"သာတူညီမျှတဲ့ စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်"

"သာတူညီမျှတဲ့ စိတ်ထားနိုင်ပြီး အစွဲမကြီးဖို့ လိုတယ်"

ရှမ်း၊ ပလောင်လူမျိုးရေးပဋိပက္ခ လပေါင်းများစွာကြီးမားခဲ့ပြီးနောက်ပိုင်း လျော့ကျသွားပုံအကြောင်းကို ထိုလူမျိုးနှစ်ခုလုံးနှင့် သက်ဆိုင်နေသူတစ်ဦးက ပြောပြထားသည်

ရှမ်း၊ ပလောင် ကပြား ဒေါက်တာမျိုးသန့်ထွန်းသည် လားရှိုးတက္ကသိုလ်၊ ဒဿနိကဗေဒဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းနေသူဖြစ်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြားတိုက်ခိုက်မှုများကြောင့် ပေါ်ပေါက်လာသော လူမျိုးရေးပဋိပက္ခ လျော့နည်းပပျောက်ရေးဆောင်ရွက်နေသော ပရဟိတ သမားတစ်ဦးလည်း ဖြစ်သည်။

မကြာသေးခင်ကလားရှိုးမြို့တွင် ဒေါက်တာမျိုးသန့်ထွန်းနှင့်တွေ့ဆုံစဉ် မေးမြန်း၊ ပြောဆိုခဲ့သည်များထဲမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

SSA နဲ့ TNLAတို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းပလောင်နဲ့ ရှမ်းလူမျိုးတို့ရဲ့ ဆက်ဆံရေးအ ခြေအနေ ဘယ်လိုရှိပါသလဲ။

ရှမ်းနဲ့ ပလောင်တင်မကပါဘူး၊ ဓနု၊ ပအိုဝ်းစတဲ့ ရှမ်းပြည်နယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ နှစ်အိမ့်တစ်အိမ်လိုနေကြတယ်။ သူငယ်ချင်းလိုလည်ပင်းဖက် ပေါင်းကြတယ်။ ဒီလိုနေကြရာကနေ ၂ဝ၁၆ခုနှစ်  (RCSS/SSA နဲ့ TNLA)  အပြန်အလှန်တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ ဆက်ဆံရေးပုံစံပြောင်းလာတယ်။

ပလောင်လူမျိုးတွေကလည်း TNLA ကို RCSS ကလာတိုက်တာဖြစ်တဲ့အတွက် ကျဆုံး၊ သေဆုံးတာတွေ ကြားရ၊ မြင်ရတဲ့အခါ မခံချင်ဘဲ “ရှမ်းတွေကငါတို့ရန်သူ” ဆိုပြီးတော့ ဖြစ်၊ ရှမ်းဘက်ကလည်း ပလောင်တပ်မတော်ပေါ်မှာတင် မကတော့ဘဲနဲ့ ပလောင်လူမျိုးတွေပေါ်မှာကိုရောပြီးတော့ “ပလောင်သည် ငါတို့ရန်သူ” ဆိုပြီး မြင်လာတယ်။

တချို့ လည်ပင်းဖက်ပေါင်းနေတဲ့ သူငယ်ချင်းအချင်းချင်းတောင်မှ အဲဒီကိစ္စနောက်ပိုင်းကိုတဖြည်းဖြည်းဝေးကွာ၊ ဝေးကွာပြီးတော့ သီးသန့်ဖြစ်သွားကြတယ်။ ၂ဝ၁၆ခုနှစ် နမ့်ခမ်းဘက်မှာတော့ ပြည်သူအချင်းချင်း ဆက်ဆံရေးအခြေအနေ အဆိုးဆုံးဖြစ်ခဲ့တယ်။ ပလောင်တွေကရှမ်းရွာဆိုရင် ဖြတ်မသွားတော့ဘူး။ ရှမ်းတွေကလည်းပလောင်ရွာဆိုမဖြတ်တော့ဘူး။ အရောင်းအဝယ်လည်းအဲဒီလိုတွေ ဖြစ်လာတယ်။ ရှမ်းရောင်းတဲ့ဆိုင် ပလောင်မဝယ်နဲ့၊ ပလောင်ရောင်းတဲ့ဆိုင် ရှမ်းမဝယ်နဲ့ ဆိုတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့တယ်။

