လူမကြည့်ဘဲ မဲပေးရန် NLD မှ စည်းရုံးသွားမည်ဟု ဒေါက်တာမျိုးညွန့်ဆို

လူမကြည့်ဘဲ မဲပေးရန် NLD မှ စည်းရုံးသွားမည်ဟု ဒေါက်တာမျိုးညွန့်ဆို
 ဓာတ်ပုံ - သူရ

ရန်ကုန် ၊ သြဂုတ် ၃၀ ။                          ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လူမကြည့်ဘဲ ဒီမိုကရေစီအပြောင်းအလဲအား စုစုစည်းစည်းဖော်ဆောင်နိုင်မည့် ပါတီမျိုးကို မဲပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စည်းရုံးသွားမည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

“လွတ်လပ်ရေးကာလမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပေါ့ ၊ လွတ်လပ်ရေး ရချင်ရင်တော့ လူမကြည့်ဘဲ ကိုယ့်ဒေသခံ ဆိုတာကို မကြည့်ဘဲ လိုချင်နေတဲ့ ဒီမိုကရေစီအပြောင်းအလဲ ဖက်ဒရယ်အပြောင်းအလဲကို စုစုစည်းစည်း ရနိုင်မယ့် မဲပေးမှုမျိုးကို ဖြစ်အောင် စဉ်းစားပြီး မဲပေးကြပါလို့ စည်းရုံးရမှာပေါ့ခင်ဗျ” ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားဒေသများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်က “ကျွန်တော်တို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့နိုင်ငံရေးပါတီ ဆိုပေမယ့် လူဆိုတာက ဒေသစွဲကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတိုင်းရင်းသားဒေသ တွေမှာ အောင်မြင်မှုနည်းပါးခဲ့တာကို သဘောပေါက်ပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ၌ ဥက္ကဌ အဖြစ် ဒေါက်တာမျိုးညွန့် ၊ အတွင်းရေးမှူး အဖြစ် ဦးသိန်းဦးတို့အား တာဝန်ပေးထားပြီး အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမေဝင်းမြင့် ၊ ဦးအင်ထုံးခါးနော်ဆမ် စသည့်သူများ ပါဝင်ဖွဲ့စည်းထားသည်။

NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအစည်းအဝေးအား စက်တင်ဘာ ၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါ အစည်းအဝေးတွင် အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ရည်ရွယ်ထားသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတတာဝန်ယူထားသည့် ဦးဝင်းမြင့်၏ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ အပါအဝင် ပြည်သူ့လွှတ်တော် ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရှိနေသည်။

ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ခုမှကိုယ်စားလှယ်လောင်း ၆၂ ဦး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၇  ဦး စုစုပေါင်း ၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီမှ နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဓိက အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Mizzima Weekly