ဆွာချောင်းနံဘေးရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများပြား

ဆွာချောင်းနံဘေးရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများပြား

ဆွာ၊ သြဂုတ် ၃၀ ။         ။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ ဆွာချောင်းနံဘေးရှိ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုကြောင့် လူ သေဆုံးတာတွေ၊ကျွဲ နွား စတဲ့ အိမ်မွေးတိရစ္ဆာန်သေဆုံးတာတွေ၊ နေအိမ်တွေ အများအပြား၊ ဆိုင်ကယ်၊ ကား၊ ထွန်စက်တွေ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဆည်ကျိုးကျခဲ့တဲ့အတွက် ဆွာချောင်းအတွင်း လူတစ်ရပ်နီးပါးရှိ လှိုင်းလုံးကြီးတွေနဲ့အတူ ချောင်းရေဟာ တဟုန်ထိုး ကျေးရွာတွေအတွင်း ရေဝင်ရောက်ခဲ့တဲ့အတွက် အသက်လုပြီး ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ရေတွေက အတင်းတက်လာတာ၊ အကုန်လုံး လန်ထွက်ကုန်တာ။ တော်တော်ပျက်စီးကုန်တယ်” လို့ ဆွာမင်းလမ်းကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးသံခဲက ပြောပါတယ်။

ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ ကြာအင်း၊ ဆွာမင်းလမ်း၊ ဆီဆုံကုန်း၊ မြောက်လွတ်ကုန်း၊ ရွှေသပြေ၊ တံတားကြီး၊ အေးသာယာနဲ့ ကညှင်အိုင်ကျေးရွာတွေဟာ ထိခိုက်မှုဆုံးရှုံးမှု အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဆွာမင်းလမ်း ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ နီးပါရှိကာ ကျေးရွာရဲ့ နေအိမ်ခြေတစ်ဝက်ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“တမံ ကျိုးတယ်ဟေ့ဆိုပြီးတော့ လူလုံးချည်း အရပြေးရတာ။ ကားလမ်းပေါ်ကနေ မြောက်ကို ဦးတည်ရာမဲ့ပြေးရတာ။ အခု ကျွန်တော် ရွာကို ပြန်ကြည့်လိုက်တော့ တစ်ချို့အိမ်တွေက လုံးလုံး မရှိတော့ဘူး။ တစ်ချို့အိမ်ကြတော့လည်း တစ်ပိုင်းပြတ်တွေ ဖြစ်ကုန်တယ်။

ကျွန်တော်တို့နေမှုထိုင်မှုလေးတွေ တအားအခက်အခဲ ဖြစ်နေပါတယ်” လို့ ဆွာမင်းလမ်းကျေးရွာမှ ဒေသခံ ဦးလှသိန်းက သြဂုတ်လ ၃၀ ရက်တွင် မဇ္ဈိမသို့ပြောပါတယ်။

လက်ရှိအချိန်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသလို ရေဘေးသင့် ပြည်သူတွေကို လာရောက်လှူ ပရဟိအဖွဲ့တွေ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။