"မြန်မာပြည်က ဟော့ပေါ့ချက်ရမယ်"

"မြန်မာပြည်က ဟော့ပေါ့ချက်ရမယ်"
မကြာသေးခင်ကကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ဝါရှောင်ကျောင်းတိုက်တွင် တွေ့ရသောဒေသတွင်း ငြိမ်းချမ်းရေးဦးဆောင် လှုပ်ရှားသူဆရာတော် ဦးဝိဇယ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျောင်းတိုက်မှ ဦးဝိဇယ သည် သာသနာ့ဘောင် မရောက်ခင်က ကချင်လက်နက်ကိုင်အဖွဲ့  (KIA) တွင် ခေါင်းဆောင်ဖြစ်လာမည့် သူတချို့နှင့် ရင်းနှီးသူဖြစ်သည်။

ယခုအခါ ဆရာတော်သည် ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဦးဆောင်လှုပ်ရှားနေပြီး KIA အပါအဝင်  အင်အားစုတချို့နှင့် တခါတရံတွေ့ဆုံညှိနှိုင်းလျက်ရှိသည်။

ဝါရှောင်ဆရာတော် ဦးဝိဇယသီတင်းသုံးရာ ကချင်ပြည်နယ်တွင်ကချင်၊ ရှမ်းနီဒေသခံတို့သည် ဒေသတွင်းဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတို့ကြောင့် မြေစာပင် ဖြစ်နေကြရပြီးအချင်းချင်းပဋိပက္ခ မဖြစ်စေရန်လည်း အများအပြားက ကြိုးပမ်းထိန်းသိမ်းနေကြသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး မကြာသေးခင်က ဦးဝိဇယနှင့် တွေ့ဆုံမေးမြန်းထားသည်များထဲမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကချင်ပြည်နယ်မှာ ကချင်နဲ့ ရှမ်းနီလူမျိုးစုတွေကြား ပြီးခဲ့တဲ့နှစ်တွေ အတွင်းအဆင်မပြေမှု ရှိခဲ့ပေမယ့် ပဋိပက္ခကြီးမဖြစ်အောင် ထိန်းထားနိုင်တာ ဘာကြောင့်လို့ထင်ပါသလဲ။

ရှမ်းတွေက ရိုးတယ်၊ နိုင်ငံရေးကို စိတ်လည်းမဝင်စားဘူး နားလည်းမလည်ဘူး၊ ကချင်ပြည်နယ်က ရှမ်းကိုပြောတာနော်။ အဲဒီတော့ သူတို့က အေးအေးဆေးဆေးပဲနေတယ်လေ။ သူတို့က"လယ်ရှိရင် ရှမ်းရှိတယ်" ဆိုသလို လယ်လုပ်မယ်၊ ကုသိုလ်ကောင်းမှုလုပ်မယ်၊ အဲဒီလောက်ပဲရှိတဲ့အတွက်ကြောင့်မိို့ု ပြဿနာကြီးကြီးမားမား မဖြစ်ဘူးပေါ့။

ရှမ်းနီတွေလည်းလက်နက်ကိုင်လာကြတော့  KIAနဲ့ ပစ်ခတ်၊ တိုက်ခိုက်ကြတာတွေပိုဖြစ်လာနိုင်ပါသလား။

ခြုံပြီးပြောရရင် အပစ်ရပ်မှကိုရမှာ။ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးပင်မဟာ ရခိုင်ပြည်မဟုတ်ဘူး။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရရင် ရခိုင်ငြိမ်းချမ်းရေး ရနိုင်တယ်။ အခုပြောတဲ့ ငြိမ်းချမ်းရေးဆိုတာက အပစ်ရပ်ရင်ကို ငြိမ်းချမ်းနေပြီ၊ ကျန်တာကတော့ နိုင်ငံရေးသဘောအရ သက်သက်ပေါ့နော်။ ကချင်ပြည်နယ်မှာ အပစ်ရပ်လိုက်တာနဲ့ ရခိုင်အရေးကိစ္စတွေမှာ တိုင်းရင်းသားအားလုံးပါလာမယ်လေ။ ညီညွတ်သွားမယ်။ ဒီဘက်မှာလည်းမြောက်ပိုင်းအဖွဲ့ထဲမှာ ‘ဝ’ အဖွဲ့နဲ့ KIA သွားပေါင်းတယ်ဆိုပေမဲ့လည်း ‘ဝ’ ဆိုတာကလည်း သူူတို့ဘာသူတို့ သူတို့ခံယူချက်နဲ့ နေတာလေ။ မြန်မာပြည်ကြီးကို ခြုံပြီးကြည့်တဲ့အနေအထားနဲ့ ရပ်တည်တာ မဟုတ်ဘူး။ ဘုန်းဘုန်းတို့ ကချင်ပြည်ကျတော့ KIA တို့၊ ရှမ်းနီတို့ဆိုတာက မြန်မာပြည်တစ်ပြည်လုံးကို ခြုံလွှမ်းပြီးတော့ ခံစားပြီးတော့ လုပ်နေကြတာ၊ အဲဒါလေးကွာတယ်။ အပစ်ရပ်မှ ပြဿနာထပ်မကြီးထွားမှာ၊ အချင်းချင်းထဲမှာလည်း ပြဿနာကိုလှည့်ပတ်ပြီး ရှာနေတဲ့သူတွေအတွက် အချိန်အများကြီးရသွားမယ်။ အခုကတပ်မတော်နဲ့ KIA နဲ့မှာတစ်ဘက်က မြင်တာ KIA လက်မှတ်မထိုးဘူးပေါ့။ ပြည်သူတွေကမြင်တာလည်း တစ်မျိုးပေါ့၊ ဘာကြောင့် လက်မှတ်မထိုးသလဲ၊ ဟိုဘက်ကလည်း အပစ်ရပ်ပါဆိုတာကို ဘာကြောင့်မို့လို့ မရပ်ပေးနိုင်တာလဲပေါ့။

