နိုင်ငံပိုင် မြန်မာ့ရုပ်သံလိုင်းတွင် နိုင်ငံတော်သမ္မတ၏ သတင်းများထက် NLD ပါတီ သတင်းများက ဖော်ပြမှု ပိုများနေ

နိုင်ငံပိုင် မြန်မာ့ရုပ်သံလိုင်းတွင် နိုင်ငံတော်သမ္မတ၏ သတင်းများထက် NLD ပါတီ သတင်းများက ဖော်ပြမှု ပိုများနေ

ရန်ကုန်   စက်တင်ဘာ   ၂၉ ။        ။ နိုင်ငံပိုင် မြန်မာ့ရုပ်သံလိုင်းတွင် နိုင်ငံတော်သမ္မတ၏ သတင်းများထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ(NLD) ၏ သတင်းများဖော်ပြမှုက ပိုများနေကြောင်း Myanmar Institiue for Democracy အဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံရှိသတင်းမီဒီယာများမှ ဖော်ပြထားသည့်နိုင်ငံရေးနှင့် လူမှုရေး စုံလင်ကွဲပြားမှုအပေါ် လေ့လာစောင့်ကြည့်ခြင်း အစီရင်ခံစာကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ မေလအတွင်းအထိ လေ့လာ သုတေသနပြု၍ထုတ် ပြန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့၊ Park ROYAL ဟိုတယ်တွင် ယင်းအစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့သည်။

နိုင်ငံပိုင် မြန်မာ့ရုပ်သံလိုင်းတွင် နိုင်ငံတော်သမ္မတ၏ သတင်းများဖော်ပြခံရမှုသည် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ သတင်းဖော်ပြခံရမှုထက် ၁ ဒသမ ၄ ရာခိုင်နှုန်း ပိုနည်းကြောင်း အစီရင်ခံစာက ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏သတင်းများသည် ၃ လတာ ကာလ အတွင်း သတင်း စုစုပေါင်း၏ ၇ ဒသမ ၄ ရာခိုင်နှုန်းအထိ ဖော်ပြခဲ့သည်ဟု အစီရင်ခံစာက ဆိုထားသည်။ အခြားသော အတိုက် အခံ ပါတီများဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ သတင်းများသည် ၃  လတာကာလတွင် နိုင်ငံပိုင်ရုပ်သံလိုင်းများ၌ ၀ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်းအမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ၏ သတင်းများမှာ ၀ ဒသမ ၂ နှင့် ရခိုင်အမျိုးသားပါတီ၏ သတင်းများမှာ  ၀ ဒသမ ၇ ရာခိုင်နှုန်းတို့ဖော်ပြခံခဲ့ရသည်။

ထို့အပြင် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာအချို့သည် ရခိုင်ပြည်နယ်အခြေအနေနှင့် ရိုက်တာသတင်း ထောက် ၂ ဦး အမှုရင်ဆိုင်နေရခြင်းကိစ္စရပ်များတွင် အစိုးရဘက်မှအမြင်ကိုသာ တင်ပြခဲ့ကြပြီး ပြည်သူ လူထုအား ပိုမိုမျှတပြီး ဓမ္မဓိဋ္ဌာန်ကျသည့် သတင်းဖော်ပြချက်များ မတွေ့ရှိရကြောင်း Myanmar Institiue for Democracy အဖွဲ့၏ အစီရင်ခံ စာတွင် ထည့်သွင်းဖော်ပြထားသည်။

" နိုင်ငံပိုင်သတင်းစာတွေမှာ အဓိကကတော့ အစိုးရဘက်ကအမြင်သဘောထားကို ဦးစားပေးဖော်ပြတာပေါ့။ အပြင်ကနေပြီးတော့ အခြားရှုထောင့်ကနေ ဖော်ပြတာတော့ သိပ်မတွေ့ရဘူး။ ပုဂ္ဂလိက မီဒီယာတွေမှာတော့  အခြားရှုထောင့်ကနေ သတင်းလွတ်လပ်ခွင့်အရသော်လည်းကောင်း ဖော်ပြတဲ့ ဆောင်းပါးတွေ၊ သတင်းတင် ဆက်မှုတွေ ရိုက်တာသတင်းထောက် ၂ ယောက်ကိစ္စနဲ့ပတ်သက်ပြီး သူတို့မှာ ပိုပြီးတွေ့ရတယ်၊" ဟု Myanmar Institiue for Democracy အဖွဲ့၏ ဒါရိုက်တာ ဦးမျိုးမင်းဇော်က ပြောသည်။

အဆိုပါအစီရင်ခံစာတွင် မီဒီယာအများစုမှာ အစိုးရနှင့်ပတ်သက်၍ သတင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ  ဆဲဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းကာလနှင့်နှိုင်းယှဉ်ကြည့်ပါက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြမှုနည်းပါးလာသည်ဟုလည်း ဖော်ပြထားသည်။

MID အဖွဲ့သည် ၂၀၁၅ ရွေးကောက်ပွဲကာလများက စတင်ပြီး မြန်မာ့မီဒီယာများ၏ ရေးသားတင်ဆက် ပုံ အခြေအနေကို သုတေသနပြုစောင့်ကြည့်လေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။၂၀၁၇ ဒီဇင်ဘာ ၁၅ မှ ၂၀၁၈ မေလကုန်အထိ အစိုးရပိုင်သတင်းမီဒီယာလုပ်ငန်းများဖြစ်သည့် မြန်မာ့ ရုပ်မြင်သံကြား၊ မြဝတီ ရုပ်မြင် သံကြား၊ မြန်မာ့အသံရေဒီယို၊ မြန်မာ့အလင်းသတင်းစာတို့အပါအဝင် DVB ရုပ်သံ ၊ Up To Date (Sky Net) ၊ BBC (မြန်မာပိုင်း)၊ Eleven သတင်း စာ၊ The Voice သတင်းစာ၊ 7DAYS သတင်းစာ၊ Irrawaddy အွန်လိုင်းနှင့် မဇ္စျိမ အွန်လိုင်းမီဒီယာတို့ကို စောင့်ကြည့် လေ့လာကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

Mizzima Weekly