Get ဒစ်ဂျစ်တယ်စီးပွားရေးပလက်ဖောင်း၏ အမှုဆောင်အရာရှိချုပ် ကိုငြိမ်းချမ်းစိုးဝင်း

Get ဒစ်ဂျစ်တယ်စီးပွားရေးပလက်ဖောင်း၏ အမှုဆောင်အရာရှိချုပ် ကိုငြိမ်းချမ်းစိုးဝင်း

သြဂုတ် ၂၄ ။           ။ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် တမူး-မိုရေး နယ်စပ်ဂိတ်ကို စစ်ကိုင်းတိုင်းဒေသကြီးတမူးမြို့၊ နှစ်နိုင်ငံချစ်ကြည်ရေးသံတံတားအနီး မြန်မာနိုင်ငံဘက်ခြမ်းတွင် သြဂုတ်လ ၈ ရက်နေ့၌ စတင်ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြားနယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း ၉၀ အတွင်း ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်း တမူး-မိုရေး အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ် ဖွင့်လှစ်ပွဲနှင့်ပတ်သက်၍ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည့် Get ဒစ်ဂျစ်တယ်စီးပွားရေးပလပ်ဖောင်း၏ အမှုဆောင်အရာရှိချုပ် ကိုငြိမ်းချမ်းစိုးဝင်း ကို နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေများအား မဇ္စျိမမှ သတင်းထောက် မျိုးပြည့်သင်းက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ အိန္ဒိယမြန်မာနယ်စပ်  တမူး-မိုရေး ဂိတ်ဖွင့်ပွဲတက်ရောက်ခဲ့တဲံ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဂိတ်ဖွင့်ပွဲကတော့ ကျွန်တော်တို့ပထမဦးဆုံး ပတ်စ်ပို့နဲ့ ဗီဇာနဲ့သုံးပြီးတော့ တမူး-မိုရေးဂိတ်ကို ပထမဦးဆုံး ဖြတ်ခဲ့တာပေါ့နော်။ ဒီဘက် တမူးဘက်မှာတော့ တော်တော်လေးတိုးတက်နေပါတယ်။ ပထမဦးဆုံးဖြတ်ရတဲ့အတွေ့အကြုံကတော့ တော်တော်လေး ရင်ခုန်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တမူး-မိုရေးဂိတ်က အိန္ဒိယကိုထွက်တဲ့ အရေးကြီးတဲ့ ထွက်ပေါက်တစ်ခုဖြစ်လို့ပါ။

မေး ။ တမူး-မိုရေး နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက် ဘယ်လိုရှိလဲ။

ဖြေ။ ။ တမူး-မိုရေးဂိတ်ကို ဖွင့်ဖို့ ကြိုးစားနေတာကြာပါပြီ။ အဓိကက မဇ္စျိမက ဦးစိုးမြင့်တို့ ကျွန်တော်တို့ ကြိုးစားနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဓိကကတော့ မဏိပူရဘက်ကလည်း ကျွန်တော်တို့ဘက်ကို အများကြီးဖွင့်ချင်ပါတယ်။ သူတို့မှာ Act East Policy ရှိပါတယ်။ အဓိကက အရှေ့ဘက်ကိုကြည့်ဆိုတဲ့ ပေါ်လစီရှိပါတယ်။ မဏိပူရ၊ အာသံ အစရှိတဲ့ အရှေ့မြောက်ပြည်နယ် ၇ ခုဟာ အိန္ဒိယနိုင်ငံထဲမှာဆိုသော်လည်း အိန္ဒိယပြည်မကြီးနဲ့ ဆက်သွယ်တဲ့နေရာက အင်မတန်မှခက်ခဲပါတယ်။ ဒါကြောင့် အရှေ့ဘက်ကို တံခါးဖွင့်ဖို့အတွက်က သူတို့အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့အတွက်ကလည်း မြန်မာနိုင်ငံက ပထဝီနိုင်ငံရေးအရ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားထဲမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီနယ်စပ်ကလည်း တရုတ် မြန်မာ-အိန္ဒိယကုန်သွယ်မှုအတွက် အလွန်အရေးကြီးတဲ့လမ်းကြောင်းဖြစ်ပါတယ်။