ရှမ်းနီတွေ ပြည်သူ့စစ်ဖွဲ့ပြီး လက်နက်ကိုင်လာကြတာ နောက်ကွယ်က ပယောဂတွေပါတယ်လို့ တချို့ကယူဆတာကိုရော ဘယ်လို သုံးသပ်ချင်ပါသလဲ။

မြန်မာပြည်မှာလူတွေကို လက်နက်ပေးနိုင်တာ ဘယ်သူရှိလို့လဲ၊ ကိုယ့်ဟာကိုယ် တွေးကြည့်လို့ရပါတယ်။ ပြည်သူ့စစ်တွေက သေနတ်ကိုင်ရတဲ့အကြောင်းရင်းကလည်း သူတို့ကို မှားတယ်လို့ပြောလို့မရဘူး။ သူတို့ ရင်ကွဲမတတ် ခံစားထားရတာ။ အသုံးချခံရတာက တစ်ကဏ္ဍ။ ခံစားချက်ရှိတဲ့သူကို အမြတ်ထုတ်၊  အသုံးချတဲ့သူတွေက မြန်မာပြည်မှာပေါမှ ပေါပဲလေ။ သူတို့ခံစားချက်ကဘာလဲ၊ KIA က ငါတို့ကို အခွန်ဆောင်ခိုင်းတယ်၊ (တပ်သားသစ်) စုဆောင်းတယ်၊ မတရားလုပ်တယ်၊ ဒီခံစားချက်နဲ့တစ်ခုနဲ့ တည်လိုက်တော့ နိုင်ငံရေးအမြတ်ထုတ်တဲ့သူတွေ၊ အာဏာတပ်မက်တဲ့သူတွေ ခဏလေးတည်ပေးလိုက်တော့ ပြည်သူ့စစ်တွေပေါ်လာတယ်ဆိုတာ သူတို့ပြောတာမှန်တယ်။ အရင်တုန်းက ဒီလိုလက်နက်မကိုင်တဲ့ အတွက်ကြောင့် ခံလိုက်ရတယ်ပေါ့၊ နှစ်ပေါင်းလေးငါးဆယ်၊ နည်းနည်းနောနော မဟုတ်ဘူး။ သေသွား၊ ဆုံးသွားတာတွေလည်း အများကြီးရှိတာ။ ရှိတော့ လက်နက်ပံ့ပိုးပေးတယ်ဆိုတာက သူတို့ပိုအားရှိတာပေါ့။

ဆရာတော်နဲ့ KIA ခေါင်းဆောင်ပိုင်းတချို့တွေ့တော့ သူတို့ကရှမ်းနီတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဆောင်ပေးမယ်လို့ ပြောပါသလဲ။

