နာဂဒေသတွင် ရောဂါဆက်ဖြစ်ပွားနေပါက နာဂလူမျိုးသရုပ်ဆောင် မာရီကိုးလ် သွားရောက်မည်

နာဂဒေသတွင် ရောဂါဆက်ဖြစ်ပွားနေပါက နာဂလူမျိုးသရုပ်ဆောင် မာရီကိုးလ် သွားရောက်မည်

မုံရွာ၊ ဩဂုတ် ၂၇ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း၌ ကျေးရွာများတွင် ကူးစက်ရောဂါတစ်မျိုးကြောင့် ကလေးငယ် တစ်ရာကျော်   ဆေးကုသမှုခံယူခဲ့ရပြီး ရောဂါများ ဆက်လက်ဖြစ်ပွားနေပါက နာဂဒေသ၏ ကျန်းမားရေးသံတမန် မော်ဒယ်သရုပ်ဆောင်လည်း ဖြစ်သော နာဂလူမျိုးလည်း ဖြစ်သော မာရီကိုးလ်က ရန်ကုန်မှ ဆရာဝန်ကြီးများနှင့် သွားရောက်ဆေးကုရန် စီစဉ်ထားကြောင်း မဇ္ဈိမသို့ ပြောသည်။

ဩဂုတ်လဆန်းပိုင်းက စတင်၍ နန်းယွန်းမြို့နယ် ဟဟောက်ကျေးရွာနှင့် ဝမ်နုတ်ကျေးရွာအတွင်း ၁၅ နှစ်အောက် ကလေးငယ် (၁၃၅)ဦး၊လူကြီး (၆)ဦး စုစုပေါင်း ၁၄၁ တို့တွင် ဖျားနာခြင်း၊မျက်စိနီခြင်း၊ခန္ဓာကိုယ်တွင် အစက်များထွက်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"စစချင်း သတင်းတွေ့တော့ လန့်သွားတယ်။ စိတ်လည်း မကောင်းဘူး။ ရောဂါဖြစ်တာ ပိုဆိုးလာတယ်လို့ ကြားတာနဲ့ ရန်ကုန်က ဆရာဝန်အဖွဲ့နဲ့လည်း သိတော့ ဆေးကုသွားဖို့တော့ စီစဉ်ထားပါတယ်။ နောက်က ၉ လပိုင်းကြရင်တော့ သွားဖို့စီစဉ်ထားပါတယ် ။အခုလောလောဆယ်ကတော့ ရောဂါဖြစ်ပွားမှုနှုန်း ပိုဆိုးလာတယ်ဆိုမှ သွားမှာပါ " ဟု မာရီကိုးလ် က ဆိုသည်။

ယခုလက်ရှိ နာဂဒသတွင် အမည်ပြောမပြနိုင်သေးသော ကူးစက်ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ရောဂါဖြစ်ပွားခဲ့သည့် (၁၄၁)ဦးအနက် (၄၉)ဦး ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး (၉၂) ဦးမှာ ဆေးကုသမှု ခံယူနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

နာဂဒေသတွင် ကူးစက်ရောဂါများ ပိုမိုဖြစ်ပွားရခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးခြင်း၊ ကလေးငယ်များတွင် အာဟာရချို့တဲ့ခြင်း၊ နေထိုင်မှုပုံစံများကြောင့် ကိုယ်ခံစွမ်းအားတွေနည်းခြင်းတို့ကြောင့် ပိုမိုဖြစ်ပွားခြင်းဖြစ်သည်။