အမေရိကန်-မြန်မာ ဆက်ဆံရေးကို လေ့လာကြည့်ခြင်း

အမေရိကန်-မြန်မာ ဆက်ဆံရေးကို လေ့လာကြည့်ခြင်း

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလအတွင်း လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ အမေရိကန် သံအမတ်ကြီး စကော့ မာစီရယ် ဆွေးနွေးပြောကြားခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေးနှင့်ပတ်သက်၍ ပြောရမည်ဆိုပါက မြန်မာနိုင်ငံအတွက် ခက်ခဲသည့် အချိန်ကာလများ ရှိနေသည် ဆိုသည့်အပေါ် သံသယရှိစရာ လိုမည် မဟုတ်ပေ။ ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က မဇ္ဈိမတီဗီမှ ဦးမျိုးသန့်နှင့်တွေ့ဆုံပြီး အမေရိကန်နှင့် မြန်မာအကြား ကာလကြာ ရှိထားခဲ့သည့် ဆက်ဆံရေး၊ မကြာသေးမီကာလက အမေရိကန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြားက ဆက်ဆံရေး၊ ရခိုင် ဖြစ်စဉ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့်ဆက်ဆံရေး နှင့် နိုင်ငံတွင် သတင်းမီဒီယာတို့ ဖိအား ကြုံတွေ့နေရမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသွားခဲ့သည်။

မေး။ ။ နိုင်ငံတကာ ဒီမိုကရေစီနေ့လည်း ကျရောက်ပြီ ဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်အပေါ်မှာ သံအမတ်ကြီးရဲ့ အမြင်လေး သိပါရစေ၊ ဒီ ဖြစ်စဉ်မှာ တိုးတက်မှုတွေ ရှိနေသလား ဒါမှမဟုတ် ကျရှုံးမှုတွေကို သံအမတ်ကြီး တွေ့နေရပါသလား။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတဲ့ စိတ်ဆန္ဒတွေအပေါ် ယခင်ကာလကြာကတည်းက အခိုင်အမာ ထောက်ခံအားပေးလာခဲ့တယ်ဆိုတာ ခင်ဗျားလည်း သိထားပြီးသား ဖြစ်မှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုးတက်မှုတွေ ဖြစ်ပေါ်ရရှိထားတဲ့အတွက်လည်း ကျွန်တော်တို့ အင်မတန် ဝမ်းသာရပါတယ်။ ဒါပေမယ့် ကျွန်တော် ထင်တာကလေ၊ ကျွန်တော့်မိတ်ဆွေတွေဆီက ပြန်ကြားရတာက မြန်မာနိုင်ငံဟာ အင်မတန်ခက်ခဲတဲ့ ကာလတစ်ခု၊ နောက်ပြီး တကယ့်ကို စိန်ခေါ်မှုတွေ ပြည့်နေတဲ့ ကာလတစ်ခုထဲမှာ ရောက်နေတယ်ဆိုတာပါ။ ပြီးတော့ ဒါက အရမ်းကို အရေးကြီးတဲ့  ကာလတစ်ခုလည်း ဖြစ်ပါတယ်။ မကြာမီရောက်လာတော့မယ့် လတွေ၊ နှစ်တွေမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ ကျွန်တော့်အမြင်ကတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဘယ်လောက် အောင်မြင်သလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့၊ သိရဖို့က ခရီးဝေးတစ်ခု ဆက်သွားရဦးမယ်လို့ ထင်ပါတယ်။

မေး။ ။ မြန်မာအစိုးရ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ရော ဘယ်လို မြင်မိပါသလဲခင်ဗျ၊ နောက်ပြီး ဒီအသွင်ကူးပြောင်းမှုမှာ အခက်ကြုံနေတာက ဘာကြောင့်လို့ ထင်ပါသလဲ၊ ဒီဟာက အရပ်ဘက်အစိုးရအဖွဲ့မှာ အရေးပါတဲ့ နေရာတစ်ခုကနေ စစ်တပ်က ဆက်ပါနေနိုင်စေအောင်လို့ ဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တစ်စိတ်တစ်ဒေသများ ဆိုင်နေပါသလား။