 

မေး။ ။ ဒီလို တမူး-မိုရေး နယ်စပ်ဂိတဖွင့်လှစ်လိုက်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေအခြေအနေ ဘယ်လို ရှိလာနိုင်လဲ။

ဖြေ။ ။ Tourism အနေနဲ့ကတော့ မဏိပူရနဲ့ ကျွန်တော်တို့က လူရဲ့အသွင်အပြင်လက္ခဏာကအစ အတူတူပါပဲ။ ကျွန်တော်တို့ မဏိပူရသွားလိုက်တယ်ဆိုရင် မြန်မာပြည်ရဲ့တခြားနယ်ထဲရောက်သွားသလိုပဲ။ လူတွေရဲ့ အသားအရောင်၊ မျက်နှာအနေအထားကအစ ကျွန်တော်တို့ ရှမ်းတွေ၊ မြန်မာလူမျိုးတွေ၊ ကချင်လူမျိုးတွေရဲ့ ပုံစံအတိုင်းပါပဲ။ အဲဒီဘက်မှာလည်း မြန်မာပြည်ထဲမှာလိုပဲ၊ ချင်းတွေ၊ နာဂတွေ ၊ ရှမ်းမျိုးနွယ်တွေလည်း အများကြီး ရှိပါတယ်။ ဆိုတော့ သူတို့ကလည်း ကျွန်တော်တို့ မြန်မာပြည်ကို အများကြီး လာလည်ချင်တယ်။ လာကြည့်ချင်တယ်။ နောက်တစ်ခါ မဏိပူရအမျိုးတွေဆိုရင်လည်း မန္တလေးမှာ ငယ်ငယ်က သိထားတဲ့ ပုဏ္ဏားတွေပေါ့နော်။ ဘုရင်ခေတ်တည်းက ခေါ်လာတဲ့ပုဏ္ဏားတွေ ဒီမှာလာပြီးအခြေချနေတာရှိပါတယ်။ သူတို့ဘက်ကလည်း လာလည်ချင်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဆီမှာ ဗုဒ္ဓဂါယာအထိ သွားလို့ရတယ်။ နီပေါ-ဘူတန် အထိ သွားမယ်ဆိုရင် သွားလို့ရတဲ့ တောက်လျောက် လမ်းပေါက်သွားပါတယ်။ အဲဒီတော့ ခရီးသွားလုပ်ငန်းအနေနဲ့တော့ အများကြီးဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ခရီးသွားလုပ်ငန်းရဲ့အစမှာဖြစ်လေ့ရှိတဲ့အတိုင်း အစပိုင်းကျွန်တော်တို့တော့ Business Traveler ပေါ့နော်။ စီးပွားရေးလုပ်ငန်းအလားအလာတွေရှာဖို့အတွက်သွားတဲ့လူတွေလည်း ကျွန်တော်တို့ စလာပါလိမ့်မယ်။ ဒီဘုရားဖူး လို့ခေါ်တဲ့ ဘုရားဖူးသမားတွေလည်း သွားပါလိမ့်မယ်။

မေး။ ။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးအလားအလာက ဘယ်လိုဖြစ်လာနိုင်လဲ။

