"ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်"

"ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်"

တအာင်းဒေသ၏ ပညာရေး နှင့် ဒေသခံတို့အကြောင်းကို အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးက ပြောပြထားသည်
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းခေါ် ပလောင်တိုင်းရင်းသားတို့နေထိုင်သည့် ဒေသတွင် အခြေစိုက်သည့် တအာင်းပညာရေးအင်စတီကျု TEI သည်ဒေသတွင်းပရဟိတကျောင်း၁၆ဝ ကျော် ဖွင့်လှစ်ထားရာထိုကျောင်းများတွင် လူမျိုးဘာသာမရွေးတက်ရောက်ပြီးမူလတန်းပညာသင်ယူနိုင်သည်ဟုသိရသည်။

မကြာသေးခင်ကတွေ့ဆုံမေးမြန်းရာတွင် ထိုအဖွဲ့၏ အတွင်းရေးမှူး  လွေးချယ်ရီကပညာရေးအပါအဝင် ဒေသတွင်းအခြေအနေများကိုပြောပြထားသည်။

- ဒီဘက်မှာပညာရေးအရေးတကြီးလိုအပ်နေတာ ဘာကြောင့်လဲ။

 - မိုင်းယော် (မြို့နယ်) ဘက်မှာဆိုရင် တော်တော်များများကဘိန်းစိုက်ကြတယ်။ ဒါပေမယ့် လုံးဝကိုဆင်းရဲတယ်။ ပုံမှန်အားဖြင့် ဘိန်းစိုက်တယ်ဆိုရင် သူဌေးဖြစ်ရမှာပဲလေ၊ဘာလို့ဆင်းရဲနေကြလဲဆိုတော့ ပညာမတတ်လို့ပေါ့။  သူတို့ကဘိန်းစိုက်တယ်၊ ဟုတ်တယ်။  သူတို့ကိုအခွန်လာကောက်တဲ့ အဖွဲ့အစည်းတွေကလည်းအရမ်းများတယ်၊ သူတို့ ပြန်မပြောရဲဘူး၊ ဘယ်အဖွဲ့ကဆိုတာကိုလည်းမသိဘူး။ ဘိန်းကလည်းတရားမဝင် ဆိုတော့  ကြောက်စိတ်ပဲရှိတာ၊ ပြီးတော့ ရောင်းတဲ့အချိန်မှာလည်းစာမတတ်တော့   မတွက်တတ်ဘူး၊ ဒီတော့ အလိမ်ခံရတယ်။   ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်။ ဒါဟာပညာရေးဘယ်လောက်လိုအပ်နေပြီလဲဆိုတာရဲ့ ပြယုဂ်ပဲ။

 -  ရှမ်းနဲ့ တအာင်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ခိုက်ကြတာကြောင့် ဒေသခံတွေ ဆက်ဆံရေးပျက်ခဲ့တယ်လို့ သိရတယ်။ ဒီအခြေအနေမှာရှမ်းရွာတွေထဲကျောင်းသွားဆောက်တော့ အခက်အခဲဖြစ်တာတွေ ရှိလား။

 - ရှမ်းနဲ့ တအာင်းဆိုတာကဟိုးဘိုးဘွားဘီဘင်ကတည်းကအတူတကွ နေထိုင်လာခဲ့တယ်။ ဒီတော့ ကျွန်မတို့လုပ်တဲ့ ပညာရေးလှုပ်ရှားမှုတွေမှာရှမ်းမို့လို့၊ တအာင်းမို့လို့ဆိုတဲ့ အခက်အခဲတွေ မရှိပါဘူး။ ကျွန်မတို့ကအရမ်းနည်းနည်းလေးကိုပဲလုပ်ပေးနိုင်သေးတာပါ။ ဒီနှစ်စတဲ့ ဘကကျောင်း (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) ဆိုရင် (လူဦးရေ) ၅ဝဝ-၆ဝဝ လောက်ပဲ ကျွန်မတို့ ကူညီနိုင်သေးတယ်။ တကယ်ကတစ်နှစ် တစ်နှစ်ကို ကျွန်မတို့တောင်ပေါ်ကကလေးတွေ ထောင်ချီပြီးတော့မှ အောက်ပိုင်းကိုဆင်းနေကြတာ။

 -  ဘာလို့ အဲဒီလိုဆင်းနေကြတာလဲ။

 - အထူးသဖြင့် ဘုန်းကြီးတွေ။ ဘုန်းကြီးတွေကဒီကိုရောက်လာတဲ့အခါမှာဒီကဘုန်းကြီးအသိတွေနဲ့ ဆက်သွယ်ပြီးတော့ ဟိုမှာဘကတွေရှိတယ်၊ ပရဟိတတွေရှိတယ် စသဖြင့် မျိုးစုံပေါ့၊ အဲဒီနေရာတွေကိုခေါ်သွားပြီးတော့ ထားပေးတယ်။ ကျွန်မတို့ပလောင်တွေ ဆိုလို့ရှိရင် ကလေးအများကြီးမွေးတယ်။ မွေးပြီးမှ ကိုယ့်ကလေးကိုလုံးဝလှည့်မကြည့်တဲ့ မိဘတွေ အများကြီးရှိတယ်။ ဒီလိုမျိုးထည့်ပေးလိုက်ပြီဆိုတာနဲ့ သူတို့တွေ အဆင်ပြေရဲ့လား၊ မိန်းကလေးတွေဆိုရင်ရောလုံခြုံတဲ့နေရာဖြစ်ရဲ့လားဆိုတာကိုစိတ်ဝင်စားမှု အရမ်းကိုနည်းတယ်။ ကျောင်းသားတွေကသွားလိုက်ပြီဆိုရင် ကောင်းတဲ့နေရာတွေ ရှိသလိုတချို့ မကောင်းတာတွေရှိတယ်၊ အစားဆင်းရဲတာမျိုးတွေဖြစ်တယ်။