ကရင်တွေ KNU တွေ ငြိမ်းချမ်းရေးကာလပြန်ဝင်လာတဲ့အခါမှာ ကရင်ပြည်သူလူထုနဲ့ တွေ့ပြီးတော့ ကျွန်တော်တို့ပြည်သူတွေအပေါ်မှာ မှားသွားမိပါတယ်၊ အဲဒီမှားတာတွေကို ခွင့်လွှတ်ပေးပါဆိုပြီးလုပ်တယ်။ အဲဒီလိုပဲတွန်းတိုက်မိသွားတယ်ဆိုရင် ဘာကြောင့်တိုက်မိသွားတာလဲဆိုတာကို ပြန်လာပြောဖို့လိုမယ်ဆိုတော့ "ကောင်းပြီ … ဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲ" ဆိုပြီးမေးတယ်။ ပြီးတော့ ပြည်သူ့စစ်နဲ့ပတ်သက်ပြီး လည်းသူတို့ကရှင်းပြတယ်။ သူတို့ကဒါကိုသေချာကိုနားထောင်ပြီးတော့ သူတို့ထဲကကော်မတီဝင်ကလည်း ဒါကိုပြောပါတယ်။ ကျွန်တော်တို့ ရှမ်းနဲ့ ကချင်က တကယ့််ညီအစ်ကိုလို နေလာတဲ့အကြောင်း၊ အခုမှ ဒီလိုဖြစ်တယ်၊ ကွွျွန်တော်တို့ လယ်လုပ်တာတောင်မှ ရှမ်းတွေဆီကသင်ခဲ့ရတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကချင်တွေကအရမ်းဒေါသကြီးတယ်တဲ့၊ အဲဒါကြောင့် ရှမ်းတွေရဲ့ အကြောင်းကိုများများသိဖို့လုပ်ရဦးမယ်တဲ့။ ဒီလိုတွေ့ဆုံပေးပြီး ပြောမှလည်း အထက်ကသိတာပေါ့။ အဲဒီတော့ဘုန်းဘုန်းသူတို့ကိုုပြောခဲ့တယ်၊ ဝန်းသိုဆရာတော်ကြီးကိုသွားဦးတိုက်ဖို့ပေါ့။ တာလောကြီးကျောင်းကိုပစ်ထားတဲ့အတွက် ဆရာတော်ကြီးက သူတို့ကို စိတ်ဆိုးနေတယ်။ သူတို့ကလည်းပြောပါတယ်၊ အဲဒါကိုလည်းအရေးယူပြီးပြီပေါ့။ ဆရာတော်ကြီးတွေနဲ့ ပြည်သူတွေကိုလည်းတွန်းသွား၊ တိုက်သွားမိတာအတွက် မေတ္တာနဲ့ သည်းခံခွင့်လွှတ်ပေးဖို့ကို ချစ်ကြည်ရေး မနောပွဲတစ်ပွဲလုပ်ဖို့ပြောထားတယ်၊ ဒါလည်းသူတို့လက်ခံတယ်၊ သေချာမှတ်ထားတယ်။ နောက်တစ်ခုကတော့ (တပ်သားသစ်) စုဆောင်းရေးနဲ့ မိုင်းထောင်တဲ့ကိစ္စကိုမလုပ်ဖို့၊ ရှမ်းတွေအဖမ်းခံရတဲ့အခါ ပြန်လွှတ်ပေးဖို့ပြောပေးနေတာပဲ။ အခုဆိုအယောက် ၅ဝဝန်းကျင်လောက်တောင်ရှိပြီ။ ဒါပေမဲ့ သူတို့ကလည်းဘုန်းဘုန်းကိုကြောက်လို့လွှတ်ပေးတာမဟုတ်ဘူး၊သူတို့ကအရင်ကတည်းကအနုပညာနဲ့ ပတ်သက်ပြီးခင်မင်ရင်းနှီးခဲ့တဲ့မိတ်ဆွေတွေဖြစ်တော့ ဘုန်းဘုန်းတို့ငြိမ်းချမ်းအောင်လုပ်လား၊ မလုပ်လားသူတို့သိတယ်လေ။ သူတို့ကိုယ်တိုင်လည်းငြိမ်းချမ်းချင်တော့ သူတို့လည်း ကြိုးစားနေပါတယ်။ ရှမ်းနီတွေဘက်ကလည်း နှစ်ပေါင်းများစွာခံလာခဲ့ရတယ်ဆိုတော့ ချက်ခြင်းကြီးမယုံရဲသေးတာဖြစ်နေတာပေါ့။

တည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက်  နှစ်ဖက်အဖွဲ့အစည်းကိုဘာများမိန့်ကြားချင်ပါသလဲ။

