အဂတိလိုက်စားခဲ့သော အကောက်အခွန် အရာထမ်း၊ အမှုထမ်း ၁၃ဦးကို အမှုဖွင့်

By မျိုးထွန်းနိုင်
24 August 2018
အဂတိလိုက်စားခဲ့သော အကောက်အခွန် အရာထမ်း၊ အမှုထမ်း ၁၃ဦးကို အမှုဖွင့်

ရန်ကုန် ၊ သြဂုတ် ၂၄ ။           ။ မော်တော်ယာဉ်တင်သွင်းရာတွင် အဂတိလိုက်စားခဲ့သော အကောက်အခွန် အရာထမ်း၊အမှုထမ်း ၁၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

Delivery Van များအား ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော ယာဉ်များအား ဆိပ်ကမ်းပြင်ပသို့ထုတ်ယူခွင့်ရရှိရန်အတွက် Custom Agent မှတစ်ဆင့်ငွေပေးဆောင်ရခြင်းနှင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဆိပ်ကမ်းမှပစ္စည်းများ ထုတ်ယူရာတွင် Custom Agent မှတစ်ဆင့် ငွေေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်း ဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးခဲ့ရာ ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van မော်တော်ယာဉ်များ ထုတ်ယူရာတွင် Shinning Star Agency ၏ Agent ထံမှ EO အကောက်ခွန်ဝန်ထမ်း (၂)ဦးက ငွေကျပ် (၄၄)သိန်းကို လည်းကောင်း၊ Appraiser အကောက် ခွန်မှူး (၂)ဦးက ငွေကျပ် (၁၁)သိန်းကိုလည်းကောင်း၊ ဦးစီးအရာရှိက ငွေကျပ် (၁၁)သိန်းကိုလည်းကောင်း၊ Metal Seal တပ်ဆင်ပေးသည့် PC လက်ထောက်အကောက်ခွန်မှူးက ငွေကျပ် (၅၅ဝဝဝဝိ/-)ကို လည်းကောင်း လာဘ်ငွေများအဖြစ် ရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ထို့အပြင်ကြီး/ကော် မူဝါဒနှင့် ကိုက်ညီမှုမရှိသော Delivery Van ယာဉ်(၁၁)စီးအား MIPL ဆိပ်ကမ်းမှ ထုတ်ယူ ရာတွင် လင်းယုန် Agency ၏ Agent ထံမှ တစ်စီးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် EO ဒု-အကောက်ခွန်မှူး (၂)ဦးက ယာဉ်(၇)စီးအတွက် ငွေကျပ်သိန်း(၇၀)ကိုလည်းကောင်း၊ EO အကောက်ခွန်မှူးက ယာဉ်(၁)စီး အတွက် ငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ ဒု-အကောက်ခွန်မှူးက ယာဉ်(၃)စီးအတွက် ငွေကျပ် သိန်း(၃၀) ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်း တို့ကိုစစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ဝန်ထမ်းများသည် ရာထူးတာဝန်အရ ပေးအပ်ထားသောလုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ EO အကောက်ခွန်မှူး ဦးကျော်ခိုင်မင်း၊ ဒုတိယအကောက်ခွန်မှူး ဦးနေမင်းထက်၊ ထုတ်/သွင်း ဌာနခွဲမှ Appraiser အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ အကောက်ခွန်မှူး ဦးမျိုးဝေ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ လက်ထောက် အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်၊ ဒု-အကောက်ခွန်မှူး ဦးဇော်နိုင်ဦး၊ ဒု-အကောက်ခွန်မှူး ဦးစိုးမင်းသန်းနှင့် ဒု-အကောက်ခွန်မှူး ဦးသန်းထိုက်အောင်တို့အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ကြီး/ကော် မူဝါဒများနှင့် ကိုက်ညီမှုမရှိဘဲ တင်သွင်း လာသည့် Delivery Van ယာဉ်များကို ဆိပ်ကမ်းမှ ထုတ်ယူရာတွင် ဆိပ်ကမ်းတာဝန်ကျ ဝန်ထမ်းများက လာဘ်ငွေများ လက်ခံရယူခဲ့သည့် ဖြစ်စဉ်အတွက် ကွင်းဆင်း ကြီးကြပ်စစ်ဆေးခြင်း၊ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ မျက်ကွယ်ပြု၍ အဂတိလိုက်စားမှု ကျူးလွန်နိုင်ရန် ပူးပေါင်းကြံစည်ခြင်း (သို့မဟုတ်) အားပေး ကူညီခြင်းဖြစ်ခြင်းကြောင့် ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ MIPL ဆိပ်ကမ်းကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဦးစီးအရာရှိ ဦးမလန်ရှရွယ် တို့အပေါ် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေ မြို့မရဲစခန်းတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ သိရသည်။

       

 

Mizzima Weekly