ဖြေ။ ။ ကောင်းပါပြီ၊ ကျွန်တော်ထင်ပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီ  အသွင်ကူးပြောင်းမှုတွေက ဘယ်တုန်းကမှ လွယ်လွယ်ကူကူနဲ့တော့ မအောင်မြင်နိုင်ဘူး။ အဲဒီအတွက် အမြဲ အချိန်ယူရပါတယ်။ ကျွန်တော်ထင်ပါတယ်၊ ဒီ အစိုးရ ခုလို စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့နေရတာက ဘာလို့လဲ ဆိုတော့ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ သမိုင်းတစ်ခု ကြောင့်၊ နောက်ပြီး နိုင်ငံတကာနဲ့ အဆက်ပြတ်ကင်းကွာနေခဲ့တာကြောင့်၊ နောက်ပြီး အစိုးရပါတီကလည်း တကယ်တမ်း အရင်တုန်းက အတွေ့အကြုံတွေ သိပ်မရှိခဲ့လို့ ။ ဒါတွေကြောင့် ဖြစ်တာလို့ ထင်ပါတယ်။  ဒါကြောင့် ခုချိန်မှာ ခက်ခဲနေတယ်ဆိုတာကတော့ သိပ်ပြီး အ့ံသြစရာ မရှိပါဘူး။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ဟာ ထင်မထားတဲ့ ဖြစ်စဉ်တစ်ချို့ကို မြင်တွေ့ခဲ့ရတယ်။ ရခိုင်ပြည်နယ်က အကျပ်အတည်းကိစ္စပေါ့။ အကြမ်းဖက်မှုတွေ၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာတွေ စတာတွေ ရှိခဲ့ပါတယ်။ နောက်ပြီး စစ်တပ်နဲ့ ပတ်သက်ပြီးလည်း စိန်ခေါ်မှုတွေ ရှိနေတာကို ကျွန်တော်တို့ တွေ့ရတယ်။ ဘာလို့ ဆိုတော့ ကျွန်တော်တို့ဟာ အပြည့်အဝ ဒီမိုကရေစီ စံနဲ့ တကယ်တမ်း မကိုက်ညီဘူးလို့ ပွင့်ပွင့်လင်းလင်း ဆိုရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနဲ့ ဆက်ပြီး ပတ်သက်နေရဆဲ ဖြစ်လို့ပါ။ ဒါကြောင့် ခင်ဗျားတို့မှာ အဲဒီ စိန်ခေါ်မှု ရှိနေပါတယ်။

နောက်ပြီး မနှစ်ကဆိုရင် ကျွန်တော်တို့ တွေ့မြင်ခဲ့တဲ့အထဲမှာ ခင်ဗျားတို့သိတဲ့အတိုင်း မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့၊ နောက်ပြီး လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ အဲဒါတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာ ဖြစ်စဉ်ကိစ္စ တစ်ချို့ တွေ့ခဲ့ရပါတယ်။ ဒီ လိုကိစ္စတွေကတော့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေ ပြန်ပြောတာက ဒါတွေက အင်မတန် စိုးရိမ်စရာ ကောင်းနေတယ်ဆိုတာပါပဲ။

