မန္တလေးမြို့တွင် အိုးပုတ်ပွဲတော် စတင်ကျင်းပ

မန္တလေးမြို့တွင် အိုးပုတ်ပွဲတော် စတင်ကျင်းပ

၈ ရက်တွင်သာ ကျင်းပသော မန္တလေးမြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်ကို ၂၀၁၈ ခုနှစ် ၊သြဂုတ်လ ၁၉ ရက်နေ့၌ စတင်ကျင်းပရောင်းချလျှက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်ကို အောင်မြေသာစံမြို့နယ် ၊ အိုးဘို ၊ ရွှေကျင်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပခြင်းဖြစ်ပြီး တစ်နှစ်တွင် တစ်ရက်တည်းသာကျင်းပသော ထူးခြားသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။ အိုးပုတ်ပွဲတော်ကို မန္တလေးမြို့သူ၊ မြို့သားများသာမက အခြားဒေသမှ လူများကလည်း လာရောက် ဝယ်ယူကြသည်။

အိုးပုတ်ပွဲတော်တွင် ဖြူ ၊ နီ ၊ ပြာ ၊ ဝါ အရောင်အသွေးစုံလင်လှသည့် ဆင်ရုပ် ၊ ငှက်ရုပ် ၊ ဇီးကွက်ရုပ် ၊ ငါးရုပ် ၊ ချိုးရုပ် ၊ အိုးပုတ် ၊ ရေခရား ၊ ဆွမ်းအုပ် ၊ ငရုပ်ဆုံ ၊ ရေတကောင်း ၊ စဉ့်အိုး ၊ အုန်းသီး ၊ ငှက်ပျောသီး စသည့် ပုံစံမျိုးစုံပြီး လက်ရာမြောက်သော အိုးပုတ်များကိုရောင်းချကြသည်။

ယခုပွဲတော်ကို အိုးပုတ်ပွဲဟုခေါ်ဆိုသလို အိုးပုတ်များကို အလုအယက်ဖြင့် ဝယ်ယူသူများ စည်ကားနေချိန်တွင် ရောင်းသည့်ဆိုင်ရှင်မသိအောင် အပျော်သဘောဖြင့် ခိုးယူကြသည့်ဓလေ့ကြောင့် အိုးပုတ်ခိုးပွဲဟုလည်း ခေါ်ဆိုကြပါသည်။

ယခုပွဲတော်ဖြစ်လာပုံမှာ မနှဲလေးနတ်၏ ငယ်ဘဝက အိုးပုတ်ဖြင့်ကစားခဲ့သော နေရာဖြစ်သောကြောင့် အိုးပုတ်ပွဲတော်ဖြစ်လာသည်ဟု ပါးစပ်ရာဇဝင်ရှိခဲ့သလို ရှေးခတ်မြန်မာဘုရင်များ လက်ထပ်ကတည်းက တောင်ပြုံးပွဲတော်သို့ ရေလမ်းခရီးဖြင့် လာရောက်ကြသော အိုပုတ်သည်များသည် အိုးဘိုရပ်တွင် ခေတ္တနားပြီး အိုးပုတ်ရောင်းချရာမှ ပွဲတော်ဖြစ်လာသည်ဟုလည်း ဆိုကြပါသည်။ အိုးပုတ်ပွဲတော်၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်ရှိပြီဟု သိရသည်။

 

Mizzima Weekly