ခါကာဘိုရာဇီကို ရင်ဆိုင်မယ့် မြန်မာအဖွဲ့သား ၃ ယောက်

ခါကာဘိုရာဇီကို ရင်ဆိုင်မယ့် မြန်မာအဖွဲ့သား ၃ ယောက်

သြဂုတ် ၁၈ ။              ။ အရှေ့တောင်အာရှမှာ အမြင့်ဆုံးလို့ ပြောလို့ရနိုင်တဲ့ ခါကာဘိုရာဇီတောင်ကို တက်ရောက်မည့် အဖွဲ့သား ၃ ယောက်ထဲမှ ကိုဇော်ဇင်ခိုင်ကို တွေ့ဆုံပြီး ယခုနှစ်ထဲ မတက်ရောက်ဖြစ်ဘဲ ရွှေ့ဆိုင်းလိုက်သည့်အကြောင်း တွေ့ဆုံမေးမြန်းထားသည်။

မေး ။  ။ ပထမဆုံး ခါကာဘိုရာဇီတောင်ကို ဒီနှစ်ထဲ တက်ဖြစ်၊ မတက်ဖြစ် အကြောင်းလေးပြောပြပေးပါ။

ဖြေ ။    ။ ခါကာဘိုရာဇီခရီးစဉ်ကတော့ ပြင်ဆင်မှုတွေနည်းနည်းလုပ်နေတယ်။ အဲ့အတွက်ကြောင့် အချို့အချက်အလက်လေးတွေ နည်းနည်း စဉ်းစားနေသေးတဲ့အတွက် ရွှေ့ဆိုင်းထားတယ်ပေါ့ခဏ။ အတိအကျသိရရင် ကျွန်တော်တို့လည်းထုတ်ပြန်မှာပါ။

မေး ။  ။ ပထမကရော ဘယ်လိုပုံစံမျိုးတက်ဖို့ စီစဉ်ခဲ့တာလဲ။

ဖြေ ။    ။ ပထမကတော့ ဒီ ၂၀၁၈ သြဂုတ်လလဆန်းပေါ့ ပထမအပတ်ထဲမှာ ထွက်ဖို့ လုပ်ထားတယ်ဗျ။ ဒါပေမယ့် အခုဟာက အကြောင်းအမျိုးမျိုး ဖြစ်လို့ ကိစ္စတစ်ခုကြောင့်ပေါ့နော်။ ကျွန်တော်တို့ ခဏရွှေ့ဆိုင်းထားတယ်။ အတိအကျတော့ မသိသေးဘူးခင်ဗျ။

မေး ။  ။ အစ်ကိုအပါအဝင်ပေါ့ အဖွဲ့အနေနဲ့ ဘယ်နှစ်တောင်လောက် တက်ပြီးသွားပြီလဲ။

ဖြေ ။    ။ တောင်တွေကတော့ ကျွန်တော်စတက်တာ ၂၀၀၄၊ ၂၀၀၅ လောက်မှာ စတက်တယ်။ မြေသားတောင်တွေဆိုရင်တော့ တော်တော်များများက ကုန်သလောက်ရှိပြီ။ ရေခဲတောင်တွေဆိုရင်လည်း ဖုန်ကန်၊ ဖုန်ရမ်၊ ဖန်ကရမ်၊ နူထုမာတင်တို့ ခါကာဘိုဘက်၊ ကန်လန်ဘက် အဲ့ဘက်တွေကတော့ အကုန်ရောက်ဖူးပြီးသွားပြီ။ ရိုးရိုးရေခဲတောင် ဖုန်ကန်၊ ဖုန်ရမ် ကတော့တောင်တစ်လုံးကို ၂ကြိမ်၊ ၃ ကြိမ် အနည်းဆုံးရှိနေပြီဗျ။

မေး ။  ။ တစ်ခြားနိုင်ငံက တောင်တွေကိုရော တက်ခဲ့တာရှိသေးလား။

ဖြေ ။    ။ ရှိတယ်ဗျ။ ကျွန်တော် တရုတ်ပြည်လည်း တက်တယ်။ နီပေါတို့ တခြားနိုင်ငံ Oversea တွေလည်း အကုန်လိုက်တက်တယ်ဗျ။  နောက်ထပ် တက်ဖို့လည်းအကုန်စီစဉ်နေပြီဗျ။