 -  ပရဟိတအဖွဲ့တွေလည်းရှိနေတာကိုဘုန်းကြီးတွေနောက်ကိုဘာလို့ လိုက်ကြတာလဲ။

 - ကျွန်မတို့ တအာင်းတွေရဲ့ ၉၉ ရာခိုင်နှုန်းကဗုဒ္ဓဘာသာတွေဖြစ်ကြတယ်ဆိုတော့ ဘုန်းကြီးတွေက ကျွန်မတို့ရဲ့လူ့အဖွဲ့အစည်းမှာအရမ်းပဲအာဏာ၊ ပါဝါ ကြီးတယ်။ ပြီးတော့ ဘာသာတရားကိုယုံကြည်တယ်၊ နောက် ဒီလိုမျိုးတွေ ဖြစ်မှာမဟုတ်ဘူးဆိုပြီးတော့ ထည့်ပေးလိုက်တာတွေ ရှိတယ်ပေါ့။

-    TNLA တအာင်းလက်နက်ကိုင်အဖွဲ့ကရောကူညီပေးတာတွေ ရှိလား။

 - ကျွန်မတို့ TEI နဲ့ TNLA နဲ့ ဆက်စပ်မှု မရှိဘူး။ သူတို့က ကျွန်မတို့ လုပ်ငန်းတွေကိုကူညီတာ၊  ပံ့ပိုးပေးတာမျိုးမရှိဘူး။ ။

 - တိုက်ပွဲဖြစ်လေ့ရှိတဲ့ဒေသတွေမှာ TEI က ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကိုဘယ်လိုဆောင်ရွက်ပေးပါသလဲ။

 - ကျွန်မတို့ ကျောင်းဖွင့်ထားတဲ့နေရာမှာတော့ တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေး၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးတွေကိုအရမ်းကိုစိုးရိမ်ရတဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ သေသေချာချာ၊ ထွေထွေထူးထူးမလုပ်ပေးနိုင်ပါဘူး။ သုံးလတစ်ခါလောက် သူတို့ဆီသွားပြီးတော့ အားပေးတာမျိုးပဲရှိပါတယ်။

 - စာသင်ဖို့အတွက် ဆရာ၊ ဆရာမတွေကိုဘယ်လိုခေါ်ယူပါသလဲ။

 - အစိုးရကပေးတဲ့ ဆရာ၊ ဆရာမတွေကအောက်ပြည်ကဖြစ်တယ်ဆိုတော့ ဒီကလေးတွေနဲ့ သူ့စကားကိုယ်နားမလည်၊ ကိုယ်သင်တာကိုသူတို့နားမလည်ဖြစ်ပြီးတော့ ဘယ်လိုမှ ကီးမကိုက်ဘူး။ ကီးမကိုက်တော့ ဆရာတွေမှာလည်း ကြာကြာရေရှည်မခံနိုင်ဘူး၊ ပြန်သွားကြတယ်။ ဒါ့အပြင် ကျွန်မတို့ဆီမှာကတိုက်ပွဲတွေ ဖြစ်နေတော့ ဒါကိုလည်းကြောက်ကြတာတွေ ရှိတယ်။ ကျွန်မတို့ကတော့ ကလေးတွေ နားလည်အောင် ပြောနိုင် သင်ပြနိုင်တဲ့ ဆရာ၊ ဆရာမတွေကိုခေါ်တယ်။ သင်တန်းပေးတယ်။ သင်တဲ့အခါမှာလည်းစကားပြောရတာနားလည်ကြတော့ ကလေးတွေကလည်းပျော်တယ် ဆရာတွေလည်းပျော်တယ်။ အဆင်ပြေတယ်။

 -  တခြားဘာအခက်အခဲတွေ့ရသလဲ။

 - ကျွန်မတို့ကဘတ်ဂျက်အခက်အခဲရှိတယ်။  အလှူရှင်တွေ အများကြီးကိုချည်းကပ်ကြည့်ပေမယ့် 'ပညာရေးသည် အစိုးရအလုပ်' ဆိုပြီးတော့ ပြောတဲ့သူတွေ အများကြီးရှိတယ်။ ဒီတော့ ဒါက ကျွန်မတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ နိုင်ငံခြားမှာရောက်နေတဲ့ ကျွန်မတို့ တအာင်းလူမျိုးတွေဆီကနေအလှူခံတယ်။ လုပ်ငန်းရှင်တွေဆီမှာလည်းအလှူခံတယ်။

 -  ဒီကိစ္စတွေပြေလည်ဖို့ဆိုရင် ဘာတွေလိုအပ်လဲ။

 - ကျွန်မတို့ဒေသမှာမငြိမ်းချမ်းလို့ ပညာရေးပိုင်းမှာလွတ်လွတ်လပ်လပ် လုပ်လို့ မရသလို၊ ဘယ်သူမှ အဲဒီလိုမျိုးနေရာမှာမသွားချင်ကြဘူး။ တကယ်လို့သာ  ငြိမ်းငြိမ်းချမ်းချမ်းရှိမယ်ဆိုရင်တော့ ပညာရေးပိုင်းမှာအစိုးရသာမက ကျွန်မတို့လိုမျိုးအဖွဲ့တွေကဝိုင်းလုပ်မယ်ဆိုရင် ဒီထက် အများကြီးပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မယ်လို့ ထင်တာပေါ့လေ။

Mizzima Weekly