မန္တလေးတွင် မူးယစ်အထူးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းရာ ဆေးသုံးသူနှင့် ရောင်းချသူများ ဖမ်းမိ

မန္တလေးတွင် မူးယစ်အထူးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းရာ ဆေးသုံးသူနှင့် ရောင်းချသူများ ဖမ်းမိ

မန္တလေး၊ သြဂုတ် ၂၀ ။           ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်းရှိ အငှားအိမ်ယာတိုက်ခန်းများတွင် မူးယစ်အထူးအဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့တို့မှ သြဂုတ်လ ၂၀ ရက်မွန်းလွဲပိုင်းက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ဆေးသုံးသည်ဟုသံသယရှိသူ ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ရည်ရွယ်သော အဆိုပါရှာဖွေဖမ်းဆီးမှုတွင် သုံးစွဲသူ ၁၀ ဦး( ဆေးသုံးသူဟု သံသယရှိသူ ၄ ဦး အပါအဝင်) နှင့် ရောင်းချသူ ၂ ဦး ဖမ်းဆီးရမိသည်။

သော့ပိတ်ထားသောအခန်းများကို မူးယစ်တပ်ဖွဲ့မှ ဆက်လက်ရှာဖွေရာတွင် ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိသည်။

ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရဲတပ်ဖွဲ့ကို စိန်ခေါ်နေသည်ဟု ဆိုနိုင်သော ရေပေါ် မူးယစ်ရောင်းချနေသော နေရာ (မင်းတဲအီကင်းရပ်ကွက်၊ ကမ်းနားလမ်း အငှားအိမ်ရာအနီးရှိ ကျူးကျော် နေအိမ်များတွင် မူးယစ်ဆေးဝါး ဖြန့်ချိရောင်းဝယ်သည်ဟု ယူဆရသော နေရာတစ်ခု) ဟု သြဂုတ်လ ၁၉ ရက် သတင်းပျံ့နှံ့လျက်ရှိရာ သြဂုတ်လ ၂၀ ရက်တွင် ယခုကဲ့သို့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ဇွန်လ ၂ ရက်က ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ဇီးအုပ်ကျေးရွာ ကွက်သစ်နှင့် ကံကြီးကုန်း ကျေးရွာကွက်သစ်အတွင်းရှိ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသည့် နေအိမ်များအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ နေအိမ်အလုံး ၁၀၀ ကျော်အား ရှင်းလင်းနိုင်ခဲ့သည်။

ထို့ပြင် ဇွန် ၅ ရက်က အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းနား ၁၉ လမ်းနှင့် ၂၂ လမ်းကြားရှိ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသည့် အဆောက်အဦ ၈ လုံး အား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Mizzima Weekly