မေး ။  ။ ခန့်မှန်းခြေပေါ့။ တစ်နှစ်ကို ဘယ်နှစ်တောင်လောက် တက်ဖြစ်သလဲ။

ဖြေ ။    ။ မြေသားတောင်ဆိုရင်တော့ တစ်နှစ်ကို ၂ ကြိမ်၊ ၃ကြိမ်၊ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးမျိုးကတော့ Camping တို့ဘာတို့ ထရိန်နင်းလုပ်တာပေါ့။ အနည်းဆုံးသွားဖြစ်တယ်။ တက်တာဆိုရင်တော့ ဘားအံတို့ ၊ မန္တလေးတို့မှာ လုပ်တယ်။ နည်းပညာနဲ့ ပတ်သက်လို့ လေ့ကျင့်ရင်တော့ ကျွန်တော်တို့က Indoor ရှိတယ်။ အဲ့မှာ လုပ်တယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ပက်သက်လို့ရှိရင်တော့ ကျွန်တော်တို့ကို စပွန်ဆာပေးထားတဲ့ ထူးရဲ့ ရန်ကုန်ယူနိုက်တက်ရဲ့ GYM မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ လေ့ကျင့်တယ်။

မေး ။  ။ တောင်တက်အားကစားက မြန်မာနိုင်ငံမှာလည်းမဖွံ့ဖြိုးသေးတဲ့အထဲပါတော့ ဘယ်လိုလုပ် ဖြစ်လာတာလဲ။

ဖြေ ။    ။ ကျွန်တော်ကအရင် ၂၀၀၃၊ ၂၀၀၄ လောက်တည်းက စားသောက်ဆိုင် ဖွင့်တာဗျ။ စခဲ့တာပေါ့ တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းက ကျွန်တော့်ဆီမှာ အမြဲလာပြီးတော့ တောင်တွေ တက်တယ်။ ရေခဲတောင်တွေ တက်တယ်။ အောင်မြင်ပြီး ပြန်လာခဲ့ရင် ဂုဏ်ပြုပွဲတွေ လုပ်တယ်။ အဲကြရင် ကျွန်တော့်ဆိုင်မှာ လာလုပ်တယ်။ လုပ်တဲ့အချိန် သူတို့တောင်တက်ရတဲ့အတွေ့အကြုံတွေ စွန့်စားရတာတွေ၊ ပြီးရင် သူတို့ရဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ပြတယ်။ ကျွန်တော့်ကို အဲဒါတွေ ကြည့်ပြီး အရမ်းဖီးတက်သွားတယ်။ ပြီးတော့ ကျွန်တော်လည်း ၁၀ တန်းပြီးတော့ တက္ကသိုလ်စတက်တော့ တက္ကသိုလ်များခြေလျင်တောင်တက် အသင်းကို စပြီး ချိတ်တယ်။ ပြီးမှ ရှမ်းပြည်ဘက်ဆင်း၊ နောက် ဗစ်တိုးရီးယား အဲကနေစပြီး ၂၀၀၅ ၊ ၂၀၀၆ မှာပဲ ရေခဲတောင်တွေ တောက်လျှောက်တက်လာတာပေါ့။ အခုထိပဲ။

