"MLM လုပ်ငန်းကိုလုပ်တယ်ဆိုတာနဲ့ အရေးယူလို့ရသွားပြီ"

"MLM လုပ်ငန်းကိုလုပ်တယ်ဆိုတာနဲ့ အရေးယူလို့ရသွားပြီ"
ဆင့်ပွားစျေးကွက်ကုမ္ပဏီတချို့၏လုပ်ငန်းရပ်ဆိုင်းကြောင်းကြေညာချက်များ

ဆင့်ပွားစျေးကွက်လုပ်ငန်း (Multi Level Marketing - MLM)လုပ်ကိုင်ခြင်းကိုတားမြစ်ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကစက်တင်ဘာ ၁၈ တွင် ကြေညာသည်။

နိုင်ငံအနှံ့အပြားရှိနေသောထိုလုပ်ငန်းကိုအရေးယူ၊ တားမြစ်လိုက်ခြင်းနှင့် ပတ်သက်ပြီးဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောပြထားသည်။

မေး -   ဘယ်လိုလုပ်ငန်းမျိုးတွေကို MLM လို့သတ်မှတ်ပါသလဲ။

ဖြေ - MLM ဆိုတာဆင့်ပွားစျေးကွက်ရောင်းချခြင်းလုပ်ငန်းပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်မှာလည်းဆွေးနွေးကြတယ်၊ထိခိုက်မှုတွေရှိလို့လည်းဆွေးနွေးကြတာပေါ့။ တစ်ဖက်ကလွှတ်တော်မှာဆွေးနွေးသလိုတစ်ဖက်ကလည်း ပြည်ထဲရေးဝန်ကြီးဌာနကဒီ MLM လုပ်ငန်းတွေကိုအရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တယ်။ သို့သော်လည်း MLM နဲ့ ပတ်သက်ပြီးဥပဒေမရှိဘူး။ မရှိတဲ့အခါကျတော့ သူတို့ကိုတခြားဌာနဆိုင်ရာတွေကသက်ဆိုင်တဲ့ ဥပဒေတွေနဲ့ပဲကုမ္ပဏီတော်တော်များများကိုအရေးယူခဲ့တယ်။ FDA ဆိုရင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးထောက်ခံချက်မရှိဘဲရောင်းချတဲ့ကိစ္စမျိုးတွေနဲ့ ဥပဒေအရအရေးယူခဲ့တယ်။

စီးပွားကူးသန်းဆိုရင်လည်း ထုတ်ကုန်သွင်းကုန်ဥပဒေအရ လိုင်စင်လျှောက်ထားရမယ့်ပစ္စည်းတွေကို လိုင်စင်မလျှောက်ဘဲနဲ့ တရားမဝင်တင်သွင်းတာနဲ့ပတ်သက်ပြီးတော့ အရေးယူခဲ့တယ်။ တစ်ဖက်ကလည်းဥပဒေနဲ့ အရေးယူနိုင်ဖို့ တခြားနိုင်ငံတွေကိုလေ့လာတဲ့အခါကျတော့ ထိုင်းမှာဆိုရင် DirectSale and Direct Marketing Act ဆိုပြီးထုတ်ပြန်ခဲ့တယ်။ မလေးရှားမှာဆိုရင်လည်း Direct Sale and anti Pyramid Actဆိုိပြီးထုတ်ပြန်ထားတယ်။ ဆိုလိုချင်တာကပိရမစ်ပုံစံရောင်းချခြင်းကိုခွင့်မပြုထားဘူး။ ဒါကြောင့်လက်ရှိကအရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရပေါ့၊ အမိန့်တွေကို ထုတ်ပြန်ဆောင်ရွက်နိုင်ဖို့အတွက်ကိုစီးပွားရေးနှင့် ကူူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အခွင့်အာဏာအပ်နှင်းခဲ့တာပေါ့။ အဲဒီအခွင့်အာဏာအရ MLM လုပ်ငန်းကိုတားမြစ်ခဲ့တာ။ ဒီစျေးရောင်းချခြင်းကိစ္စကိုတားမြစ်သလိုတစ်ဖက်ကလည်း ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့  Direct Sale Law ဆိုတာကိုပြဋ္ဌာန်းဖို့ပြင်ဆင်နေတယ်။ ဌာနမှာရှိတဲ့ ဥပဒေပညာရှင်တွေရှိတယ်၊ မဟာဘွဲ့ရတွေ၊ ဒေါက်တာတွေရှိတယ်၊သူတို့နဲ့ ဌာနတွင်းပြင်ဆင်မယ်။ ဆက်လက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ဆွေးနွေးတာတို့၊ရှေ့နေချုပ်တို့နဲ့ ညှိနှိုင်းတာတို့ ဒါတွေကတော့ ဆက်ပြီးဆောင်ရွက်သွားမှာပါ။ လက်ရှိမှာတော့ MLM ဆိုတဲ့ ဆင့်ပွားစျေးကွက်ရောင်းချခြင်းလုပ်ငန်းကိုလုံးဝတားမြစ်ထားပါတယ်။

မေး - MLM ကြောင့်နစ်နာခဲ့တဲ့သူတွေကဒီလုပ်ငန်းတွေ လက်တစ်လုံးခြား လုပ်မှာကို စိုးရိ်မ်နေတယ်ဆိုပြီး ပြောကြတယ်။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သေချာစာရင်းပြုစုထားပါသလား။

