ဒီပုတ်ထဲက ဒီပဲတွေ မဖြစ်ဖို့လိုတယ် ကြားဖြတ်ရွေးကောက်ပွဲ

ဒီပုတ်ထဲက ဒီပဲတွေ မဖြစ်ဖို့လိုတယ် ကြားဖြတ်ရွေးကောက်ပွဲ
သပိတ်ကျင်းမြို့နယ်တွင်၂၀၁၈ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က စည်းရုံးရေးဆင်းနေစဉ်/ (ဓာတ်ပုံ၊မနန်းအိအိစံ)

အောက်တိုဘာ ၁၆ ။           ။ ကြားဖြတ်ရွေးကောက်ပွဲကလည်း နီးလာပြီ၊ မျှော်လင့်ချက်ကိုယ်စီထားပြီး ပြင်ဆင်စည်းရုံးနေတာ တွေ့နေ မြင်နေရတယ်။ အာဏာရထားတဲ့ပါတီနဲ့အတိုက်အခံပါတီကြီးတို့ရဲ့ အားပြိုင်နေမှုကိုလည်း တွေ့နေရတယ်။

အတိုက်အခံပါတီကြီးတစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်သီးပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးကလည်း အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ဝက်နိုင်မယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးမြို့မှာ မီဒီယာတွေနဲ့တွေ့ဆုံပြီး ပြောထားပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ် အားလုံးနီးပါးကိုလည်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သွားရောက် စည်းရုံးဟောပြောတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို စည်းရုံးဟောပြောတဲ့ အချိန်မှာပဲ မြို့အတော်များများ မှာ တပ်မတော်ထောက်ခံပွဲတွေ ပုံစံအမျိုးမျိုးနဲ့ လုပ်လာတာ တွေ့ရပါတယ်။ ထောက်ခံပွဲအများစုက စစ်မှုထမ်းဟောင်းတွေက ဦးဆောင်လုပ်နေတာ တွေ့ရပါတယ်။

အဲဒီလိုထောက်ခံပွဲတွေလုပ်နေတဲ့အထဲက အခုရက်ပိုင်းလေးမှာပဲ ရန်ကုန်မှာ ပြုလုပ်တဲ့ပွဲကတော့ အထင်ကရ ဖြစ်ပါတယ်။ အမျိုးသားရေး ဆရာတော် ဦးဝီရသူနဲ့ အမျိုးသားရေး အင်အားစုတွေ အင်နဲ့အားနဲ့ ပါဝင်လာလို့ပါပဲ။ ဆရာတော် ဦးဝီရသူရဲ့ မိန့်ကြားချက်တွေကလည်း လက်ရှိ အာဏာရပါတီကို တိုက်ခိုက်မှုတွေ ပါဝင်နေတာ တွေ့ရပါတယ်။

ရခိုင်ရေးနဲ့ပတ်သက်လို့ အာဏာရပါတီကိုရော တပ်မတော်အပေါ်ကို နိုင်ငံတာက ဖိအားပေးမှုတွေကလည်း ရှိနေပါတယ်။ တပ်မတော်ကို နိုင်ငံတကာ စစ်ခုံရုံးမှာ တင်ဖို့အတွက် ဖိအားပေးတာတွေကလည်း ရှိနေပါတယ်။

လတ်တလောအခြေအနေမှာတော့ အာဏာရပါတီရဲ့ အစိုးရဟာ စီးပွားရေးကြပ်အတည်း ၊ နိုင်ငံရေး အကြပ်တည်း၊ ဖွံ့ဖြိုးရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရဖို့အတွက်ကလည်း အာဏာရပါတီရဲ့ အဓိက အရေးကြီးဆုံးတစ်ခုလိုလည်း ဖြစ်နေပါတယ်။ အာဏာပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်တစ်ချို့ကို ပြည်သူလူထုက စိတ်ပျက်နေပါတယ်။ မိုးလားကဲလား ကတိတွေပေးပြီး လွှတ်တော်ထဲထိုင်နေတဲ့ လွတ်တော်ကိုယ်စားလှယ်တစ်ချို့ကြောင့် အာဏာရပါတီကို ယုံကြည်မှုလျှော့နည်းလာတာလည်း တွေ့ရပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့လက အာဏာရပါတီရဲ့ ထိပ်သီးခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်တွေကို " ပြည်သူနဲ့ထိတွေမှု ပါတီနဲ့ထိတွေ့မှု အားနည်းပြီး ပြည်သူ့အတွက် ဘာမှလုပ်မပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ၂၀၂ဝမှာ စဉ်းစားမှာ မဟုတ်ဘူး။"လို့ သတိပေး ပြောကြားတာတွေ လုပ်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ဖို့ အခက်အခဲတွေရှိတယ်လို့ ဝန်ခံထားသလို ပြည်သူလူထုအကျိုး ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ကြားဖြတ်မှာရော ၂၀၂ဝမှာရော NLD ကိုမဲပေးဖို့ ပြည်သူလူထုကိုလည်း ဒေါက်တာဇော်မြင့်က တောင်းဆိုထားပါသေးတယ်။