မေး ။  ။ တောင်တက်အားကစားမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ ။    ။ တောင်တက်အားကစားရဲ့အကျိုးကျေးဇူးကိုပဲအရင်ပြောလိုက်မယ်။ တခြားအားကစားနည်းတွေနဲ့ မတူဘူး။ မိမိကိုယ်ကိုယ် မိမိရဲ့စွမ်းအင်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော၊ မိမိကိုယ်ကိုယ်မိမိ ဘယ်လို ထိန်းချုပ်နိုင်မလဲ။ လူဆိုတာပိုက်ဆံကြီးပဲ ချမ်းသာနေလို့ပဲလည်း မရဘူး။ ကျန်းမာရေးကြီးပဲလည်းကောင်း နေလို့မရဘူး။ ပိုက်ဆံရှိရင် ဘယ်အရာမဆို ဝယ်ပြီးစားနိုင်တယ်။ ဥပမာကျွန်တော်တို့ လမ်းမှားသွားတယ်။ လမ်းပျောက်သွားတယ်ဆိုဥပမာကားစီးရင်တောင်ကားပြင်တတ်သလားပေါ့နော်။ ကျွန်တော်တို့ တောထဲရောက်သွားလို့ရှိရင် ကိုယ့်ကိုယ် ကိုရပ်တည်နိုင်ဖို့အတွက် ထင်းခုတ်မယ်။ ရေခပ်မယ်။ မီးမွှေးမယ်။ စားဖို့အတွက်ရော ဘယ်အရာက စားလို့ရတဲ့ဟာလည်း၊ စားလို့မရတဲ့ဟာလည်း အများကြီးပဲဆိုတော့ ဗဟုသုတအနေနဲ့ ရှိသင့်တယ်ပေ့ါ။ ဒီတောင်တက်အားကစားလုပ်ခြင်းအားဖြင့် အကုန်လုံးပေါ့။ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်မယ်။ ဒီအလေ့အထတွေလည်းရမယ်။ ဒီအလေ့အကျင့်တွေလည်းရမယ်။ ပြီးရင် အဓိက Teamwork  တောင်တက်တယ်ဆိုတာ တစ်ကိုယ်ကောင်းဆန်လို့ မရဘူးဗျ။ အတ္တများလို့ မရဘူး။ အဲ့တော့ ဟဲဗီးတက်မယ့် ရေခဲတောင်တွေဆိုရင်တော့ လူတွေ အများကြီးမတက်ကြဘူး ၂ယောက်၊ ၃ယောက်ပဲ တက်တယ်။ အဲကြရင်လည်းအဓိက Teamwork ပေါ့နော်။ လူအများကြီးနဲ့သွားလည်း Teamwork ရှိဖို့လိုတယ်။ တောင်တက်အားကစားဆိုတာ တကယ်တော့ အသက်အန္တရာယ်နဲ့နီးတဲ့အားကစားထဲ ပါတယ်ပေါ့နော်။

အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် မညီညွှတ်ဘူး၊ စိတ်မပြေလည်ဘူးဆိုရင် တက်လို့အဆင်မပြေဘူး။ ဒီအားကစားနည်းက ပြိုင်ရတဲ့အားကစားလည်းမဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ပြီးရင် လူလူချင်းယှဉ်ပြိုင်ရတာလည်းမဟုတ်ဘူး။ သဘာဝကိုယှဉ်ပြိုင်ရတာ။ နေပူမလား၊ မိုးရွာမလား ပြီးရင်ရှေ့မှာရှိနေတဲ့အတားအစည်းတွေဆိုတာဘာမှန်းသေချာအတိအကျမသိရဘူးပေါ့နော်။ အဲ့တော့ အားလုံးစည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့ ကိုယ့်ဘက်ကကျွမ်းကျင်တဲ့ အပိုင်းကိုတာဝန်ယူပြီး Teamwork ညီညီနဲ့ စည်းလုံးခြင်းအင်အားနဲ့ဖြတ်ရင် သဘာဝအတားအစည်းကို အောင်နိုင်တယ်။ အဲ့တော့ တောင်တက်အားကစားက ကျန်းမာရေးအတွက်လည်းကောင်းတယ်။ အဓိကလမ်းလျှောက်ရင် ကျန်းမာရေး ကောင်းတယ်လို့ အကုန်လုံးကသတ်မှတ်ထားသလိုပါ။ လမ်းလျှောက်မယ်။ တောင်တက်မယ်။ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ အခက်ခဲတွေ ရင်ဆိုင်မယ်။ မိမိကိုယ်ကိုယ်မိမိ ရပ်တည်နိုင်မလဲဆိုတာ။ မပျော့ညံ့ဘူးပေါ့ နော်။ ဘယ်အရာမဆိုကိုယ့်ဟာကိုယ် အားကိုးနိုင်တယ်ဆိုတဲ့ အားကစားနည်းတစ်ခု ဖြစ်တဲ့အတွက် ဒီအားကစားကလူတွေအတွက် အများကြီး အကျိုးကျေးဇူးရှိပါတယ်ဗျ။