ဖြေ - ပြည်ထဲရေးက စာရင်းလုပ်ထားတာရှိတယ်။ လုပ်ငန်းပေါင်း ရဝကျော်ရှိတယ်။ ကျွန်တော်တို့ဆီမှာလည်းစာရင်းရှိတယ်။ အဲဒီအထဲမှာပဲ ကျွန်တော်တို့အရေးယူထားတဲ့ကုမ္ပဏီတွေရှိတယ်။ နောက်တစ်ခုက ပြည်တွင်းအခွန်ကအရေးယူထားတဲ့ကုမ္ပဏီတွေရှိတယ်။ FDA က ဆိုရင်လည်းအစားအသောက်နဲ့ ဆေးဝါးတွေကိုသူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲတင်သွင်းလာတဲ့အတွက်ကြောင့်မို့လို့်် သူတို့ဥပဒေအရအရေးယူထားတာ။  အဲဒီကုမ္ပဏီတွေကနာမည်ပြောင်းပြီးလုပ်မယ်ဆိုရင်လည်းနာမည်ပဲပြောင်းလို့ရမယ်။ MLM လုပ်ငန်းကိုလုပ်တယ်ဆိုတာနဲ့ အရေးယူလို့ရသွားပြီ။ ကုမ္ပဏီကိုအရေးယူတာမဟုတ်ဘူး MLM လုပ်ငန်းကိုအရေးယူတာ၊ တားမြစ်တာ။MLM ဆိုတာကလည်းပိရမစ်ပုံစံစျေးကွက်ရောင်းချတာပေါ့။ ဆင့်ပွားဆင့်ပွားရောင်းချတာပေါ့။ တစ်ယောက်တည်းကနေအများကြီးသွားပြီးရောင်းချတဲ့ဟာမျိုးပေါ့။ Directed Sale မှာဥပဒေအရသတ်မှတ်ထားတာရှိတယ်။ ဘယ်နှစ်ဆင့်အထိရောင်းချခွင့်ရှိတယ်ဆိုတာမျိုးပေါ့။ MLM ဖြစ်သွားမှာကိုဥပဒေအရထိန်းကျောင်းလိုက်တာမျိုးပေါ့။ အဲဒီတော့ ဥပဒေအရ ပြဋ္ဌာန်းဖို့လုပ်နေတယ်။ တစ်ဖက်ကလည်းဖောက်ဖျက်ရင်အရေးယူဖို့လုပ်နေတယ်။

မေး -စနစ်သာပြောင်းမယ်ဆိုရင် လက်ရှိလုပ်နေတဲ့ကုမ္ပဏီတွေကိုအရေးမယူဘူးလို့ဆိုလိုတာလား။

ဖြေ -  MLM စနစ်လုပ်ထားရင်တော့ အရေးယူမှာပဲ။ ဆေးရောင်းတဲ့သူတွေဆိုရင် နို်င်ငံခြားကနေဆေးတင်သွင်းလာပြီးတော့ လက်ကားရောင်းတယ်၊ လက်လီရောင်းတယ်၊အဲဒါက Directed Sale လေ။ သူရောင်းဖို့အတွက်ကိုသူကုမ္ပဏီမှတ်ပုံတင်ပြီးရောင်းတာကဘာမှသွားပြောလို့မရဘူး။ သို့သော်လည်း နိုင်ငံခြားကဆေးတွေဖြစ်တဲ့အတွက် ဆေးတွေတင်သွင်းလာရင် FDA မှာအစစ်ဆေးခံရမယ်။ FDA ထောက်ခံချက်မပါဘဲနဲ့ အဲဒီဆေးတွေတင်သွင်းလို့မရဘူး။ သတ်မှတ်တဲ့ ဥပဒေအတိုင်းလုပ်မယ်ဆိုရင်တော့ ကျွန်တော််တို့ကဘာမှပြောမစရာမရှိဘူး။ ဖောက်ဖျက်မယ်ဆိုရင်တော့ အရေးယူရမှာပဲ။ အဓိကကစနစ်ကိုုအရေးယူတာ။

မေး - ဥပဒေအရဘာတွေ ဆက်လုပ်မလဲ။

ဖြေ - ကျွန်တော်တို့ဘက်ကလည်းတစ်ဖက်ကတားမြစ်ထားသလို၊ တစ်ဖက်ကလည်းဥပဒေရေးဆွဲနိုင်ဖို့အတွက်ကိုပြင်ဆင်နေပါတယ်။ တားမြစ်လိုက်ပြီးလုံးဝမလုပ်ရဘူးဆိုတာမျိုးလည်းမဟုတ်ပါဘူး၊ ဒါကိုဥပဒေအရခွင့်ပြုနိုင််ဖို့ နိုင်ငံတကာမှာသုံးနေတဲ့ ပုံစံတွေပေါ့၊ဘယ်လိုခွင့်ပြုနိုင်မလဲပေါ့လေ။ဘယ်လိုခေါ်မလဲ…. လက်ကားဆိုင်ကြီးကပစ္စည်းတွေကိုအကြွေးနဲ့ယူလိုက်တယ်၊ လိုက်ရောင်းတယ်၊ရောင်းပြီးရင်ပိုက်ဆံပြန်အပ်တယ်၊ အမြတ်ယူတယ်ပေါ့၊ ဒီလိုလုပ်ငန်းတွေလည်းရှိတယ်။ ဒါကဥပဒေအရဆောင်ရွက်လို့ရတဲ့လုပ်ငန်းတွေပေါ့။ ဥပဒေအရဆောင်ရွက်လို့ရအောင် ကျွန်တော်တို့ဘက်ကဥပဒေကို ပြင်ဆင်နေပြီပေါ့။ သို့သော်လည်းဆင့်ပွားစျေးကွက်ဖြစ်တဲ့ MLM ကိုတော့ တားမြစ်ထားတယ်။

Mizzima Weekly