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိဖို့ ကြိုးစားနေစဉ်မှာ ELEVEN သတင်းဌာနက သတင်းသမားအချို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဒီလထဲမှာပဲ ဖမ်းဆီးထောင်ချလိုက်ခြင်းဟာလည်း လက်ရှိအာဏာရပါတီကို ဂယက်ရိုက်စေတာတော့ အမှန်ပါပဲ။ ဒီမိုကရေစီဆိုတဲ့ အစိုးရအနေနဲ့ညှိုနှိုင်းဆောင်ရွက်ခဲ့တာတွေမရှိဘဲ ဖမ်းဆီးအရေးယူမှုတွေ လုပ်လိုက်တာကို အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ချို့နဲ့ စာပေပညာရှင်တစ်ချို့ရဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အာဏာရပါတီအနေနဲ့ မကြာခင်ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲရော ၂၀၂ဝရော အနိုင်ရရှိဖို့က ပြင်ဆင်မှုတွေ စည်းလုံးမှုတွေ လိုအပ်နေသလို ပြည်သူလူထုရဲ့ အပြည့်အဝ ယုံကြည်မှုရရှိဖို့တွေ လုပ်ဖို့ လိုအပ်နေပါတယ်။

လတ်တလော ပြည်သူလူထုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတဲ့ ကွက်လပ်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ကို အစီအမံတွေ သေချာလုပ်ပြီး ဖြေရှင်းပေးဖို့လိုပါတယ်။

မြို့ပြတွေနဲ့ကျေးလက်တစ်ချို့ နေ့ချင်းညချင်း ဖွံ့ဖြိုးတိုးတက်လာတာမြင်တွေ့နေရပေမယ့် မတိုးတက်သေးတဲ့ မြို့ ရွာ ကျေးလက်တွေကို ရောထိန်းမတ်ပေးဖို့လိုပါတယ်။ အာဏာရပါတီရဲ့အစိုးရအနေနဲ့ ဝေဖန်ခံနိုင်ဖို့လည်း ကျင့်ကြံရပါဦးမယ်။ ငါ့လာမထိနဲ့ ၊ ထိရင်ဂွီသွားမယ်ဆိုတဲ့ သူတွေကိုလည်း ထိန်းကျောင်းသင့်ဖို့ လိုပါတယ်။

အာဏာရပါတီအနေနဲ့ ကြားဖြတ်အတွက် စည်းရုံးရေးဆင်း ဟောပြောနေတာတွေကိုတော့ အားမရသေးသလို အောက်ခြေ ပြည်သူလူထုထဲကိုလည်း စိမ့်ဝင်နေတာ မတွေ့ရပါဘူး။ အဲဒီပဲ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးကလည်း အားရစရာမရှိပါဘူး။

စည်းရုံးဟောပြောဖို့လာတယ်။ပါတီကိုယ်စားလှယ်လောင်းကို မိတ်ဆက်ပေးကြတယ်။လုပ်ရိုး လုပ်စဉ် ထုံးစံအတိုင်းသွားနေကြတယ်။

အောက်က လက်ခုပ်လက်ဝါးတီး အားပေးနေတဲ့သူတွေက ပါတီအမှတ်အသားပါတဲ့ အကျင်္ ီတွေ ကွင်းလုံး ပြည့်ဝတ်လို့ လမ်းတစ်လျှောက်ကြိုဆိုတဲ့သူတွေကလည်း အဲဒီလိုပါပဲ။ ဘယ်မှာလည်း ပြည်သူလူထုအစစ်က လို့ မေးရမလိုဖြစ်နေပြီ။ ဒီလိုတွေကို သာယာ ကြည်နူး ဘဝင်ဟပ်နေရင်တော့ အာဏာရပါတီရော ၊ အတိုက်အခံပါတီရော ခံနေရဦးမှာပဲ။ သေချာ စမ်းစစ်လေ့လာဖို့လိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးဆင်းထားတဲ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကလည်း မြင်းခြံမဲဆန္ဒနယ်ရော သပိတ်ကျင်းမဲဆန္ဒနယ်ရော အဖျက်အဆီးခံနေရတယ်။

အဲဒီလို အဖျက်အဆီးခံနေရတာဟာ အာဏာရပါတီက မလုပ်ခဲ့တာမှန်ပေမယ့် တိုက်ခိုက်ချင်တဲ့ သူတွေအတွက်ကတော့ လက်နက်လို ဖြစ်လာတာတွေ့ရပါတယ်။ ဒါတွေကို သေချာ စောင့်ကြပ် ထိန်းသိမ်းမှုတွေ လုပ်ပေးဖို့ တာဝန်တွေကိုလည်း ခွဲဝေကြဖို့ လိုပါတယ်။

