား သည်။

နည်းပြ အန်တိုနီဟေးလ်က အင်ဒိုနီးရှားအသင်းမှာ မြန်မာထက် ပိုကောင်းသည်ဟု မယုံကြည်ပါကြောင်း၊ ယခုပွဲမှာ ခြေစမ်းပွဲဖြစ်သော်လည်း အကောင်းဆုံး ကစားမည်ဖြစ်ကြောင်းနှင့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်းနှင့် ဆီမီးသို့မဟုတ် ဗိုလ်လုပွဲတွင် ပြန်တွေ့မည်ဟု မျှော်လင့်ပါကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ကွင်းလယ်တိုက်စစ်သမား စည်သူအောင်ကလည်း ခြေစမ်းပွဲဖြစ်သော်လည်း ဆူဇူကီးဖလားပွဲကြိုပြင်ဆင်မှုဖြစ်၍ ရလဒ်ကောင်းအောင် အကောင်းဆုံးကြိုးစားသွားမည်ဟု ဆိုသည်။

မြန်မာလက်ရွေးစင် အသင်းသည် ယနေ့ (အောက်တိုဘာ ၉) နံနက်ပိုင်းက ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ပြီး ည ၆း၃၀ နာရီတွင် Wibawa Mukti ကွင်း၌ official training ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။

မြန်မာအသင်းအနေဖြင့် ခြေစမ်းပွဲတွင် ဂျာစီအဖြူရောင်ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှား အသင်းမှာ ဂျာစီအနီရောင်ကို ဝတ်ဆင်မည်ဖြစ်သည်။

ခြေစမ်းပွဲကို အောက်တိုဘာ ၁၀ ရက်၊ အင်ဒိုနီးရှားစံတော်ချိန် ည ၆း၃၀ နာရီ၊ မြန်မာစံတော်ချိန် ည ၆းဝ၀ နာရီအချိန်တွင် Cikarang ရှိ Wibawa Mukti Stadium တွင် ကစားမည် ဖြစ်ပြီး RCTI ရုပ်သံလိုင်းနှင့် ဝက်ဘ်ဆိုက်လင့်ခ် www.pssi.org တွင် တိုက်ရိုက် ကြည့်ရှုနိုင်သည်။

 

Mizzima Weekly