မေး။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောပြပေးနိုင်မလား။

ဖြေ။ ။ ဟုတ်ကဲ့။ သေချာတာကတော့ ဒီ ဖွဲ့စည်းပုံက နိုင်ငံမှာ ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ပြီး သိပ်မကြာသေးခင်မှာပဲ ၂၀၀၈ မှာ ရေးဆွဲ အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ ပြီးတော့ ဒီဖွဲ့စည်းပုံဟာ ဒီမိုကရေစီနဲ့ တကယ်လည်း မကိုက်ညီ၊ မအပ်စပ်ဘူး၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သားအစိုးရအာဏာပိုင်တွေအပေါ် တာဝန်ခံခြင်း မရှိဘူး၊ နောက်ပြီး စစ်တပ်ဆိုရင် ပါလီမန်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ဝင်ယူခွင့် ရထားတယ် ဆိုတော့ ဒီဖွဲ့စည်းပုံက ဒီမိုကရေစီနဲ့ မကိုက်ညီဘူးဆိုတာကို လူအများစုက အလျင်အမြန် စိုးရိမ်ပြီး လက်ခံထားကြတယ်လို့ ကျွန်တော် ထင်ပါတယ်။

ခုဆိုရင်တော့ ဒါက မြန်မာပြည်သူတွေအပေါ်မှာ မူတည်နေပါပြီ၊ သူတို့ လိုချင်တဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ဖို့ပေါ့။ ဒါပေမယ့် ကျွန်တော်ထင်တာက ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်မြင်ခဲ့တာကတော့ ဒီက ပြည်သူတွေဟာ ဒီမိုကရေစီအတွက် တစ်ခဲနက် မဲပေးခဲ့ကြတာဖြစ်ပါတယ်။

မေး။ ။ ဒီတော့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အတွက် ဘယ်ဟာက အဓိက လှု့ံဆော်မှုဖြစ်မလဲ၊ သံအမတ်ကြီးရဲ့ အမြင်ကရော ဘယ်လိုများ ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အဲဒါက စိန်ခေါ်မှုတစ်ခုလို့ မြင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြားပုဂ္ဂိုလ်တွေလည်း သူတို့ရဲ့ သဘောထားအမြင်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားပြီးသားလေ၊ သူတို့ဟာ ဖွဲ့စည်းပုံ ပြင်ဆင်မှုကို လုပ်ချင်တယ်။ ဒါပေမယ့် စစ်တပ် အမတ်တွေရဲ့ ထောက်ခံမှု မရဘဲ လုပ်လို့မဖြစ်နိုင်ဘူး။ ခုထိလည်း အဲဒီလို ထောက်ခံမှုမျိုး ထွက်လာတာလည်း မရှိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ NLD အစိုးရအပေါ် အပြစ်မမြင်ပါဘူး။ ဒါက ကျွန်တော်ထင်တာက တစ်နိုင်ငံလုံး ရှေ့ကို ဆက်သွားဖို့အတွက်မှာ ဒါက အမှန်ဖြစ်နေတဲ့ အရာတစ်ခုဖြစ်ပြီး အရမ်းလည်း အရေးကြီးနေတယ်လို့ထင်ပါတယ်။

မေး။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ၊ ခု သူ တာဝန်ယူနေတဲ့ ကာလနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာရောပေါ့။ သူက ခု နိုင်ငံမှာ လက်တွေ့အုပ်ချုပ်စီမံနေသူ ခေါင်းဆောင်လည်း ဖြစ်တယ်၊ ဒါပေမယ့် သူ တကယ်တမ်းမှာ အာဏာဘယ်လောက် ရနေသလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ သူ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က အမြဲတမ်း တန်ဖိုးထားချီးကျူးခဲ့ပါတယ်။ အထူးသဖြင့် ၁၉၈၈ နောက်ပိုင်းကာလမှာပေါ့။ နောက်ပြီး ကျွန်တော်မြင်တာကတော့ တာဝန်ဝတ္တရား၊ ဝန်ထုပ်ဝန်ပိုး ရှိရှိသမျှအားလုံးကို လူတစ်ဦးတစ်ယောက်တည်းအပေါ် စွတ်မပုံမိစေဖို့က အရေးကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုမျိုး ထင်ရှားတဲ့၊ ထက်မြက်တဲ့ သူမျိုးအပေါ်မှာရောပေါ့။ ဒါပေမယ့်  သေချာတာကတော့ အရပ်သားအစိုးရမှာလည်း အာဏာတစ်ချို့တစ်ဝက် ရှိတယ်လို့ ထင်ပါတယ်။ သူတို့ ပါလီမန်မှာ အများစု နေရာယူထားတယ်။ ဒီတော့ ဥပဒေတွေကို ပြင်ဆင်ပြောင်းလဲနိုင်စွမ်း သူတို့မှာ ရှိပါတယ်။ အဲဒါက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နောက်တစ်ခုက လုံခြုံရေး တပ်တွေအပေါ် ကွပ်ကွဲမှု အပိုင်းဖြစ်ပါတယ်။ အဲဒီအပိုင်းမှာတော့ သြဇာအာဏာ မရှိတာ သေချာပါတယ်။ ဒါက မြန်မာ့ဒီမိုကရေစီအတွက် ပြဿာနာတစ်ခု ဖြစ်ပါတယ်။