ကြိုဆိုထောက်ခံအားပေးနေတာ ပါတီဝင်တွေလား ၊ တကယ့် ပြည်သူလူထုအစစ်တွေလား အမှန်တကယ် ပါတီ ချစ်လို့ ၊ ပါတီအကျိုးလိုလို့ ဆောင်ရွက်လိုလို့ ဝင်တာ ဘယ်လောက်ရှိလဲဆိုတာ မှန်မှန်ကန်ကန် စီစစ်ဖို့ လိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမှန်တကယ်လုပ်ဆောင်ချက်တွေ လုပ်နေတာကို သူတို့ရဲ့ ပိုင်ဆိုင်ထားတာတွေ စိစစ်မှတ်တမ်းတင်ထားဖို့ လိုပါတယ်။ ရွေးကာနီးမှ ဖုတ်ပူမီးတိုက်ပါတီက ရွေးထားတာမဟုတ်ဘဲ ပြည်သူက ကိုးစားယုံကြည်တဲ့ ကိုယ်စားလှယ်လောင်းတွေ ဖြစ်ဖို့လိုပါတယ်။

လက်ရှိ လွှတ်တော်ထဲမှာရောက်နေတဲ့ ကိုယ်စားလှယ်တွေရဲ့ ချမ်းသာကြွယ်ဝမှုတွေ လက်ရှိဆောင်ရွက်နေတာ တွေ ဘယ်သူတွေနဲ့ချိတ်ဆက်လုပ်နေတာတွေ ဘယ်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူပေါင်းလုပ်နေတယ် ဆိုတာတွေ စီစစ်ဖို့လိုနေပါတယ်။ ကိုယ့်ကျိုးအတွက် လုပ်နေတာလား၊  ပြည်သူ့အကျိုးလုပ်နေတာလားဆိုတာ စိစစ်ကြဖို့လိုပါတယ်။

မြိို့တွေသာယာလှပဖို့ အမှိုက်တွေ ဝိုင်းကောက်သလို စိတ်အညစ်အကြေးတွေကိုလည်း ဝိုင်းဝန်းရှင်းလင်းဖို့ လိုပါတယ်။အဂတိ လိုက်စားမှုတွေကလည်း လုံးဝကင်းရှင်းသေးတာမဟုတ်သလို မူးယစ်ဆေးဝါးကလည်း ထုနဲ့ထည်နဲ့ ရှိနေပါသေးတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာကလည်း ဟေး လား မောင် ရို့ အဆင့်သာ ရှိနေပါသေးတယ်။ အားလုံး တက်ညီလက်ညီ အပြောင်းအလဲကို လုပ်မှ တိုင်းပြည်က ရှေ့ရောက်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ဖို့က ဘက်ညီအောင် လုပ်ပြပေးနိုင်မှ အခြေအနေကောင်းမှာပါ။ စကားလုံးတွေနဲ့ပြိုင်ပွဲ ဝင်ရမယ့် အနေအထားမဟုတ်တော့ပါဘူး။ အမှန်တကယ် လုပ်ဆောင်ပေးနိုင်တဲ့ဟာ အမှန်တကယ် ရွက်သယ်ပိုးနိုင်တဲ့ဟာတွေကိုပဲ နှုတ်က ထွက်စေချင်ပါတယ်။

အခုကြားဖြတ်မှာလည်း ဒီပုတ်ထဲက ဒီပဲတွေ ရွေးချယ်မဲပေးမိရင် လမ်းပြင်၊တံတားဆောက်၊ လျှပ်စစ်မီးလင်းရေး လောက်သာ အလုပ်လို့ထင်ပြီး တာဝန်ကျေတယ်လို့ ထင်မှတ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထပ်ပြီး ရွေးချယ်နေမိဦးမယ်ဆိုရင် ပြည်သူလူထုရဲ့ဘဝဟာ လင်းလက်တောက်ပဖို့ဆိုတာ အိပ်မက်တစ်ခုလို့ပဲ ဆိုပါရစေ။

အခုစည်းရုံး ဟောပြောနေတဲ့ ပါတီတွေအနေနဲ့ မုသာဝါဒ ကင်းကင်း အဂတိကင်းကင်း စိတ်စေတနာမှန်မှန်နဲ့ ပြည်သူလူထုအကျိုး သစ္စာရှိရှိ ရွက်ဆောင်နိုင်မယ့်သူကို ချပြပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း မဇ္ဈိမက တင်ပြပေးလိုက်ပါတယ်။

 

 

Mizzima Weekly