ဒီမိုကရေစီစံနှုန်း ပါတီတွင်း ပျောက်ဆုံးဟု ပါတီတာဝန် ရပ်စဲခံရသည့် ဒေါ်သက်သက်ခိုင် ဝေဖန်

ဒီမိုကရေစီစံနှုန်း ပါတီတွင်း ပျောက်ဆုံးဟု ပါတီတာဝန် ရပ်စဲခံရသည့် ဒေါ်သက်သက်ခိုင် ဝေဖန်
ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာသက်သက်ခိုင်နဲ့ ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးကျော်ဇေယျတို့ နှစ်ဦးကို ဩဂုတ်လ ၂၅ရက်နေ့ကလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီတာဝန်ကနေ ရပ်စဲလိုက်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ဒဂုံမြို့နယ်အမတ် ဒေါ်သက်သက်ခိုင်ကတော့ သူ့ကို သက်ဆိုင်ရာ မဲဆန္ဒနယ်ရဲ့ ပါတီတာဝန်ကနေ ရပ်စဲလိုက်တာဖြစ်ပြီး ပါတီဝင်လွှတ်တော်အမတ်တွေအဖြစ်နဲ့တော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေနဲ့ဆိုင်တဲ့ကိစ္စတွေ၊ ဘတ်ဂျက်ကိစ္စတွေအပေါ် လွှတ်တော်မှာ ချက်ကျလက်ကျ ထောက်ပြဆွေးနွေးလေ့ ရှိတဲ့ ဒေါ်သက်သက်ခိုင် အနေနဲ့ ပါတီတာဝန်ကနေ ဘာ့ကြောင့် ရပ်စဲခံရတယ်ဆိုတာ အတိအကျမသိရပေမယ့် ပါတီအနေနဲ့ မီဒီယာတွေပေါ်မှာ ပြောတာတွေကို ကြိုက်ပုံမရဘူးလို့ သူမက သုံးသပ်ပါတယ်။

ပါတီမှာ ဒီမိုကရေစီ စံချိန်၊ စံညွှန်းနဲ့ ကိုက်ညီတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ရှိဖို့ လိုအပ်သလို လက်ရှိ ပါတီစည်းကမ်းကို ပြန်ပြီးသုံးသပ်ဖို့အချိန် ရောက်နေပြီလို့ဆိုတဲ့ ဒေါ်သက်သက်ခိုင်ကို မဇ္ဈိမ အကြီးတန်းသတင်းထောက် မင်းမင်း ဆက်သွယ်မေးမြန်းထားတဲ့ အင်တာဗျူး အပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

 

မေး။ ။ ပါတီတာဝန်ကနေ ရပ်စဲခံရတယ်လို့ ကြားလို့ပါ။ ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။ ။ မှန်ပါတယ်။ ရေးထားတာကတော့ ၂၅ရက်၊ ၈လမှာလုပ်တဲ့ စီအီးစီ(ဗဟိုအလုပ်အမှုဆောင်အဖွဲ့)ရဲ့ ဆုံးဖြတ်ချက်အရဆိုပြီးတော့ စာထုတ်ပါတယ်ရှင့်။ ၂ရရက်နေ့က ထုတ်ထားတဲ့ စာပါ။ စာကတော့ ဒီနေ့မှပဲ ကျမလက်ထဲ ရောက်တာ။ ကျမလည်း အခု ရန်ကုန်ကို ရောက်နေတာလေ။ ကျမတို့ ဒဂုံရုံးကို ပို့ပေးတာ။ ဒဂုံရုံးက ကျမကို လာပို့တာ။ ဟုတ်ပါတယ်ရှင့်။

 

မေး။ ။ ဘာ့ကြောင့်လို့များ ယူဆပါသလဲ။

ဖြေ။ ။ ဘာ့ကြောင့်လို့တော့ မဖြေပြထားဘူးရှင့်။ မဖော်ပြထားတာ ကျမလည်း ပြောရတာ ခက်တယ်။ ဘာ့ကြောင့်မှန်း မသိဘူးပေါ့။

 

မေး။ ။ ဒီလိုဆိုတော့ ရှေ့ဆက်ပြီးတော့ ဘယ်လို ရပ်တည်သွားမလဲ။

ဖြေ။ ။ ကျမကို ပါတီထဲက ထုတ်တာ မဟုတ်ဘူး။ ပါတီတာဝန်ကနေ ရပ်စဲတယ်ဆိုတာလေး နည်းနည်း ရှင်းပြပါရစေ။ ဘာလည်းဆိုတော့ ကျမတို့ ကိုယ်စားလှယ်ဖြစ်ပြီဆိုတုန်းက ပါတီကနေပြီး စာထုတ်ပါတယ်။ စာထုတ်ပြီးတာ့ တချို့လည်း သက်ဆိုင်ရာမြို့နယ်မှာ အလုပ်အမှုဆောင် ဖြစ်ပြီးသား။ အလုပ်အမှုဆောင် မဖြစ်သေးတဲ့ ကိုယ်စားလှယ်တွေ အလုပ်အမှုဆောင်အဖြစ်နဲ့ ပါတီက သတ်မှတ်တယ််ဆိုပြီး စာတစ်စောင်ထွက်တော့ ကျမတို့ အကုန်လုံးက အလိုအလျောက် သက်ဆိုင်ရာ မြို့နယ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်သွားတာ။ အဲ့ဒီတာဝန်ကို ရပ်စဲတယ်လို့ ပြောတာပါ။ ဆိုတော့ ကျမအတွက်တော့ ဒဂုံမြို့နယ်ရဲ့ ပါတီအလုပ်အမှုဆောင် ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ကျမအတွက် ထိခိုက်မှု ဘာမှတော့ သိပ်ရှိတာ မဟုတ်ဘူး။ သို့သော်လည်း ကျမ တိုင်းပြည်အတွက် လုပ်ရမယ့် အလုပ်တွေကတော့ ကျမက တိုင်းပြည်အတွက်ပဲ လုပ်ချင်တာလေ။

