NLD အစိုးရ ဖြူစင်သည်ဟု အာမခံနိုင်ပါက နောက်ကြောင်းပြန်အရေးမယူရ ပြဋ္ဌာန်းချက် ပယ်ဖျက်ရန် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ပြော

NLD အစိုးရ ဖြူစင်သည်ဟု အာမခံနိုင်ပါက နောက်ကြောင်းပြန်အရေးမယူရ ပြဋ္ဌာန်းချက် ပယ်ဖျက်ရန် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ပြော
အုတ်တွင်းမြို့နယ်တွင် ယနေ့ပြုလုပ်သော ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လူထုတွေ့ဆုံပွဲတွင် ဟောပြောနေသည့် ဦးသန်းဋ္ဌေး (ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ လက်ရှိ NLD ဦးဆောင်သည့် အစိုးရအနေဖြင့် မိမိတို့ လုပ်ရပ် ဖြူစင်သည်ဟု အာမခံနိုင်ပါက နောက်ကြောင်းပြန် အရေးမယူရဟူသည့် အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ပယ်ဖျက်နိုင်မလားဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဋ္ဌေးက မေးခွန်းထုတ်လိုက်သည်။

“အတိတ်က စစ်ဗိုလ်ဟောင်းတွေပဲ ပြောပြော၊ ပြည်ခိုင်ဖြိုးပါတီ အစိုးရလို့ပဲ ပြောပြော၊ ကျနော်တို့ကို ဘာလုပ်ပါတယ်။ ညာလုပ်ပါတယ်။ တိုင်းပြည်ရဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်ခဲ့ပါတယ်လို့ ပြောရင် ဒီနေ့ တာဝန်ရှိသူများကော ကျနော်တို့ကို သိက္ခာချနေတဲ့ နောက်ကြောင်းမပြန်ရဆိုတဲ့ ဥပဒေကို မိမိလက်ထက်မှာကော အဲ့ဒီဥပဒေကြီးကို ရုပ်သိမ်းလိုက်ဖို့ အစီအစဉ် ရှိပါသလား” ဟု အတိုက်အခံပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းဋ္ဌေးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နဝတ အစိုးရလက်ထက်မှသည် နအဖ အစိုးရလက်ထက်အထိ အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ ဆောင်ရွက်ချက်များအပေါ် နောက်ကြောင်းပြန် တရားစွဲ၊ အရေးယူခြင်း မရှိစေရဟူသည့် ပြဌာန်းချက်ကို ပယ်ဖျက်ရန် အစီအစဉ်ရှိ၊ မရှိ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် စက်တင်ဘာ ၂၈ရက်က ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ဦးသန်းဋ္ဌေးက မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်သည်။

“ကိုယ့်ကိုယ်ကို တာဝန်ယူတယ်ဆိုရင် ဘာဖြစ်လို့ သဲကြီးမဲကြီး ၅၉ စ (ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် ပိတ်ပင်ထားသည်ဟု လူအများယုံကြည်ထားသည့် ပုဒ်မ) ပဲ ပြင်ချင်တာလဲ။ ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်များအနေနဲ့ တို့ကာလမှာ နောက်ကြောင်းပြန် ဥပဒေ မရှိစေရဘူးဆိုပြီး ဖျက်လိုက်ပါလား” ဟု တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ယူခဲ့သူ ဦးသန်းဋ္ဌေးက ပြောကြားသည်။

အခြေခံဥပဒေပုဒ်မ ၄၄၅ တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ(နအဖ)တို့၏ မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကို လည်းကောင်း၊ နဝတ နှင့် နအဖ တို့၏ ဆောင်ရွက်ချက်များ တာဝန်နှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် အစိုးအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ” ဟူ၍ ပြဋ္ဌာန်းထားသည်။

“ဒီနေ့ ပြည်သူလူထုက အပ်နှင်းလိုက်တယ်ဆိုတဲ့ ဒီအုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတာဝန်တွေကို ကိုင်တွယ်ကျင့်သုံးနေသော ပုဂ္ဂိုလ်များ မိမိတို့ လုပ်တဲ့ အလုပ်သည် ရာနှုန်းပြည့် ဖြူစင်ပါတယ်လို့ အာမခံနိုင်ရဲ့လား” ဟုလည်း ဦးသန်းဋ္ဌေးက မေးခွန်းထုတ်ခဲ့သည်။

အာဏာရ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွှန့်ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် တစ်ယောက်နှင့် တစ်ယောက် လောင်းကြေးစားကြေးဖြင့် ပြင်လို့မရကြောင်းနှင့် NLD ဦးဆောင်သည့် အစိုးရအနေဖြင့် ရိုးသား၊ ဖြူစင်မှုကို အလုပ်နှင့်သာ သက်သေပြသွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။

“သူတို့ပြောတဲ့ တစ်ခုချင်းပေါ်မှာတော့ လိုက်ပြီး မတုံ့ပြန်ချင်ပါဘူး။ သူတို့ရဲ့ ပြောကြားချက်က သူ့ရဲ့ ထင်မြင်ချက်သာ ဖြစ်တယ်။ ကျနော်တို့ဟာ ရိုးသား၊ ဖြူစင်တယ်ဆိုတာကို ကျနော်တို့ ပြောတာ မဟုတ်ပါဘူးခင်ဗျ။ ပြည်သူတွေရဲ့ မှတ်ကျောက် တင်ဖို့ပါ။ အဲ့တော့ အဲ့ဒါကို ကျနော်တို့ အမွှန်းတင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရိုးသားမှုကို အလုပ်နဲ့ သက်သေပြပါမယ်” ဟု ဒေါက်တာမျိုးညွှန့်က မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု NLD အစိုးရအဖွဲ့ကိုယ်စား နိုုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက  ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အခြေနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် စက်တင်ဘာ ၁၉ရက်က ထည့်သွင်း ပြောကြားထားသည်။

NLD ၏ ၂၀၁၅ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် အဓိကပါဝင်ခဲ့သည့် ကတိကဝတ်များအနက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် လက်ရှိ NLD ပါတီ အာဏာရလာသည်မှာ ၂နှစ်ခွဲခန့် ရှိလာပြီဖြစ်သော်လည်း လက််တွေ့တွင် စိန်ခေါ်မှု၊ အကြပ်အတည်းများစွာနှင့် ရင်ဆိုင်နေရပြီး အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ခေါင်းဆောင်ဟောင်းများ၏ လုံခြုံရေးအတွက် အာမခံချက် ပေးထားကြောင်းနှင့် ဒီမိုကရေစီအပြောင်းအလဲဖြစ်ပေါ်စေရန် ထိုစဉ် တပ်မတော်ခေါင်းဆောင်များက အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ယူခဲ့သူ လက်ရှိ အထူးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းက ယခုလဆန်းပိုင်းက ဒီဗီဒီ ဒီဘိတ်အစီအစဉ်တွင် ပြောဆိုထားသည်။

 

Mizzima Weekly