ပါတီတာဝန်မရှိတော့ ပြည်သူ့တာဝန်ပိုပြီး ထမ်းဆောင်ချိန်ပိုရတာပေါ့

ပါတီတာဝန်မရှိတော့ ပြည်သူ့တာဝန်ပိုပြီး ထမ်းဆောင်ချိန်ပိုရတာပေါ့

( ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဒေါက်တာသက်သက်ခိုင်နဲ့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျတို့ နှစ်ဦးကို ဩဂုတ်လ ၂၅ရက်နေ့ကလုပ်တဲ့ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။

ဦးကျော်ဇေယျ အနေနဲ့ ဒဂုံမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းခံရပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်အမတ်အဖြစ်နဲ့တော့ ဆက်ရှိနေမှာပါ။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စီးပွားရေးဆိုင်ရာကိစ္စရပ်တွေ ၊ ဘတ်ဂျက်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမြဲလိုလို ဝေဖန်ထောက်ပြလေ့ရှိတဲ့ ဦးကျော်ဇေယျကို မဇ္ဈိမသတင်းထောက် ဇေယျာမော်က သွားရောက် မေးမြန်းထားပါတယ်။

မေး။    ။ ပါတီတာဝန်ကနေ ရပ်စဲခံရတယ်လို့ ကြားပါတယ်။ အဲ့အကြောင်းလေးရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။       ။ မှန်တယ် အန်ကယ်လည်း ဒီနေ့မှ သိရတာပေါ့နော်။ သတင်းကြားတာတော့ကြာပြီ။ သုံးလေးရက်လောက်ရှိပြီ။ တရားဝင်စာဒီနေ့ထွက်လာတော့ အန်ကယ်လက်ထဲ ရတာပေါ့နော်။ မြို့နယ်လည်းရောက်ပါတယ်။ အန်ကယ်နဲ့ ဒေါက်တာသက်သက်ခိုင်ကို ပါတီတာဝန်က ရပ်ဆိုင်းတယ်ဆိုတော့ အန်ကယ်တို့ကလည်း တာဝန်ကြီးကြီးမားမား မဟုတ်ပါဘူး။ ဒဂုံမြို့နယ်မှာ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေပါ။

မေး။    ။ ဘာ့ကြောင့်ရပ်ဆိုင်းခံရတယ်လို့များ ယူဆလဲ။

ဖြေ။       ။ ဒီမေးခွန်းအမေးခံရတာများပြီ။ အဲ့ဒီ Why ဆိုတဲ့ မေးခွန်းကို အန်ကယ်ဖြေဖို့က တော်တော် ခက်တယ်။ ဘာကြောင့်လဲ အန်ကယ်မသိဘူး။ အန်ကယ်အတွေးနဲ့ ပြောတာလည်း မှားမှာစိုးရိမ်ရသေးတယ်။ ကိုယ့်ကိုကိုယ့်တော့ ဘာပြစ်ချက်မှ မရှိဘူးလို့ ထင်တာပေါ့။ တစ်ချို့ဆို တိုင်စာတွေဘာတွေရောက်တဲ့ ကိုယ်စားလှယ်တွေ ရှိတယ်လေ။ အန်ကယ်ကျတော့ ဘာတိုင်စာမှ မရောက်ဘူး။ အဲ့ဒီအတွက် ဖြေရတာတော်တော်ခက်တယ်။

မေး။    ။ ဒီလိုဆိုတော့ ရှေ့ဆက်ပြီးတော့ ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။       ။ အခုက ပါတီတာဝန်က ရပ်ဆိုင်းတာပေါ့လေ။ Facebook ပေါ်တင်ထားပါတယ်လေ။ ပါတီတာဝန် မရှိတော့ ပြည်သူ့တာဝန်ပိုပြီး ထမ်းဆောင်ချိန်ပိုရတာပေါ့။ အန်ကယ်က လွှတ်တော်ကိုယ်စားလှယ် ဆက်လုပ်နေမှာပဲလေ။ လွှတ်တော်ထဲမှာ ပြောသင့်ပြောထိုက်တာတွေ ပြောမယ်။ ကိုယ်စွမ်းအားရှိသရွေ့ပေါ့။ ၂၀၂၀ မှာ ရွေးကောက်ပွဲ ဆက်ပြိုင်ဖို့ အစီအစဉ်မရှိဘူး။ အသက်ကလည်း ၆၅ နှစ်ဖြစ်သွားပြီဆိုတော့ လူငယ်တွေကို လက်ဆင့်ကမ်းမယ်။