 

မေး။ ။ ဒါဆိုရင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ်တော့ ဆက်ရှိနေဦးမယ့် သဘောပေါ့။

ဖြေ။ ။ ဟုတ်တယ်ရှင့်။ ကျမလည်း မရှင်းလို့ ပါတီကို ပြန်မေးတော့ ပါတီဝင်အဖြစ်က ရပ်စဲတာ မဟုတ်ဘူး။ ဒါပေမယ့် မြို့နယ်အလုပ်အမှုဆောင်ဆိုတဲ့ ပါတီတာဝန်ပေးအပ်ထားတာကနေ ရပ်စဲတယ်လို့ပဲ ပြောတာရှင့်။

 

မေး။ ။ ဒေါ်သက်သက်ခိုင်က လွှတ်တော်က ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာလည်း အဖွဲ့ဝင်အနေနဲ့ ပါတာဆိုတော့ အဲ့ဒီမှာကော ဘယ်လို ဆက်ရှိမလဲ။

ဖြေ။ ။ အဲ့ဒါကတော့ အဖြူ၊ အမည်း မသိရသေးဘူး။ အဲ့ဒါဖြစ်ရင်တော့ လွှတ်တော်ဥက္ကဌက ပြောမှာပေါ့။ ကျမကိုတော့ ဘာမှ မပြောသေးဘူး။

 

မေး။ ။ လွှတ်တော်ထဲမှာ ဘတ်ဂျက်ကိစ္စတွေ၊ စီးပွားရေးကိစ္စတွေမှာ ထောက်ပြ၊ ပြောဆိုခဲ့တာတွေ ရှိတယ်။ အခု ပါတီတာဝန်ကနေ ရပ်စဲခံရတာက ဒါတွေနဲ့ သက်ဆိုင်မလား။ ဘယ်လို သုံးသပ်လို့ ရမလဲ။

ဖြေ။ ။ လွှတ်တော်ထဲမှာနဲ့တော့ မဆိုင်ဘူး ထင်တယ်ရှင့်။ ကျမကို ခေါ်လည်း မခေါ်ဘူး။ စစ်လည်း မစစ်ဆေးဘဲနဲ့ တဖက်သတ် စာထုတ်တာ။ ပြီးတော့ ထုတ်တဲ့စာမှာလည်း အကြောင်းပြချက် မပါဘူးဆိုတော့ ကျမက ပြောရတာ ခက်တယ်။ ကျမထင်တာ ပါတီက မီဒီယာတွေနဲ့ သိပ်မပြောစေချင်တာတော့ ရှိတယ်လေ။ မီဒီယာပေါ်မှာ ပြောတဲ့စကားတွေ အပေါ်မှာ မကြိုက်တာလည်း ဖြစ်နိုင်တာပေါ့။

 

မေး။ ။ ဒီလို ဖြစ်သွားတော့ ဘယ်လို ခံစားရလဲ။ ကျေနပ်မှုရှိလား၊ တရားမျှတတယ်လို့ကော ထင်လား။

ဖြေ။ ။ တရားမျှတမှု မရှိဘူး။ သို့သော်လည်း ကျမ ဘယ်လိုမှ မခံစားရပါဘူးရှင့်။ အဓိကတော့ တိုင်းပြည်အတွက်ပဲ အလုပ်လုပ်ခွင့် ရသလောက်ကို ကျမ လုပ်သွားမှာပါ။

 

မေး။ ။ တခြား ဘာများ ဖြည့်စွက် ပြောချင်တာ  ရှိပါသေးလဲ ခင်ဗျာ။

ဖြေ။ ။ ဖြည့်စွက် ပြောချင်တာကတော့ ပါတီစည်းကမ်းအရ ကျမဒီလိုမျိုး မီဒီယာက မေးတာကို ဖြေတာကိုက ပါတီက ကြိုက်ချင်မှလည်း ကြိုက်မယ်။ ကြိုက်ချင်မှ ကြိုက်မှာဖြစ်တဲ့အတွက်ကြောင့် ဒီမိုကရေစီရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း ပါတီတွင်းမှာ ရှိဖို့ လိုအပ်နေတာပေါ့နော်။ ရှိတဲ့ ‘ပါတီစည်းကမ်း၊ ပါတီစည်းကမ်း’ ပဲ ကိုင်ပြီး ပြောနေကြတော့ ပါတီစည်းကမ်းကို ပြန်ပြီး သုံးသပ်ရမယ့်အချိန် ဖြစ်တယ်လို့ ကျမကတော့ ယူဆတယ်ရှင့်။

ကျေးဇူးတင်ပါတယ်။

 

Mizzima Weekly