မေး။ ။ မြန်မာနဲ့ အမေရိကန်အကြား ဆက်ဆံရေးက ရခိုင်ကိစ္စကြောင့် ခုအခိုက်အတန့်မှာ သိပ်မကောင်းဘူးလို့ ကျွန်တော်တို့ဆီမှာ ယူဆချက်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ရော သံအမတ်ကြီးရဲ့ အမြင်လေး သိပါရစေ။

ဖြေ။ ။ ကျွန်တော်လည်း ဒါကိုပဲ ပြောမှာပါ။ ကျွန်တော်ဆိုရင် မြန်မာ-အမေရိကန် ဆက်ဆံရေးအတွက် အချိန်ကာလကြာ အလုပ်လုပ်ပေးထားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းကတည်းကပေါ့။ ဒီနေရာမှာ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး တို့ကို တိုးမြှင့်ရရှိဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေ၊ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ဘက်က အမြဲ ထောက်ခံအားပေးလိုတဲ့ သဘောထားရပ်တည်ချက် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ သဘောထားက အပြောင်းအလဲမရှိ တသမတ်တည်းဖြစ်ပြီး ဒါက ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတာတွေ ဖြစ်ပါတယ်။

ဒီ ပြီးခဲ့တဲ့ အနှစ် ၃၀ လောက်ကို တောက်လျှောက် ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ အတော့်ကို စိတ်သောကများရတဲ့ ကိစ္စတွေကို တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ဒီလိုပဲ ပြောခဲ့ကြတယ်။ ဒီကာလတွေထဲမှာ ၁၉၈၈ အရေးအခင်း ဖြစ်ခဲ့တယ်လို့ ပြောမလား၊ ဒီနောက်မှာရော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ၊ နောက် ခုဆိုရင်လည်း ရခိုင်ပြည်နယ်မှာ တကယ့် ဆိုးရွားတဲ့ ကိစ္စတွေ တွေ့ခဲ့ရတယ်။ နောက် ကချင်နဲ့ ရှမ်းမြောက်၊ ဒါ့အပြင် မီဒီယာလွတ်လပ်ခွင့် အပိုင်းတို့မှာရောလေ။

