လွှတ်တော်ဆေးသုတ်စရိတ် များလွန်းနေသည့်ကိစ္စ ဒုညွှန််ချုပ်တစ်ဦးကို အနားပေး

လွှတ်တော်ဆေးသုတ်စရိတ် များလွန်းနေသည့်ကိစ္စ ဒုညွှန််ချုပ်တစ်ဦးကို အနားပေး
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်း ဘေးဘက်ရှိ ပေါ်လစ်တင် ဆေးသုတ်ထားသော ကျွန်းတံခါးမကြီး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဩဂုတ် ၂၄ရက်၊ ၂၀၁၈ခုနှစ်)။ ။ နေပြည်တော်၊ လွှတ်တော်အဆောက်အဦများ၏ ကျွန်းတံခါးများနှင့် ကျွန်းဘောင်များကို ပေါ်လစ်တင် ဆေးသုတ်ရာ၌ ပုံမှန်ထက် သုံးဆခန့် များနေကြောင်း စစ်ဆေးပေါ်ပေါက်ပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဓိကတာဝန်ရှိသူ အနည်းဆုံးနှစ်ဦးကို အရေးယူလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အဆိုပါ လွှတ်တော်အဆောက်အဦများအား ဆေးသုတ်စရိတ်အဖြစ် ကျပ်သိန်း ၅၈ဝဝခန့် ကုန်ကျခဲ့ကြောင်း တင်ပြလာမှုအပေါ် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ဖြင့် စစ်ဆေးခဲ့ရာ အမှန်တစ်ကယ်မှာ အဆိုပါ ကုန်ကျငွေ၏ ၄ပုံ ၁ပုံသာ ကုန်ကျသည်ကို တွေ့ရှိရကြောင်း ကော်မတီက အစီရင်ခံပြီးနောက် ယခုကဲ့သို့ အရေးယူလိုက်ခြင်း ဖြစ်သည်။

“ဝန်ထမ်းကိုလည်း Force to Retire(အနားပေး) လုပ်တယ်။ သက်ဆိုင်ရာ ကုမ္ပဏီကိုလည်း ကွာဟနေတဲ့ အခု ငွေပမာဏကို ပြန်သွင်းခိုင်းတယ်။ အငြိမ်းစားပေးခံရတာက ဒုညွှန်ချုပ်အဆင့်။ ကျန်တဲ့သူတွေကတော့ Demotion(ရာထူး၊ အဆင့် လျှော့ချခြင်း)လို့ ကြားတယ်” စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် အမည်မဖော်လိုသူ လွှတ်တော်အမတ်တစ်ဦးက ပြောသည်။

အဆိုပါ လွှတ်တော် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းခေါင်းစဉ် အောက်ရှိ ပေါ်လစ်တင် ဆေးသုတ်သည့် လုပ်ငန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်မှ ခွဲဝေသုံးစွဲခြင်းဖြစ်ပြီး ယင်းလုပ်ငန်းကို အိုးအိမ်ဦးစီးဌာနက တာဝန်ယူကာ (ဟန်ချီထိုက်)ဟု အမည်ရသည့် ကုမ္ပဏီတခုက လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်းအပေါ် စုံစမ်းရေးအဖွဲ့က စစ်ဆေးခဲ့ရာတွင် သုတ်ဆေးများမှာ အရည်အသွေး မမီသလို တချို့နေရာများတွင် ဆေးများလောင်ပြီး ပျက်စီးနေသည်ကို တွေ့ရှိရရပြီး ကုန်ကျစရိတ်မှာလည်း ပုံမှန်ထက် ၃ဆ ပိုများနေသောကြောင့် လိုအပ်သလို အရေးယူရန် အမျိုးသားလွှတ်တော်၊ ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ဦးဆောင်သည့် လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်း ကော်မတီထံ  အစီရင်ခံစာ တင်ပြခဲ့သည်။

“ကျနော်တို့အပိုင်းအနေနဲ့ စစ်ဆေးတယ်။ စစ်ဆေးပြီး အစီရင်ခံစာ တင်တယ်။ ကျနော်တို့ ဥက္ကဋ္ဌအနေနဲ့တော့ ဒါကို တာဝန်ရှိသူတွေကို အရေးယူဖို့ ထောက်ခံတယ်” ဟု စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဖရေရယ်(ခ)မြင့်သန်းထွန်းက ပြောသည်။

ဌာနတွင်း အရေးယူဆောက်ရွက်မှုများအပေါ် ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ လာရောက်သည့် ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကို လွှတ်တော်အစည်းအဝေး ခေတ္တနားချိန် မီဒီယာများက ဝိုင်းဝန်းမေးမြန်းရာတွင် တစ်စုံတရာ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်း မရှိပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အဆောက်အဦဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြင့်ဇော်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင်လည်း “အခုထိတော့ ကျနော်လည်း မသိသေးဘူး ခင်ဗျာ။ ကျနော်တို့ ဝန်ကြီးရုံးက ဘာဆုံးဖြတ်ချက်ချတယ်ဆိုတာတော့ မသိသေးပါဘူး” ဟု ပြန်လည် ဖြေကြားသည်။

 

 

Mizzima Weekly