၂ဝ၁၇ နောက်ပိုင်းမှာတော့ ပြည်သူတွေက … ရှမ်းသေတိုင်းပလောင်သတ်တာမဟုတ်ဘူး။ ပလောင်သေတိုင်းရှမ်းသတ်တာမဟုတ်ဘူး၊ ကြားထဲမှာဝင်ပြီးတော့ လုပ်တဲ့သူတွေ ရှိတတ်တယ်ဆိုတာ နားလည်လာကြတယ်။ တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးက ပြည်သူတွေဒုက္ခရောက်နေရတယ်ဆိုတာ မြင်လာတော့ တိုက်ပွဲတွေကိုစိတ်ကုန်လာကြတယ်။ အဲဒီကစပြီးတင်းမာမှုတွေလျော့လာပြီးအရောင်းအဝယ်၊ ဆက်ဆံရေးကအစ ပြန်ပြီးတော့ လုပ်လာကြတယ်။ ဒါပေမယ့် တအားကိုအယူသည်း၊ အစွဲအလန်းကြီးတဲ့သူတွေကတော့ ကျန်နေသေးတယ်။

တိုက်ပွဲတွေ ဘယ်လိုစဖြစ်လာတယ်လို့ သိရသလဲ။

(တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် - NCA မှာ)လက်မှတ်ထိုးပြီးတော့ RCSSက မြောက်ပိုင်းခွင်ကိုဝင်လာတယ်။ ရှိပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လက်နက်နဲ့ ရဲရဲတင်းတင်းဝင်လာတာက ဝင်ခွင့်ပေးတဲ့ သူရှိတယ်။ ဝင်လာတဲ့ဒေသကိုလည်းလိုက်ပြီးတော့ ကူညီပံ့ပိုးနေတဲ့သူရှိတယ်။ ဒီတော့ နယ်ချဲ့လာတယ်လို့ ပြောလို့ရတဲ့RCSSနဲ့ ရှိရင်းစွဲ ပလောင်တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ TNLA တို့ ထိတွေ့မှုဖြစ်ကြ၊ တိုက်ကြတယ်။ ကိုယ့်အိမ်ပေါ်တက်လာပြီးသူများကရန်လာလုပ်ရင် ပြန်ခုခံတာတော့ ရှိမှာပဲ။

ကျွန်တော်ကရှမ်းပလောင်ကပြားဖြစ်တဲ့အတွက် ပလောင်သေရင်လည်း ကျွန်တော့် အမေဘက်ကအမျိုးတွေ သေတယ်လို့ ခံစားရတယ်။ ရှမ်းသေရင်လည်း ကျွန်တော်အဖေဘက်ကအမျိုးတွေ သေတယ်လို့ ခံစားရ ပြန်ရော။ ဒါကြောင့် တစ်ဖက်ဖက်ကိုအစွန်းရောက်ပြီးတော့ တွေးပေးစရာမရှိပါဘူး။

RCSSက စစ်ရေးအကျိုးစီးပွား၊ နယ်မြေရရှိမှုပေါ် မူတည်တယ်။ NCA လက်မှတ်ထိုးထားတာဖြစ်လို့ RCSSနဲ့ တပ်မတော်ကြားမှာဘယ်လိုကတိကဝတ်တွေ ထားရှိစာချုပ်တွေ ရှိလဲဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ TNLA ကတော့ လက်မှတ်လည်းမထိုးထားဘူး။ လူ့သဘောသဘာဝအရကိုယ့်သဘောဆန္ဒမှ မလိုက်နာရင် မကြိုက်တာလည်းအမှန်ပဲဆိုတော့ စစ်ရေးအရတင်းမာတာတွေရှိတယ်။ ပလောင်စစ်သားမဟုတ်တဲ့ ပလောင် လူမျိုးတောင်မှ  လမ်းခရီးသွားရင် စစ်ဆေးမေးမြန်းမှု တင်းကျပ်တဲ့ အခြေအနေမျိုးတွေ ရှိခဲ့တယ်။ တချို့တာဝန်ရှိသူတွေကတအာင်းကိုပလောင်မှန်းမသိကြဘူး။ တအာင်းလို့ ပြောလိုက်တာနဲ့ ပိုပြီးတော့ တင်းကျပ်တဲ့ စစ်ဆေးမှုတွေ လုပ်တာမျိုးတွေရှိတယ်။