ဒါကြောင့် ကျွန်တော်တို့ အရင်က ပြောထားတာကိုပဲ ခုလည်း မပြောင်းမလဲဘဲ ပြောရပါမယ်။ ဒီ မြန်မာနိုင်ငံက ပြည်သူတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ ဥပဒေစိုးမိုးရေး လိုလားသူတွေကို ကျွန်တော်တို့ဘက်က ဆက်ပြီး ထောက်ခံအားပေးသွားလိုတဲ့ ဆန္ဒရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ မိတ်ဆွေတစ်ယောက်လို ၊ ဒီမိုကရေစီ အားပေးထောက်ခံသူလိုမျိုး ပွင့်ပွင့်လင်းလင်း ထုတ်ပြောရတာရှိတယ်၊ အဲဒီလိုကျတော့ အမြဲတမ်းတော့ ပေါ်ပြူလာမဖြစ်နိုင်တဲ့ နည်းမျိုး ဖြစ်တာပေါ့။ ဒါ့အပြင် ဒီလိုကြောင့် တစ်ခါတစ်ရံမှာလည်း သဘောထားတင်းမာမှုမျိုးကို ဖြစ်စေနိုင်တာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေအားလုံးအတွက် မိတ်ဆွေကောင်းတစ်ဦးအဖြစ် ရှိနေတယ်လို့ပဲ ကျွန်တော်တော့ ခံစားမိတာပါပဲ။ ပြီးတော့ ကျွန်တော်တို့ ဒီလိုပဲလုပ်နေတယ်လို့ ခံစားမိပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ကို လိုအပ်လို့ ကျွန်တော်တို့ဘက်က မိတ်ဆွေကောင်းတစ်ဦးအနေနဲ့ ရှိပေးတာမျိုး၊ နောက် ခက်ခဲတဲ့ ပြောဆိုဆွေးနွေးမှု တစ်ချို့မှာ ရှိနေဖို့ တောင်းဆိုသလိုမျိုးပေါ့။

မေး။ ။ ရခိုင်ဖြစ်စဉ်အပေါ် ကိုင်တွယ်ဆောင်ရွက်တာနဲ့ပတ်သက်လို့ ၀ါရှင်တန်ဘက်ကရော ဘယ်လိုအမြင်များ ရှိပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒီမှာ အရေးကြီးတဲ့ကိစ္စ အနည်းအကျဉ်းရှိတယ်လို့ထင်ပါတယ်။ နောက်ပြီး ဒီ ပြဿနာနဲ့ပတ်သက်လို့ အမေရိကန် ဒါမှမဟုတ် နိုင်ငံတကာဘက်က မြန်မာအပေါ် ဆန့်ကျင်ဘက်ကနေ တုန့်ပြန်ရပ်တည်တယ်လို့ ဒီကလူတစ်ချို့ ပြောကြတာကိုလည်း ကျွန်တော် သတိထားမိခဲ့ပါတယ်။ ဒါက အဲဒီလိုမျိုး လုံးဝမဟုတ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အာမခံပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် အလေးပေးပြောလိုတာနှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ARSA က တိုက်ခိုက်မှုတွေကို လုပ်ခဲ့တယ်။ ပထမတစ်ခါက ၂၀၁၆ အောက်တိုဘာမှာ။ နောက်တစ်ကြိမ်က ၂၀၁၇ သြဂုတ်မှာ။ ကျွန်တော်တို့ သူတို့ကို ပြစ်တင်ရှုတ်ချတယ်။ သူတို့ကို လုံးလုံးလျားလျားကို ပြစ်တင်ခဲ့တယ်။ ARSA အပေါ် ထောက်ထားစာနာတာမျိုး ကျွန်တော်တို့ဆီမှာ လုံးဝမရှိဘူး။

ဒါပေမယ့် အဲဒီနောက် ဒီတိုက်ခိုက်မှုတွေကို တုန့်ပြန်ရှင်းလင်းတဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက သင့်တင့်လျောက်ပတ်တဲ့ တုန့်ပြန်မှုနည်းကနေ ကျော်လွန်သွားခဲ့တယ်။ ပြီးတော့ သူတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တကယ့်ကို သိသာကြမ်းတမ်းတဲ့ ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေတယ်။

ဒါကြောင့် နိုင်ငံတကာမှာတော့ ကမ္ဘာက ဒီလိုမျိုး ဖြစ်ပျက်နေတဲ့ ကိစ္စတွေအပေါ် အမြဲတမ်း နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေပါလိမ့်မယ်။ ဒါမျိုး မြန်မာမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြားဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ။ ဒါကြောင့် အဲဒါက တကယ့်အမှန်တရားပါ။