မေး။    ။ ပါတီတာဝန်ကရပ်ဆိုင်းခံရတယ်ဆိုတော့ ရိုးရိုးပါတီဝင်အဖြစ် ဆက်ရှိနေဦးမှာလား။

ဖြေ။       ။ ပါတီကထုတ်ပယ်တာမဟုတ်ဘူးပေါ့။ ပထမသတင်းကြားတုန်းကဆို ပါတီကနေထုတ်တယ်လို့ကို ကြားတာ၊ ဒီတာဝန်တွေကို ရပ်ဆိုင်းတယ်ဆိုတော့ အန်ကယ်တို့တာဝန်က အလုပ်အမှုဆောင်တာဝန်ဆိုတော့ အဲ့ဒါကိုရပ်ဆိုင်းတယ်လို့ ပဲ ယူဆပါတယ်။

မေး။    ။ လွှတ်တော်ထဲမှာ အစိုးရလုပ်ဆောင်ချက်တွေ ၊ စီမံကိန်းကိစ္စတွေ ၊ဘတ်ဂျက်ကိစ္စတွေမှာ ထောက်ပြ ပြောဆိုခဲ့တာတွေ ရှိတယ်။ဆိုတော့ အခု ပါတီတာဝန်ကနေ ရပ်စဲခံရတာက ဒါတွေနဲ့ သက်ဆိုင်မလား။

ဖြေ။       ။ အန်ကယ်ကို မီဒီယာအချို့က ပြောတယ်။ ဦးကျော်ဇေယျကို မီဒီယာနဲ့ အမေးအဖြေလုပ်လို့ ဒီလို ထုတ်တာဆိုပြီး ပါတီဌာနချုပ်က ဖြေတယ်ပေါ့။ မီဒီယာနဲ့ အမေးအဖြေက များတယ်လေ။ ဘာအမှား ပါသွားလဲ ဆိုတာလည်း မသိဘူး။ အမှန်က ထောက်ပြသင့်တာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိဘလိုပေါ့ သားသမီးကို ဆုံးမချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့။ ဘာမှမပြောဘဲ ဖုန်းနဲ့မပြော လူလည်းမတွေ့ရ စာပဲ ရောက်လာမှ ပါတီက ရပ်ဆိုင်းတယ်ဆိုတော့ အဲ့ဒါကြီးက ပွင့်လင်းမြင်သာမှုတော့မရှိဘူးပေါ့။ အန်ကယ်လည်း စိတ်မကောင်းပါဘူး။

မေး။    ။ ဒီလို ဖြစ်သွားတော့ ဘယ်လို ခံစားရလဲ။ တရားမျှတရှိတယ် ထင်လား။

ဖြေ။       ။ အမှန်တော့ အန်ကယ်တောင်မဟုတ်ဘူး။ အန်ကယ်ရဲ့ ဒဂုံမြို့နယ်အလုပ်အမှုဆောင်ဥက္ကဋ္ဌနဲ့တကွ အဖွဲ့တောင် အံ့အားသင့်သွားတယ်။ အန်ကယ်လည်း ဒါကို စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့် အန်ကယ် လုပ်သင့်လုပ်ထိုက်တာတော့ ဆက်ပြီးလုပ်သွားမှာပါ။

မေး။    ။ တခြားဘာများ ဖြည့်စွက်ပြောချင်တာ  ရှိပါသေးလဲ ခင်ဗျာ။

ဖြေ။       ။ အန်ကယ်က ပြည်သူလူထုက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ပဲလေ။ လွှတ်တော် ကိုယ်စားလှယ်တာဝန် ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ အဲ့ဒါလေး တင်ပြချင်ပါတယ်။

Mizzima Weekly