မုံရွာသို့ သမ္မတရောက်ရှိနေစဉ် လက်ပံတောင်းဒေသခံများ တိုင်ကြားစာပေး

မုံရွာသို့ သမ္မတရောက်ရှိနေစဉ် လက်ပံတောင်းဒေသခံများ တိုင်ကြားစာပေး

မုံရွာ၊ သြဂုတ် ၁၈ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကို ဩဂုတ်လ ၁၈ ရက် မနက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရောက်ရှိ လာစဉ် လက်ပံံတောင်းတောင်ဒေသခံများ ရောက်ရှိလာပြီး တိုင်ကြားစာ ၂၆ စောင်ပေးအပ်ခဲ့သည်။

ယနေ့ သြဂုတ်လ ၁၈ ရက်က မုံရွာမြို့၊ မြို့တော်ခန်းမမှာ တိုင်းဒေသအစိုးရ၊ လွှတ်တော်၊ အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေးမဏ္ဍိုင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

"ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ထိခိုက်ခံစားနေရတာတွေကို တိုင်ကြားစာလာပေးတယ်။ ပြီးတော့ သမ္မတကြီးကို လာကြိုဆိုတာပါ။ အဓိက သမ္မတကြီးအနေနဲ့ လက်ပံတောင်းဒေသခံတွေရဲ့ အခက်အခဲတွေကို သိစေချင်တဲ့အတွက် အခုလိုလုပ်တာ" ဟု လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောသည်။

တိုင်ကြားစာများမှာ တုံကျေး၊ဆည်တည်း၊မိုးကြိုပြင်ကျေးရွာ ၁၁ ရွာတို့က စုပေါင်းပြီး တိုင်ကြားစောင် ၇ စောင် ကို မုံရွာမြို့ ၊ ထွေအုပ်ထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းရွာသစ်ကြီး အမှတ် ၃ ချည်မျှင်ထက်စက်ရုံတည်ဆောက်ရန် ဧက ၄၈၀.၅၉ ဧက သိမ်းဆည်းခံရသည့် တောင်သူ ၄၃ ဦးက ပိုလျံမြေ ၂ဝဝကျော်အနက်  ၁၀၂.၂၈ဧက ပြန်ပေး၊ မပေးသည့် အပေါ် တိုင်ကြားစာ ပေးပို့ခဲ့ပြီး လက်ပံတောင်းဒေသခံများအပါအဝင် စုစုပေါင်းတိုင်ကြားစာ ၂၆ စောင်ဖြစ်သည်။

ပြည်သူများမှ တင်ပြလိုသည့် စာများ တင်ပြချက်များကို နိုင်ငံတော်အကြီးအကဲများအား တိုက်ရိုက်ပေးအပ်ခြင်း မပြုဘဲ နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးထားသည့် တိုင်ကြားစာလက်ခံရေးအဖွဲ့ထံသာ ပေးအပ်ရန် နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ် ၂ ခုအတွင် တိုင်စာနှင့် အထုပ် ၁ ထုပ်လာပေးမှု ဖြစ်ပွားခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Weekly