ဒါပေမယ့် ဒုတိယတစ်ခုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီတည်ဆောက်ရာမှာ၊ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ရာမှာ အောင်မြင်မှု ရဖို့အတွက်ဆိုရင် ဒီလိုမျိုး ပြဿနာမျိုးကို အင်မတန် ပွင့်လင်းမြင်သာစွာနဲ့ ကိုင်တွယ်ပေးနိုင်ဖို့က အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်။

ပြီးတော့ အဲဒါက ကျွန်တော် အလေးပေးပြောချင်တာက ဒါက ဘယ်သူတွေမှာ နိုင်ငံသားဖြစ်ခွင့် ရှိနေတယ်၊ ဒါမှမဟုတ် သူတို့တွေက နိုင်ငံသား ဟုတ်လို့လား ဒါမှမဟုတ် ဒီမှာ နေထိုင်သူတွေလား ဒါမှမဟုတ် တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေလား ဆိုတာနဲ့ ဒါက မဆိုင်ဘူးလို့ ပြောချင်ပါတယ်။ ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပါ။ ဒါပေမယ့် တစ်ခြားဟာတွေနဲ့ မတူကွဲပြားတဲ့ ကိစ္စပါ။

ကျွန်တော်တို့ ပြောနေတဲ့အကြောင်းက မြန်မာနိုင်ငံမှာ နေထိုင်နေတဲ့ လူသားတွေအကြောင်းပါ။ ဒီလိုမျိုး အလွဲသုံးစားညှဉ်းပန်းမှုကြောင့် သူတို့ ဆိုးဆိုးရွားရွားခံစားထားခဲ့ကြပါတယ်။ ဒါကြောင့် ဖြစ်ခဲ့တဲ့ ဒီကိစ္စကို မြန်မာအနေနဲ့ တတ်နိုင်သမျှ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး။ ။ အရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကနဲ့ ယှဉ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာစတင်ရလာချိန်မှာ မြန်မာနဲ့ တရုတ်အကြား ဆက်ဆံရေးက ပိုနီးကပ်လာတယ်ဆိုတာ ရှင်းလင်းပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ မြန်မာနဲ့ တရုတ်အကြား ဆက်ဆံရေးကို အကဲဖြတ်ဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါက မြန်မာနဲ့ တရုတ်အစိုးရတွေနဲ့ပဲ ဆိုင်တဲ့ကိစ္စလို့ ထင်ပါတယ်။ ကျွန်တော် ပြောမှာက ကျွန်တော်တို့အတွက် ဒါက တရုတ်အကြောင်း မဟုတ်ပါဘူး။ ဒါက မြန်မာနဲ့ပတ်သက်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ကတော့ မြန်မာကို အောင်မြင်ငြိမ်းချမ်း သာယာဝပြောစေချင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် မြန်မာအနေနဲ့ နိုင်ငံအများအပြား အထူးသဖြင့် တရုတ်လို နိုင်ငံမျိုးနဲ့ အကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်တဲ့ ဆန္ဒရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ဒါက တရုတ်အကြောင်း မဟုတ်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။ ဒါက မြန်မာကို ထောက်ခံအားပေးဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ ကိစ္စတွေအကြောင်း ဖြစ်ပါတယ်။

မေး။ ။ အရင် အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အကြား ဆက်ဆံရေးကောင်းတစ်ရပ် ရှိခဲ့တယ်။ နောက်ပြီး အာရှ ဗဟိုအခြေပြု ဆိုတဲ့ အောက်မှာ မြန်မာနဲ့ ၀ါရှင်တန်အကြား ဆက်ဆံရေးကို ခိုင်မာအောင် ဂရုစိုက်ခဲ့တယ်။ ဒီလို ဆက်ဆံရေးမျိုးက သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာကျတော့ ဘယ်လိုမျိုး ပြောင်းလဲသွားခဲ့ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ သမ္မတဟောင်း အိုဘားမား တုန်းကလိုမျိုးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် တို့အကြား ဆွေးနွေးပြောဆိုမှု အခွင့်အလမ်း သိပ်အများကြီး ရှိမထားပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတာက အဲဒါက ပုဂ္ဂိုလ်ရေးနဲ့ပဲ ပတ်သက်၊ သက်ဆိုင်တာမျိုးမဟုတ်ပါဘူး။ ဒါက အမေရိကန်အစိုးရနဲ့ မြန်မာအစိုးရ တို့နဲ့ပဲ ပတ်သက်ပါတယ်။