နောက်ထူးခြားတာတစ်ခုက TNLA ထဲမှာ ရှမ်းစစ်သားတစ်ယောက်မှ မရှိဘူးလို့ ကြားပေမယ့် RCSS ထဲမှာအထက်အကြီးအကဲတွေမှာတော့ ပလောင်တစ်ယောက်မှ မရှိဘူး။ အောက်ခြေကအသေခံတိုက်ရတဲ့ စစ်သားတွေရဲ့ ၆ဝ ရာခိုင်နှုန်းက တောင်ပိုင်းက ပလောင်လူမျိုးတွေချည်းပဲလို့ သိရပါတယ်။ ဒါကြောင့် ရှမ်းနဲ့ ပလောင်နဲ့ တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး၊ စစ်မြေပြင်မှာ TNLA ကပလောင်နဲ့ RCSS က ပလောင်၊ ပလောင်အချင်းချင်း တိုက်နေသလို ဖြစ်နေတာ။

လောလောဆယ် ရှမ်းနဲ့ တအာင်းကြားမှာ လူမျိုးရေးပဋိပက္ခ ကြီးကြီးမားမားရှိနေသလား။

ရှမ်းကပလောင်ကိုလုပ်တယ်၊ ပလောင်က ရှမ်းကိုလုပ်တယ်၊ ပဋိပက္ခတွေ ဖြစ်တယ်ဆိုတာတွေ မြေပြင်မှာမမြင်တွေ့ရပေမယ့် အင်တာနက်တွေ၊ လိုင်းတွေပေါ်မှာတော့ တွေ့ရ၊ ကြားရတယ်။

ရှမ်းမြောက်မှာလက်နက်ကိုင် ပဋိပက္ခတွေ၊ မတူတဲ့ လူမျိုးတချို့ကြားအနည်းငယ် တင်းမာနေတာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေလျှော့လို့ရနိုင်မလဲ။

ရှမ်းမြောက်မှ မဟုတ်ဘူး။ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေက တန်းတူညီမျှမှုကို လိုနေတယ်လို့ ယူဆတယ်။ တန်းတူညီမျှဆိုတာ အားလုံးတူညီစွာ ရဖို့မဟုတ်ဘူး၊ ဗမာတစ်ကျပ်ရတိုင်းတိုင်းရင်းသားတွေ တစ်ကျပ်ရရမယ်လို့ မဆိုလိုပါဘူး။ တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူညီမျှမှုဆိုတာ အရမ်းကို ခွဲခြားလွန်းတာတွေ မလုပ်စေချင်တာပါ။

ဥပမာ…နေပြည်တော်သွားလမ်းလိုတောင်ပေါ်ဒေသတွေမှာ နိုင်လွန်ကတ္တရာနေရာတိုင်းလုပ်ပေးရမယ်၊ အကြီးကြီးလုပ်ပေးရမယ် ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ဟိုမှာပေတစ်ရာလောက်ခင်းထားပေးရင် တိုင်းရင်းသားဒေသတွေမှာ ပေနှစ်ဆယ်လောက်ကော မရနိုင်ဘူးလား။ နိုင်လွန် ကတ္တရာမခင်းပေးနိုင်လည်း ကွန်ကရစ် လမ်းပေါ့။ မခင်းနိုင်တဲ့ နေရာလည်းထားပေါ့၊ ဒါပေမယ့် လမ်းဖောက်ပေးဖို့တော့ လိုအပ်တယ်။ အစိုးရဘက်ကတော့ စေတနာမှန်ရပါမယ်။ အဲဒါမှ တန်းတူညီမျှတယ်ဆိုတာ ဖြစ်လာမှာပါ။