မေး ။  ။ အစ်ကိုတို့အဖွဲ့အနေနဲ့ ဧဝရတ်တောင်လည်းတက်ခဲ့ပြီးပြီဆိုတော့ အသက်အန္တရာယ် ကြုံခဲ့တာမျိုး ရောရှိလား။

ဖြေ ။    ။ ဧဝရက်တော့ ကျွန်တော် မပြီးသေးဘူးဗျ။ ကျွန်တော့်တို့အဖွဲ့ဝင်ပေါ့ ကိုပြည့်ဖြိုးအောင်ပြီးတာ။ ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံကတောင်တွေ နီပေါက မီတာ ၇၀၀၀ အောက်မှာ အခက်ခဲဆုံးဆိုတဲ့ တောင်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ၅ လုံးဒီရေခဲတောင် ၅လုံးကို ၃၁ နေ့ အပြီးတက်တယ်။ ပြီးရင် ခါကာဘိုရာဇီအတွက်ရော၊ နောက်လာမယ့် စိန်ခေါ်မယ့် တောင်အကြီးကြီးတွေအတွက်ရော လေ့ကျင့်ပြင်ဆင်တယ်။ ပြီးရင် နီပေါ့အစိုးရထုတ်ပေးတဲ့ Alpine Mountain course ကို ရေခဲတောင်နဲ့ ပတ်သက်ရင် ဘယ်လိုနေမယ်။ ဘယ်လိုစားမယ်။ ဘယ်လိုအခက်ခဲတွေကြုံရင် ဘယ်လိုရင်ဆိုင်မယ်။ ကြိုးတွေဆို ဘယ်လိုဆင်မယ်။ ကိရိယာတွေ ဘယ်လိုသုံးမလဲဆိုတာကို သင်တန်းတက်ခဲ့တယ်။ အဲ့အတွက် ဒီပလိုမာတွေ ဘာတွေယူခဲ့တယ်။

တောင်တက်အားကစားနည်းကတော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အရမ်းကြံခိုင်ဖို့လိုတယ်ဗျ။ ရုပ်ပိုင်းဆိုင်ရာချည်းပဲ ကြံခိုင်နေလို့လဲမရဘူး။ ဘာကြောင့်ဆိုတော့ လူတစ်ယောက်ဟာ တောင်ပေါ် တက်မယ်ဆိုရင် ညဘက်လည်းဖြစ်ရင်ဖြစ်မယ်။ မနက်ဘက်လည်း ဖြစ်ရင်ဖြစ်မယ်။ အဲ့မှာ လေတွေလည်း အရမ်းတိုက်နိုင်တယ်။ မိုးတွေလည်း အရမ်းရွာနိုင်တယ်။ ရာသီဥတုက အပူချိန်ဆိုတာလည်း ရေခဲတောင် တက်တယ်ဆိုတာ အနုတ် ၁၀၊ ၂၀ လည်းမျိုးစုံပေါ့ ။ တောင်နဲ့ပက်သက်ပြီး သူ့ဟာသူ ရှိတယ်။ အဲဒါတွေ ရင်ဆိုင်နိုင်ဖို့ ကိုယ်ကကြံခိုင်နေရင်တောင် ကိုယ့်ရဲ့စိတ်ဓာတ်က ပျော့ညံ့နေမယ် ဆိုရင် တစ်ခုခု အခက်ခဲကြုံလာတိုင်း စိတ်ဓာတ်က ကျ ကျသွားတယ်။ အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ ဆက်မတက်နိုင် တော့ဘူး။ ဆက် မတက်ရဲတော့ဘူး။ အဲ့တော့ ရုပ်ပိုင်းဆိုင်ရာချည်းပဲကြံခိုင်နေလို့မရဘူး။ စိတ်ပိုင်းဆိုင်ရာက ပိုကြံခိုင်ဖို့လိုတယ်ပေါ့နော်။ လူဆိုတာတစ်ယောက်တည်းရပ်တည်ဖို့လည်း ခက်ခဲတယ်။ တစ်ယောက်တည်း ကပဲ ရိုးရိုးကျိုက်ထီးရိုးတောင် ညဘက်ကြီး ၁၂ နာရီ၊ ၁နာရီ မင်းလွယ်အိတ်တစ်လုံးလွယ်ပြီးတက်သွားဆိုရင် တစ်ယောက်တည်းဆိုရင် လူတွေက အားငယ်တတ်တယ်လေ။ တစ်ခုခုအန္တရာယ်နဲ့ ကြုံလာမှာကိုလည်း စိုးရိမ်တတ်တယ်။ ဒါစိတ်ပေါ့နော်။ ဆိုတော့ စိတ်ရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ကြံခိုင်ဖို့ အများကြီး လေ့ကျင့်ရတယ်ဗျ။