ဆက်ဆံရေးကတော့ ခုထိ ဆက်ကောင်းနေတုန်းပဲလို့ ကျွန်တော် မြင်ပါတယ်။ ခင်ဗျားပြောခဲ့သလို တင်းမာမှုတစ်ချို့တော့ ရှိပါတယ်။ ဒါက တကယ့် လက်တွေ့ဖြစ်တဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့် ဒီဟာတွေကနေတဆင့် အလုပ်လုပ်သွားဖို့ ကျွန်တေ်ာတို့ ကတိပြုထားပြီးဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အားပေးဖို့၊ ကြုံတွေ့နေရတဲ့ လက်ရှိစိန်ခေါ်မှုတွေကို မြန်မာအစိုးရ ကိုင်တွယ်ရာမှာ ကြိုးစားကူညီပေးနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ ဆက်လုပ်ပေးသွားဖို့ အာမခံထားပြီး ဖြစ်ပါတယ်။

မေး။ ။ ခုဆိုရင် ရခိုင်ကိစ္စအပြင် သက်တမ်းကြာနေပြီဖြစ်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေအောက်မှာ ရိုက်တာသတင်းသမားနှစ်ယောက် ဖမ်းဆီးအရေးယူခံလိုက်ရတဲ့ ဖြစ်စဉ်တွေအပေါ် နိုင်ငံတကာက တော်တော်လေး စိတ်ဝင်တစားရှိခဲ့တယ်ပေါ့၊ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒါနဲ့ပတ်သက်လို့ နှစ်ချက် ပြောဖို့ ရှိပါတယ်။  ပထမတစ်ချက်က ရိုက်တာကိစ္စမှာ ဒီက သတင်းမီဒီယာတွေအတွက် ယေဘုယျလွှမ်းခြုံတဲ့ ဝန်းကျင်အောက်မှာ ထားပြီး ကျွန်တော်တို့ ကြည့်ရှုသင့်ပါတယ်။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ အခြား ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် ဂျာနယ်လစ်ဇင်တို့ရဲ့အလုပ်နဲ့ အပြည့်အဝ ကိုက်ညီပြီး ဥပဒေနဲ့ညီတဲ့ ကိစ္စတွေ ဖြစ်နေတယ်ပေမယ့်လည်း ဒီလိုအလုပ်တွေကိုပဲ နိုင်ငံတစ်ချို့မှာ  လုပ်လို့ ဖမ်းဆီး စွဲချက်တင် တရားစွဲဆိုခံထားရတဲ့ ဂျာနယ်လစ်အများအပြား ရှိနေပါတယ်။ ဒီထဲမှာ ရိုက်တာ သတင်းသမားတွေလည်း ပါ ပါတယ်။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်အပေါ် သက်ရောက်မှုက အရမ်းအရေးပါ ပါတယ်။ ပြီးတော့ ဒီမှာ ကြည့်ရှုနေသူအားလုံး (မဇျ္စိမ တီဗီ) အတွက် အားကောင်းလွတ်လပ်တဲ့မီဒီယာတစ်ခု မရှိဘဲ ဒီမိုကရေစီကို ခင်ဗျား တည်ဆောက်ပေးလို့ မရနိုင်ပါဘူး။