ရှမ်း၊ ပလောင် တိုင်းရင်းသားတစ်ယောက်အနေနဲ့ ပဋိပက္ခတွေလျော့ကျအောင် ဘာတွေလုပ်နေသလဲ။

ကျွန်တော်တတ်နိုင်တဲ့ အတိုင်းအတာအရတော့ လာရှိုးတက္ကသိုလ်ရဲ့လှုပ်ရှားမှုတွေ ၊ လားရှိုးမြို့နယ်အတွင်း လှုပ်ရှားမှုတွေမှာ မြို့နယ်အလိုက် တိုင်းရင်းသားယဉ်ကျေးမှုကော်မတီတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ရတဲ့ အခမ်းအနားတွေကျင်းပတာ၊ အစည်းအဝေးတွေ လုပ်တာ၊ ညစာစားပွဲတွေ လုပ်တာတွေရှိတယ်။ ရင်းရင်းနှီးနှီးချစ်ချစ် ခင်ခင်နဲ့  ညီအစ်ကိုမောင်နှမတွေလို ဆက်ဆံပြောဆိုကြတာတွေ လုပ်ခွင့်ရအောင် ဒီလိုအခမ်းအနားတွေ လုပ်ပြီးဆုံကြတယ်။ လူမျိုးပဋိပက္ခ မဟုတ်ဘူး၊ လက်နက်ကိုင်တွေကြားထဲမှာ ဖြစ်တဲ့ ပြဿနာဆိုတာကို ပေါ်လွင်အောင် ပလောင်လူငယ်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့တွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေရှိတယ်။

လားရှိုးကိုတာဝန်နဲ့ ပြောင်းလာရတော့ ဒီမှာရှမ်းလည်းရှိတယ်။ ပလောင်လည်းရှိတယ်။ ရှမ်းအင်အားစုက များတယ်။ ငွေကြေးလည်းတောင့်တင်းတယ်။ လူအင်အားလည်းတောင့်တင်းတယ်။ တစ်ဖက်က ပလောင်တွေကျတော့ ပညာတတ်မှု အားနည်းတယ်။ လားရှိုးမြို့ပတ်ပတ်လည်မှာဆို စာသင်ကျောင်းမရှိ၊ ဗမာစကားမတတ်တဲ့ ပလောင်ရွာတွေ အများကြီးတွေ့ရသလို၊ တော်တော်ကို အောက်ကျနောက်ကျဖြစ်နေတာ တွေ့ရတယ်။ ဆေးရုံတက်ရမယ့် ကိစ္စကြုံ လို့ ဆေးရုံလာတက်ရရင်တောင် ငွေကြေးမပါ၊အဝတ်အစားမပါ၊ တောင်ယာလုပ်ငန်းမှာ ဝတ်ထားတဲ့ အဝတ်အစားတစ်ခုပဲရှိပြီး ချွေးတွေနဲ့ ညစ်ညစ်ပတ်ပတ်ဖြစ်နေတဲ့ ပလောင်တွေကို ဘယ်သူလုပ်ပေးမှာလဲ။ လုပ်ပေးမယ့်သူလားရှိုးမှာမရှိခဲ့ဘူး။ တအာင်းပရဟိတအဖွဲ့ကို ကျွန်တော် ထူထောင်တယ်။ တအာင်းပရဟိတအဖွဲ့မှာလုပ်နေတာဖြစ်လို့ တခြားလူမျိုးတွေကို မကူညီဘူးဆိုတာ မရှိဘူး။ အဖွဲ့နဲ့ သွားရင်းလာရင်း ကြုံရင်ကြုံသလို ကူညီတာပါ။ ရှစ်ဆယ် ရာခိုင်နှုန်းကတော့ ပလောင်တွေကို ကူညီတာများတယ်။

တိုင်ရင်းသားတွေ ငြိမ်းချမ်းစွာအရင်က အတိုင်းအတူယှဉ်တွဲနေနိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ။

တိုင်းရင်းသားတွေကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ အဓိကကတော့ “ငါ့လူမျိုး၊ ငါ့ဒေသ” ဆိုတဲ့ အစွဲတွေစွန့်ပြီးတော့မှ ငါတို့လူသားတွေပဲဆိုတဲ့ အသိရှိဖို့ပဲ။ ငါကရှမ်း၊ သူကပလောင်ဆိုတဲ့ ကွဲပြားမှုတွေထည့်မစဉ်းစားဘဲ လူသားအချင်းချင်းဆိုတဲ့ သာတူညီမျှတဲ့ စိတ်ထားနိုင်ပြီးအစွဲမကြီးဖို့လိုတယ်။ ကျရာတာဝန်တော့ ထမ်းဆောင်ရမှာပေါ့၊ရှမ်းပြည်မှာနေရင် ရှမ်းပြည်ကောင်းကျိုးကိုလုပ်မယ်၊ ရေနံချောင်းမှာနေရင် ရေနံချောင်းမြို့ရဲ့ကောင်းကျိုးကိုတော့ လုပ်ပေးနေဖို့လိုတယ်။       ။

Mizzima Weekly