မေး ။  ။ ပြန်မေးရရင် တောင်ပေါ်တက်ရင်း အသက်အန္တရာယ်ကြုံဖူးလား။

ဖြေ ။    ။ စလေ့ကျင့်တဲ့အချိန်မှာ ကျွန်တော်အားနည်းချက်တွေရှိတာတို့ ကိရိယာတွေသုံးတဲ့အခါ နည်းနည်း လစ်ဟာသွားတာရှိတဲ့အချိန်ကျရင် ပြန်လျောကျတယ်။ ဒါကတော့ အတွေ့အကြုံတိုးတာပေါ့နော်။ ဘာကြောင့် ကျလဲဆိုတာသိတဲ့အခါ နောက်တစ်ခါ ဒီအမှားမျိုးထပ်မကျူးလွန်ဖို့။ ဒါပေမယ့် အသက်အန္တရာယ်တော့ ရှိနိုင်တယ်။ အနည်းဆုံးခြေကျိုး၊ လက်ကျိုးဖြစ်နိုင်တယ်။ ပွန်းပဲ့ဒဏ်ရာတွေမျိုးစုံ ရနိုင်တယ်ပေါ့နော်။ ပြီးတော့ ကျွန်တော် နီပေါမှာသွားတက်တုန်းက အမာဒါပလန်ဒီတောင်ကို တက်တယ်။ ရေခဲတောင်ကို တက်တယ်။ တက်တဲ့အချိန်မှာ ကျွန်တော်ကတောင်ထိပ်ကိုရောက်ချင်ဇောနဲ့ပေါ့နော်။ စိတ်ကအရမ်းလောကြီးနေတာ။ အဓိက ဘယ်တောင်တက်တက် အောင်မြင်ချင်တဲ့စိတ်ရှိတယ်။ ကျရှုံးတာတို့ ပြန်လှည့်ပြန်ရတာတို့ဆို ကိုယ့်ကိုယ်ကို အရမ်းမုန်းတာပေါ့နော်။

အဲဒါကြောင့် တောင်ထိပ်ကိုမြင်နေတဲ့အချိန်မှာမီတာ ၅၀၀ ၊ ၁၀၀၀ လောက် လိုတယ်။ အဲ့အချိန်မှာ ရာသီဥတုကလည်းအရမ်းဆိုးတယ်။ လေကလည်း ၁နာရီကို မိုင် ၃ - ၄၀ လောက်နဲ့ တိုက်နေတာ။ အဲ့မှာ နှင်းသီးတွေ ပါတယ်။ အဲ့တော့ အမြဲဝပ်ပြီး သွားနေရတာ။ လှည့်လိုက်တာနဲ့ မျက်နှာကိုသဲနဲ့ပက်နေသလိုပဲ။ အဲ့အချိန်မှာ ကျွန်တော့်လက်တွေ ခြေတွေကို ဂရုမစိုက်မိဘူး။ တောင်တက်တဲ့နည်းပညာမှာ တက်နေရင်းနဲ့ လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေအမြဲလှုပ်နေရတာ။ မဟုတ်ရင်ခဲသွားရော။ အလောတကြီးနဲ့ တက်နေတဲ့အချိန်မှာ အဲ့လိုလှုပ်ဖို့ မေ့သွားတာ။ နာရီဝက်၊ တစ်နာရီလောက်ပဲ။ စိတ်ထဲမှာ ကျွန်တော်မသိဘူး။ နောက် နာရီဝက်၊ ၄၅ မိနစ်လောက်တက်လိုက်တဲ့အချိန်မှာတောင်ထိပ်ကိုကျွန်တော်ရောက်သွားတယ်။