ရှမ်းတွေဘက်ကလည်းခံစားခဲ့ရတာတော့ မှန်တယ်။ ဒါပေမဲ့ ခံစားသူအကြိုက်သွားနေရင်တော့ မငြိမ်းချမ်းနိုင်ဘူးလေ။  KIA ကိုအမြစ်ပြတ်တိုက်လို့ရော ငြိမ်းချမ်းသွားမှာလား။ရှမ်းတွေကလည်း  ပြည်သူ့စစ်လိုမျိုးပေါ့ လက်နက်ကိုင်ပြီးကာကွယ်ရေးနဲ့ ကလဲ့စားချေရေးနဲ့ မကွဲပြားပြန်ဘူးဆိုရင်လည်း ငြိမ်းချမ်းပါ့မလား။ ကချင်ဒုက္ခသည်စခန်းမှာရှိတဲ့ ကချင်ကလေးအများကြီးဟာတချိန်ကျရင် ကချင်စစ်သားမဖြစ်ဘူးလို့ပြောနိုင်သလား။ အဲဒီအချိန်မှာပဲမွေးလာတဲ့ ရှမ်းကလေးတွေအများကြီးကလည်း ကချင်မုန်းတီးရေးအား ပိုမကြီးလာနိုင်ဘူးလား၊ အဲဒါကိုစဉ်းစားရမှာ။ စည်းလုံးခြင်းသည် အင်အားဆိုရင် မစည်းလုံးခြင်းသည် ဆုံးရှုံး၊ ပျက်စီးခြင်းတရားပဲဖြစ်တာပေါ့။နှစ်ဘက်များများတွေ့ဆုံရမယ်။ စကားများများပြောရမယ်။ ကချင်ပြည်နယ်ရဲ့အလှကရှမ်းနဲ့ ကချင်တွေရဲ့လက်ထဲမှာပဲရှိတယ်။ ညီညွတ်ကြမယ်ဆိုရင်တော့ ကချင်ပြည်နယ်ငြိမ်းချမ်းလိမ့်မယ်။

ဖြည့်စွက်မိန့်ကြားချင်တာများရှိပါသေးလား။

မြန်မာပြည်ကြီးကပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးဖြစ်နေတယ်။ စစ်တပ်ကလည်းစစ်တပ်အတွက်ပဲ မကြည့်ပါနဲ့၊ တိုင်းပြည်နဲ့ပြည်သူကိုကြည့်သော စစ်တပ်ဖြစ်ရမယ်။  အစိုးရကလည်း အစိုးရအတွက်ပဲ မကြည့်ပါနဲ့၊ ပြည်သူနှင့်အတူဆိုတာမျိုး မဟုတ်ဘဲ ပြည်သူ့နဲ့အတူဝင်စားပေးမှရမယ်။ ငြိမ်းချမ်းရေး စကားဝိုင်းတွေကို ပခုက္ကူမှာလုပ်တယ်၊ ကချင်မှာလည်းလုပ်လို့ရတယ်။ အဲ့ဒါတွေက လုံးဝကောင်းမယ်၊ လုံးဝအဖြေပေါ်လိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တိုင်းရင်းသားတစ်ခုတည်းအတွက် မကြည့်ပါနဲ့၊ သူများကို လူမျိုးကြီးဝါဒလို့ပြောရင် တိုင်းရင်းသားတွေကလည်း လူမျိုးစွဲဝါဒမရှိဖို့လိုမယ်။ ဘာသာရေး ခေါင်းဆောင်တွေကလည်း ဘာသာရေးအတွက်ပဲ မကြည့်ပါနဲ့၊ ဘာသာရေးဆိုတာ နူးညံ့သိမ်မွေ့နေရမယ့် ကိစ္စဖြစ်တယ်၊ အရိုင်းစိတ်တွေကို ဘာသာရေးမျက်နှာဖုံးမစွပ်ပါနဲ့၊ ငါ့လူမျိုး ငါ့ဘာသာဆိုပြီး သွားမယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ပြည်သူတွေကလည်း ပြည်သူအတွက်ပဲမကြည့်ပါနဲ့၊ အစိုးရဘာလိုနေလဲ၊ ပြည်သူတွေက ဝိုင်းဝန်းပြီးကူညီပေးမှ ရမှာ။ အဲ့ဒီတော့မြန်မာပြည်ကဟော့ ပေါ့ချက်ရမယ်။ ဟော့ပေါ့ဘာကြောင့်ကောင်းတာလဲ၊ အစုံပါတယ်လေ။ ဟော့ပေါ့မချက်ခင် ပိန်းဥ၊ မုံညှင်း၊ ကြက်သားဆိုပြီးရှိမယ်။ အဲ့ဒါကိုပိန်းဥကလည်း ပိန်းဥမာန၊ မုန်ညှင်းကလည်း မုန်ညှင်းမာန ကြက်သားကလည်း မင်းတို့ကတောင်ဒီလောက်မာနကြီး သေးရင်ကွာငါကလည်း မာနကြီးတယ်ကွာ ဖြစ်နေတာ မဟုတ်လား။  ကောင်းတာတွေ၊ မှန်တာတွေလုပ်တဲ့နေရာမှာ ကိုယ့်ဘက်ကပဲ မှန်နေကောင်းနေရုံနဲ့ အားလုံးကောင်းနိုင်၊ မှန်နိုင်မှာမဟုတ်ပါဘူး။ မကောင်းနိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း သည်းခံပြီးလက်တွဲနိုင်ရမယ်။ အခုကကိုယ့်အတ္တ နာတာရှည်ရောဂါစွဲကပ်နေတာ။ ဟော့ပေါ့ ချက်ဖို့လိုပါမယ်။ ။

Mizzima Weekly