ဖြေ။ ။ ပတ်စ်ပို့နဲ့ ဗီဇာနဲ့ ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ သူတို့ကလည်း မြန်မာတစ်ပြည်လုံးကို သွားလို့ ရပါတယ်။ ကုန်သွယ်ရေးနဲ့ပတ်သတ်လို့လည်း အရှေ့ပြည်နယ်တွေက တရုတ်-မြန်မာက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို အများကြီး အားထားလာနိုင်ပါတယ်။ အခုဆိုရင် သူတို့ရဲ့မြို့ကိုရောက်ဖို့အတွက် တရုတ်ပြည်ကနေတစ်ပတ်ကြီးပေါ့နော်။ မလက္ကာ ရေလက်ကြားကိုဖြတ်ပြီးတော့ မြန်မာပြည်၊ ကလကတ္တား အထိ ပို့ရတယ်။ ကလကတ္တားမှာ ကားတစ်တန်နဲ့တစ်ခါ သူတို့ဆီသွားရတယ်။ အဲဒီတော့ အင်မတန်မှ ကုန်သွယ်ရေးလမ်းကြောင်းက ကြာပါတယ်။ ကျွန်တော်တို့ ပုံမှန်ခရီးသွားမယ်ဆိုရင် မဏိပူရရဲ့မြို့တော်ဖြစ်တဲ့ အင်ဖာကို သွားမယ်ဆိုရင် ကလကတ္တားကို သွားရပါတယ်။ ကလကတ္တား မှာ တစ်ညအိပ် နောက်နေ့မနက်မှ အင်ဖာကို လေယာဉ်စီး။

အခု အင်ဖာကနေပြီးတော့ ရန်ကုန်ကို ပြန်လာကြည့်တော့ မနက် ၆ နာရီခွဲ ထွက်ပါတယ်။ ရန်ကုန်ကို ညနေ ၆ နာရီမှာ ရောက်ပါတယ်။ ဆိုတော့ ခရီးတော်တော်လေး ကျုံ့သွားပါတယ်။ အဲဒီလိုဆိုပေမယ့် ပတ်သွားရတာရှိလို့ တော်တော်ကြီးကို လေကြောင်းလိုင်းရော၊ ရေလမ်းကြောင်းထက်စာရင် အများကြီး ကျု့ံသွားပါတယ်။ ဒါက ကုန်သွယ်မှုအတွက် အရမ်းအရေးပါတာပါ။ ကျွန်တော်တို့ ကလေး-တမူး လမ်းမှာလည်း အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအနေနဲ့ ဖောက်ထားတဲ့လမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ အတော်ကိုကောင်းတဲ့လမ်းပါ။

မေး။ ။ မြန်မာခရီးသွားတွေက မဏိပူရပြည်နယ်ကနေတစ်ဆင့် အိန္ဒိယနိုင်ငံကို ဘာအတွက် သွားလေ့ရှိလဲ။

ဖြေ။ ။ မဏိပူရ၊ အင်ဖာမှာ ကျန်းမာရေးစောင့်ရှောင့်မှုက အိန္ဒိယရဲ့တခြားနေရာမှာလိုပဲ။  ကျန်းမာရေး စောင့်ရှောက်မှုက အရမ်းကို ကောင်းပါတယ်။ အရင်ကတည်းက ကိုယ့်ရဲ့အဆက်အသွယ်လေးတွေနဲ့ ကျွန်တေ်ာတို့ ဆေးသွားကုတာ ရှိပါတယ်။ လူမျိုးအနေနဲ့လည်း သိပ်မကွာတဲ့အခါကျတော့ တစ်ဦးချင်း၊ တစ်ယောက်ချင်းအနေနဲ့ အဆက်အသွယ်ရှိရင်လည်း သွားရတာအဆင်ပြေပါတယ်။ ရေရှည်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း လွယ်လွယ်ကူကူနဲ့ ပို့လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခု လောလောဆယ်မှာတော့ မိုရေးကနေ အင်ဖာပေါ့နော်။ အိန္ဒိယမှာရှိတဲ့လမ်းအဆက်အသွယ်ကတော့ တကယ်တမ်း ပြောမယ်ဆိုရင် ကျွန်တော်တို့ဘက်လောက် မကောင်းသေးပါဘူး။ နည်းနည်းပြုပြင်ဖို့ လိုပါလိမ့်မယ်။ ပြီးရင်တော့ပိုပြီးတော့ ချောမွေ့သွားပါလိမ့်မယ်။