ဒါပေမယ့်တစ်မျိုးကြီးတော့ဖြစ်နေတယ်။အဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုမသင်္ကာလို့ လက်အိတ်ကို ချွတ်လိုက်တဲ့ အချိန်မှာလက်ကရေခဲဖြစ်သွားတာ။ ခဲသွားရော ကျွန်တော့သူငယ်ချင်းကပါ လန့်သွားတာပေါ့နော်။ တကယ်က ကျွန်တော်ဖြစ်တဲ့ Level က Level 2  မရောက်ဘူး။ Level 1 ကျော်ယုံပဲရှိသေးတယ်။အဲ့အတွက် လက်ချောင်းလေး ၂ချောင်း၊ ၃ ချောင်းပုပ်သွားတယ်။ ပုပ်ပြီးတော့ ပြတ်သွားတာပေါ့။ ပြတ်တယ်ဆိုတာ အသားကြွေကျသွားတာ။ အရိုးပဲ ကျန်တယ်။ အဲ့ကနေအသားနဲ့ လက်သည်းနဲ့ အသစ်ပြန်ထွက်တာပေါ့နော်။ ဒီလက် ၂ ချောင်း၊ ၃ ချောင်းက။ အဲ့တော့ ဒီတောင်တက်အားကစားနည်းက ပေါ့ဆလို့မရဘူး။ အသက်အန္တရာယ်ကဘယ်အရာမဆိုဖြစ်နိုင်တယ်။ ကိုယ့်ဟာကိုယ် ချောက်ထဲပြုတ်ကျမှ မဟုတ်ဘူး။ ခြေကျိုးလက်ကျိုးလို့ မဟုတ်ဘူး။ သူ့ရဲ့ရာသီဥတုအရမ်းအေးတဲ့အချိန်မှာလည်း။ ခြေတွေ လက်တွေကသွေးခဲပြီး ရပ်သွားနိုင်တယ်။ ကျွန်တော်ကတော့ အဲ့လိုမျိုးတွေတော့ဖြစ်ဖူးတယ်ပေါ့နော်။ တကယ်တော့ ပေါ့ဆလို့ရှိရင် အသက်အန္တရာယ်ထိဖြစ်နိုင်တယ်ဗျ။

မေး ။  ။ အသက်အန္တရာယ်ရှိတဲ့ အားကစားမျိုး အစ်ကို့အနေနဲ့ နှစ်သက်နေတာကို အိမ်ကရော ဘယ်လိုအခြေနေ သဘောထားရှိသလဲ။

ဖြေ ။    ။ ကိုယ်ပိုင်ခံစားချက်ကတော့ ကျွန်တော့်အနေနဲ့ စွန့်စားရတာဝါသနာပါတယ်။ တော်ရုံတန်ရုံ အပျော် မဟုတ်ဘူးပေါ့နော်။ ဘာလို့ဆိုတော့ ကျွန်တော်က စိန်ခေါ်ရတာကိုကြိုက်တယ်။ တောင်တက်သမားဖြစ်တယ် ဆိုရင် မြန်မာနိုင်ငံက ရေခဲတောင်တွေအကုန်လုံးနီးပါးကို ရောက်ဖူးချင်တယ်ပေါ့။ အခု ခါကာဘိုရာဇီ အပါအဝင်ပေါ့။ နိုင်ငံတိုင်းနဲ့ ကမ္ဘာပေါ်က အမြင့်ဆုံးဆိုတဲ့တောင်တွေကိုလည်း စိန်ခေါ်ကြည့်ချင်တယ်။

