ဒေါ်ညိုညိုသင်းတိုင်ကြားစာပါ အချက်များ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်

ဒေါ်ညိုညိုသင်းတိုင်ကြားစာပါ အချက်များ ဆက်လက်စုံစမ်းစစ်ဆေးသွားမည်

ရန်ကုန် ၊ အောက်တိုဘာ ၁၆ ။      ။ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာတွင် ပါရှိသည့်အချက်အလက်များအရ ပြည်သူလူထု နစ်နာခဲ့ရသည့် စီမံကိန်းများ ရှိနေခြင်းကြောင့် ကျော်စောသတင်းသတ်မှတ်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဒေါ်ညိုညိုသင်း၏ တိုင်ကြားစာကိုလက်ခံရရှိပြီးဖြစ်ပြီး ဆက်လက်စုံစမ်းဆောင်ရွက်သွားမည်ဟု ကော်မရှင်၏ပြောဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

“တိုင်စာကို လက်ခံရရှိပြီး ဖြစ်ပါတယ်။ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်လုပ်ဆောင် သွားပါမယ်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိ ဦးကျော်စိုးက ပြောသည်။

ကော်မရှင်၏ လုပ်ငန်းစဉ်အရ ဒေါ်ညိုညိုသင်း၏ တိုင်ကြားစာအား တိုင်ကြားလွှာစိစစ်သုံးသပ်ရေးလုပ်ငန်း ကော်မတီမှ စိစစ်သွားမည်ဖြစ်ကာ အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးတွင် အဆိုပါကိစ္စကို တင်ပြဆောင်ရွက် သွားမည်ဟု ၄င်းက ရှင်းလင်းပြောဆိုသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ နိုင်ငံတော်ဘက်မှ ဆုံးရှုံးနစ်နာမှုများ ရှိနေသည့်ကိစ္စရပ်များကို ဖော်ထုတ်ပေးရန် ကော်မရှင်ကို ဒေါ်ညိုညိုသင်းက အောက်တိုဘာ ၁၃ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်ညိုညိုသင်း ၏တိုင်ကြားချက်တွင် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း၌ လူပုုဂ္ဂိုလ် တစ်ဦးတည်းအား ပေ ၄၀-၆၀ မြေကွက် ပေါင်း ၂၁ ကွက်စာ အကျယ်အဝန်းရှိသည့် မြေကွက်ကြီးကို သက်သာသည့်နှုန်းထားဖြင့် ရောင်းချပေးခြင်း၊ ယင်းသို့ချထားပေးသည့် မြေကွက်ကြောင့် မြေဂရန်ဝန်ဆောင်ခ သတ်မှတ်ကောက်ခံရာတွင် ဝန်ဆောင်ခ နှုန်းထားအသစ်ဖြင့် မကောက်ခံသည့်အတွက် ငွေကျပ် ၄၁ ဒသမ ၉၇ ဘီလီယံ နစ်နာနေသည်ဟု ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 ထို့အပြင် ပြည်သူ့ဥယျာဉ်အတွင်း၌  ပုုဂ္ဂလိကကုမ္ပဏီတစ်ခုအား ကာလပေါက်စျေးထက် နိမ့်သည့်နှုန်းထားဖြင့် မြေများငှားရမ်းထားခြင်းကြောင့် တစ်လလျှင် ငွေကျပ် ၁ ဘီလီယံ နစ်နာနေသည်ဟုလည်း ဖော်ပြထားသည်။

 ယင်းအပြင် ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ ၄၅ လမ်းရှိ စီမံကိန်းတစ်ခုလည်း ပါဝင်နေပြီး ယင်းစီမံကိန်း အရ နိုင်ငံတော်မှ နစ်နာငွေ ၉ ဒသမ ၂ ဘီလီယံ၊ ဗဟန်းမြို့နယ်တွင် ငှားရမ်းထားသည့် ပြည်သူပိုင်မြေ ၁၅ ဧက အတွက် နှစ်စဉ်ငွေကျပ်  ၃ ဒသမ ၈ ဘီလီယံဆုံးရှုံးနေကြောင်း၊ ကန်တော်ကြီး ကန်တော်မင်နှင့် မြိုင်ဟေဝန် ဥယျာဉ်များအတွင်း ငှားရမ်းခ နှစ်စဉ် ၂ ဘီလီယံ ဆုံးရှုံးနေကြောင်း ပါရှိသည်။

Mizzima Weekly