အစိုးရအနေဖြင့် တပ်မတော်ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ပြည်ခိုင်ဖြိုး ထုတ်ပြန်

အစိုးရအနေဖြင့် တပ်မတော်ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ပြည်ခိုင်ဖြိုး ထုတ်ပြန်
Photo-EPA

ရန်ကုန်၊ သြဂုတ်လ ၂၉ ။          ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့ဘုတ်စ်ပေ့ခ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့ဘုတ်စ်ပေ့ခ်၊ မြဝတီ သတင်းပေ့ခ်အပါအဝင် အခြားပေ့ခ်နှင့် အကောင့်များအား Facebook မှ ဖြုတ်ချဖျက်သိမ်း လိုက်ခြင်းအတွက် အစိုးရအနေဖြင့် တပ်မတော်ဘက်မှ မားမားမတ်မတ်ရပ်တည်ရန် ပြည်ခိုင်ဖြိုးပါတီက ကြေညာချက် ထုတ်ပြန် ခဲ့သည်။

အမေရိကန်နိုင်ငံအခြေစိုက် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကုမ္ပဏီက ၎င်းတို့၏ အွန်လိုင်းစာမျက်နှာတွင် မြန်မာနိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို  သြဂုတ်လ ၂၇ ရက်နေ့မှစ၍ ဖယ်ရှားလိုက်ခြင်း သည် အပြီးအပိုင်ဖယ်ရှားလိုက်ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now အား ပြောကြားထားသည်။

“ခုလို ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တာ အပြီးအပိုင် ထာဝရ ပိတ်ပင်လိုက်တာပါ။ ဖေ့စ်ဘုတ်စ် ပေါ်မှာ သူ့ကို ဆက်လက်ရှိနေဖို့ ခွင့်မပြုတော့ပါဘူး”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Ruchika Budhraja က Myanmar Now ကိုပြောသည်။

သြဂုတ် ၂၇ တွင် ဖေ့စ်ဘုတ်စ်ကပိတ်ပင်သည်ဟု ကြေညာသည့်စာရင်းတွင် တပ်ချုပ်၏ ဖေ့စ်ဘွတ် စာမျက်နှာ အပြင်  တပ်မတော်ပိုင် မြဝတီသတင်းဌာနနှင့် ထိပ်တန်းတပ်မတော် အရာရှိကြီးများ၏ ဖေ့စ်ဘွတ်စာမျက်နှာများ လည်း ပါဝင်လျှက်ရှိသည်။

ထိုသို့ Facebook မှ ဖြုတ်ချဖျက်သိမ်းလိုက်သည့် ပေ့ခ် (Facebook Page)များနှင့် အကောင့် (Account) များမှာ အမုန်းတရားများ လှုံ့ဆော်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြုတ်ချဖျက်သိမ်းခံခဲ့ရသည်ဟု သိရှိရကြောင်း၊ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ အစိုးရအနေဖြင့် ဒီကိစ္စနှင့် ပတ်သက်၍ကြိုတင်သိရှိထားခြင်း မရှိကြောင်းနှင့် တစ်စုံတရာပတ်သက်ခြင်းမရှိကြောင်း ပြောကြား ခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံသားများ၏ အေးချမ်းသာယာရေးကို ဦးလည်မသုန် တာဝန် ကျေပွန်စွာထမ်းဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက်  အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်’ဟုလည်းကောင်း၊ ပုဒ်မ ၃၃၉ တွင် “နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေး အတွက် တပ်မတော်က ဦးဆောင်ရမည်”ဟုလည်းကောင်း တိတိကျကျ တာဝန်အပ်နှင်းခြင်း ခံရသည့် အချုပ် အခြာ အာဏာပိုင်နိုင်ငံတစ်ခု၏ အဓိက အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုး၏ ထုတ်ပြန်ကြေညာချက် တွင် ရေးသားဖော်ပြထားသည်။

အဆိုပါကြေညာချက်ကို  သြဂုတ်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားခြင်းဖြစ်ပြီး အချက် ၃ ချက် ပါဝင်ကြောင်း တွေ့ရသည်။

ယနေ့ ချိန်ခါသည် အမျိုးသားရင်ကြားစေ့ရေး စစ်ဘက်/ အရပ်ဘက် ဆက်ဆံရေး၊  တပ်မတော်နှင့် အစိုးရ ဆက်ဆံရေးအား စနစ်တကျတည်ဆောက်ပေးရန် လိုအပ်နေချိန်ဖြစ်၍ ယခုကဲ့သို့ နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော  ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုအား သီးသန့်ရွေးထုတ်တိုက်ခိုက်ခြင်းသည် နိုင်ငံ့မျှော်မှန်းချက်များအား များစွာထိခိုက်ပျက်စီး၍ ဆိုးကျိုးများဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

 

Mizzima Weekly