ဆိုလိုတာက မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကမ္ဘာပေါ်က အမြင့်ဆုံးဆိုတဲ့တောင်တွေကို ခြေချနိုင်တယ်။ နောက်ပြီးရင် အဲ့ဒီတောင်တွေထိပ်မှာလည်း ကိုယ့်မြန်မာနိုင်ငံရဲ့အလံကို လွှင့်ထူနိုင်တယ်ဆိုတဲ့ဂုဏ်ကိုလည်း ယူချင်တယ်။ ပြီးရင် ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းပေါ့နော်။ ကျွန်တော့်ရဲ့အဆင့်ကဘယ်လောက်ထိရောက်ပြီလဲ။ ဘယ်လောက်ထိ စိန်ခေါ်နိုင်ပြီလဲဆိုတာဆိုတာ စမ်းကြည့်ချင်တယ်။ အဲ့တာကြောင့် ဒီခါကာဘိုရာဇီမှမဟုတ်ဘူး ကျွန်တော်တောင်တွေ အများကြီးတက်ဦးမှာ။ အသက်အန္တရာယ်နဲ့ပတ်သက်ပြီးတော့လည်း စိတ်ထဲမှာ ဘာမှမရှိဘူး။ တောင်တက်နေရင်းနဲ့ တစ်ခုခု ဘာပဲဖြစ်ဖြစ်နောင်တမရဘူး။ ကျွန်တော်တောင်တွေကိုချစ်တယ်။ တောင်ထိပ်တိုင်းမှာလည်း ခြေချပြီးတော့ နိုင်ငံအလံရော၊ ကိုယ့်မှတ်တမ်းရော၊ မိသားစုဂုဏ်ရောရှိအောင် လုပ်ချင်တယ်။ ကိုယ်ချစ်တဲ့အားကစားနဲ့ပတ်သက်ပြီး အဲ့လိုခံယူချက်ရှိတယ်ဗျ။

မေး ။  ။ အစ်ကိုတို့အဖွဲ့အနေနဲ့ရော အမြင့်ဆုံးလို့ဆိုတဲ့ဘယ်တောင်တွေကို တက်ပြီးသွားပြီလဲ။

ဖြေ ။    ။ အဖွဲ့အစည်းအနေနဲ့ကတော့ ၂၀၁၄ ကိုအောင်မြင့်မြတ်တို့ဆုံးရှုံးတဲ့အထဲမှာ ခါကာဘိုတက်တယ်။ ပြီးရင် တရုတ်ပြည်က တောင်ကလည်း မြင့်တယ်ဗျ။ တက္ကသိုလ်များခြေလျင်တောင်တက်အသင်းနဲ့ပဲ ကျွန်တော် သွားတာပေ ၁၇၇၀၀ လောက်ရှိတယ်။ ရေခဲတောင်ဆိုတာ အဲ့ကောင်ကလည်း အန္တရာယ်တော့များ၊ အတွေ့အကြုံမရှိတဲ့သူတွေအတွက် အဓိကအောက်ဆီဂျင်ပါးလွှာတဲ့ဒဏ်ပေါ့။ အခုအဖွဲ့အစည်းအနေနဲ့ ထူးဖောင်ဒေးရှင်းကနေ စပွန်ဆာပေးပြီး မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ် ကိုယ်စားပြုအနေနဲ့ နီပေါကတောင် ကျွန်တော်လက်ထိသွားတယ်ဆိုတဲ့ အမာဒါပလန်က ကမ္ကာမှာရှိတဲ့ မီတာ ၇၀၀၀ ထဲမှာ အခက်ခဲဆုံး၊ အန္တရာယ်အရှိဆုံးပေါ့နော်။ အသေအပျောက်လည်းများတယ်။ အဲ့တောင်တွေကို အမြင့်ဆုံးအနေနဲ့ တက်ထားတယ်ပေါ့။ အဲ့တောင်က မီတာ ၆၃၀၀ ကျော်လောက်ရှိတယ်။

မေး ။  ။ မြန်မာနိုင်ငံမှာရော တောင်တက်အားကစား မဖွံဖြိုးသေးတဲ့အပေါ် အစ်ကို့အနေနဲ့သုံးသပ်ပေးပါဦး။