ဒုတိယကတော့ ကျွန်တော့်အနေနဲ့ကတော့ ပင်ဂိုအားဖြင့်တော့ ခင်ဗျားတို့ နိုင်ငံမှာ တရားရုံး တရားစွဲမှုကိစ္စအပေါ် မှတ်ချက်ပြုပြောဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက မိတ်ဆွေအများအပြား ဒီ ကြားနာမှုနောက် လိုက်ခဲ့ကြတယ်။ အဲဒါက ပွင့်လင်းမှု ရှိတော့ ကောင်းပါတယ်။ တရားမျှတမှုပိုင်းမှာ တကယ်ပဲ အကျိုးဆက်တွေရှိနေသလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သူတို့ ထုတ်ဖော်ခဲ့ကြပါတယ်။ ဒါကြောင့် တရားမျှတမှု၊ ဥပဒေ ရှုထောင့်၊ မီဒီယာနဲ့ ဒီမိုကရေစီ ရှုထောင့်ဘက်က ကြည့်ရင်တော့ ဒီအမှုက အတော့်ကို စိတ်သောကများရပါတယ်။

မေး။ ။ မြန်မာမှာတင်မဟုတ်ပါဘူး။ အာဆီယံနိုင်ငံအများအပြားမှာလည်း ဒီမိုကရေစီ၊ သတင်းမီဒီယာလွတ်လပ်မှု၊ လွတ်လပ်စွာ ထုတ်ဖော်မှု တို့ဟာ တိုက်ခိုက်ခံနေရလျက်ရှိပါတယ်။ အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ အခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ဒါက ခင်ဗျားတို့အနေနဲ့ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်  ဒီမိုကရေစီကို တည်ဆောက်နေတာ ဒါမှမဟုတ် တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုရင် စိန်ခေါ်မှုတစ်ခုကတော့ အမြဲတစ်စေ ရှိမှာပါပဲ။ မီဒီယာ လွတ်လပ်ခွင့်အပါအဝင် ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်တွေအတွက် ခင်ဗျား အမြဲပဲ ခက်ခက်ခဲခဲ လုပ်ယူရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တစ်ဦးအနေနဲ့ ဒီဒေသက တစ်ခြားနိုင်ငံတွေအကြောင်းတော့ သိပ်ပြီးမှတ်ချက်မပေးချင်ပါဘူး။ ဒီအစား လူတိုင်းအတွက် ဒီ သတင်းမီဒီယာလွတ်လပ်ခွင့်ရဲ့ သက်ရောက်မှုကို အသိအမှတ်ပြုလက်ခံဖို့ အရေးကြီးတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါက အမေရိကန်တွေ ဒါမှမဟုတ် အနောက်အုပ်စုက ထောက်ခံအားပေးနေတဲ့ ယေဘုယျ တန်ဖိုးတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်တော့ မဟုတ်ပါဘူး။ ဒါ ဘာလို့လဲဆိုတော့ ဒီနေရာမှာ သတင်းမီဒီယာတွေက လွတ်လွတ်လပ်လပ် မတင်ဆက် မဖော်ထုတ်နိုင်ဘူး ဆိုရင် နိုင်ငံမှာ ခြစားနေသလား ဒါမှမဟုတ် အာဏာအသုံးချနေသလား ဆိုတာနဲ့ပတ်သက်လို့ ခင်ဗျားတို့နိုင်ငံက အုပ်ချုပ်သူ ခေါင်းဆောင်တွေ၊ ရွေးကောက်တင်မြှောက်ထားတဲ့ တာဝန်ရှိသူတွေနဲ့ အခြားသူအားလုံးကို ဘယ်လိုတာဝန်ခံခိုင်းမလဲ၊ ဒီလိုဆိုရင် ဒီမိုကရေစီကို ခင်ဗျားတို့ ဘယ်လို ရသလဲ။ ဒါကြောင့် မီဒီယာလွတ်လပ်ခွင့်အတွက် ဆက်ပြီး ရုန်းကန်ကြိုးပမ်းဖို့ တကယ်ပဲ အရေးကြီးတယ်လို့ ကျွန်တော် မြင်ပါတယ်။

Mizzima Weekly