မေး။ ။ နယ်စပ်ဂိတ်ကနေတစ်ဆင့် အိန္ဒိယကိုသွားရောက်ဖို့အတွက် ဘာတွေလိုအပ်နိုင်လဲ။

ဖြေ။ ။ စနစ်ကတော့ ပတ်စ်ပို့နဲ့ ဗီဇာရှိဖို့ပါပဲ။ ဗီဇာကတော့အခုလောလောဆယ် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကောင်စစ်ဝန်ရုံးတွေကနေ ထုတ်ပေးနေပါတယ်။ နယ်စပ်မှာ ကောင်စစ်ဝန်ရုံးထားရှိနိုင်ဖို့လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲဒါဆိုရင်တော့ ပတ်စ်ပို့နဲ့ပဲလာ၊ ဗီဇာယူပြီးတာနဲ့ ဟိုဘက်ကမ်းကို ကူးလို့ရပါပြီ။ အိန္ဒိယ ဘက်ကနေ စပြီးလာနေတဲ့သူတွေကို ကျွန်တော်တို့တွေ့နေရပါပြီ။

မေး။ ။ အိန္ဒိယ- မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဂိတ်ကို ဖွင့်လှစ်လိုက်တာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။

 ဖြေ။ ။ ပြန်ပြောရမယ်ဆိုရင်တော့ ပထဝီနိုင်ငံရေးပေါ့နော။ အိန္ဒိယနဲ့ တရုတ်ပြည်ဆိုတဲ့ အင်အားကြီးနှစ်နိုင်ငံ လူဦးရေလည်းအများဆုံးဖြစ်တဲ့ တိုင်းပြည်နှစ်နိုင်ငံကြားမှာ နေနေတာပါ။ အဲဒီတော့ ဒီနှစ်ခုကို အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကောင်းပါတယ်။ အဲဒီအတွက် တမူး-မိုရေး နယ်စပ်ဖွင့်ပေါက်က တစ်ချိန်တုန်းကရှိခဲ့တဲ့ တမူး-အင်ဖာလမ်း၊ ရှင်းရှင်းပြောရရင် တရုတ်ပြည်ကနေ ဆက်ပြီးတော့ လာမယ်ဆိုရင် စတီးဝဲ( Stilwell) လမ်းပေါ့နော်။ ဆိုတော့ အဲဒီလမ်းကြောင်းကို ဆက်ပြီးတော့ လာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုအလားအလာတွေ အများကြီးရှိပါတယ်။ အဲဒီမှာ အခု လောလောဆယ် ဖြစ်သွားတဲ့ မြန်မာ့စီးပွားရေးအခြေအနေနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် အခုလေးတင်ပဲ သကြားတင်ပို့မှုနဲ့ ပတ်သက်ပြီးတော့ ရပ်ဆိုင်းလိုက်တဲ့အတွက်ကြောင့် သကြားကုန်သည်တွေမှာ နစ်နာမှုရှိသလို တိုင်းပြည်အနေနဲ့တော့ ဒေါ်လာစျေးကို ထိန်းချုပ်သွားနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီဟာ ဘာဖြစ်လို့ ဖြစ်ရတာလဲဆိုရင် Re export စနစ်ကိုသုံးလို့ပါ။ Re export စနစ်ဆိုတာက တခြားတစ်နိုင်ငံနေဝယ်ပြီး ပြန်ပြီးတော့ရောင်းတဲ့ စနစ်ဖြစ်နေလို့ပါ။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တေ်ာတို့က Third Countries Transit Trade ကို သုံးမယ်ဆိုရင် ကျွန်တော်တို့က ဒေါ်လာတွေလည်း မရင်းရဘဲနဲ့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေ ကျွန်တော်တို့ရဲ့ Services တွေကို သုံးတဲ့ အခကြေးငွေကို ရပြီးတော့၊ ဒီတိုင်းပြည်ကြီးနှစ်ပြည်ကြားမှာ ကျွန်တော်တို့က ဝင်ငွေတွေ အများကြီး ရလာနိုင်ပါတယ်။ အဲဒီတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ လည်း ဒီ Transit Trade စနစ်ကို အများကြီး ဖွင့်လှစ်ပေးဖို့အတွက် စဉ်းစားစေချင်ပါတယ်။

Mizzima Weekly