ဖြေ ။    ။ခြေလျင်တောင်တက်အားကစားဆိုတာ ကျွန်တော်စဝင်တော့ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ မှာ တက်လာတဲ့ အချိန်မှာလူဦးရေက နည်းနည်းလေးပေါ့နော်။ အသင်းဆိုတာကလည်း မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ် နဲ့ ၊ တက္ကသိုလ်များခြေလျင်တောင်တက်အသင်း ၂ သင်းပဲရှိတယ်။ ဒါပေမယ့် ၂၀၁၄ မှာ ခါကာဘိုရာဇီ တက်တယ်။ ၂၀၁၃ မှာကျွန်တော်တို့ သူငယ်ချင်းပြည့်ဖြိုးအောင်တို့အဖွဲ့က အမေရိကန်- မြန်မာချစ်ကြည်ရေး ဖန်ကမ်ရာဇီ တက်တယ်။ ပြီးတော့အခု ၂၀၁၆ မှာကမ္ဘာ့အမြင့်ဆုံး ဧဝရက် တက်တယ်။ အဲ့လိုတွေတက်တဲ့အချိန်ကျမှ တောင်တက်အားကစားကဖွံ့ဖြိုးလာတာ။ ပြီးမှ မြန်မာပြည်သူ ပြည်သားတွေက ၂၀၁၄ မှာပျောက်ဆုံးတာနဲ့ပက်သက်ပြီး စိတ်ဝင်စားတယ်။ အခု ၂၀၁၆ မှာ ကမ္ဘာ့အမြင့်ဆုံး တောင်ကို ရောက်တယ်ပေါ့နော်။

အဲဒါတွေနဲ့ပတ်သက်ပြီးတော့မှ လူတွေက တောင်တက်အားကစားကို ပိုသိလာတယ်။ အခုနောက်ပိုင်းကြမှ ဘယ်လိုဖြစ်လာလဲဆိုတော့ လူတွေက စွန့်စားရတာကို ကြိုက်တယ်။ ရေတံခွန်တွေ သွားတယ်။ တောင်တွေဘာတွေတက်လာတယ်ဆိုတော့ အခုနောက်ပိုင်းကတော့ အများကြီး စိတ်ဝင်စားလာကြပြီပေါ့နော်။ ကျွန်တော်တို့ စီနီယာတောင်တက်သမားတွေအနေနဲ့လည်း စိန်ခေါ်မှုတွေ အများကြီး လုပ်ချင်တယ်။ ဆိုတော့ ခုနကပြောတဲ့အမြင့်ဆုံးတောင်တွေ ဆိုတာကို ရည်မှန်းချက်တွေ ထားလာတယ်။ အခုလည်း မြင့်တဲ့တောင်တွေကို စိန်ခေါ်ဖို့အတွက် ပြင်ဆင်နေတယ်။ ခါကာဘိုကလည်း အကြောင်းကြောင်းကြောင့် ရွှေ့တယ်ဆိုပေမယ့် ကျွန်တော်တို့တက်မှာပါ။ နောက်ပြီး ဒီတောင်ကလည်း မြန်မာနိုင်ငံမှာအမြင့်ဆုံးဆိုတဲ့ ဂမ်လန်နဲ့ ခါကာကေတော့အငြင်းပွားနေတယ်ပေါ့။ ဒါပေမယ့် ဘယ်တောင်အမြင့်ဆုံးလဲဆိုတာ ကျွန်တော်တို့က အတိအကျအဖြေထုတ်ပြီး မြန်မာနိုင်ငံနဲ့အရှေ့တောင်အာရှမှာ ဘယ်ဟာမြင့်လဲဆိုတာ ကျွန်တော်တို့က သတ်မှတ်ပေးတော့မှာ။ အဲဒီအတွက်လည်း ဂုဏ်ယူစွာနဲ့ပဲ ခါကာဘိုရာဇီကိုလည်း တက်မယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတကာမှာရှိတဲ့အမြင့်ဆုံးတောင်တွေကိုလည်း တက်ပြီး နိုင်ငံဂုဏ်ရော၊ မိသားစုဂုဏ်ရော ဆောင်နိုင်ဖို့အတွက်ကို ဆက်လုပ်နေဦးမှာပါ။

Mizzima Weekly