“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ” အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့် တွေ့ဆုံခြင်း

“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ” အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့် တွေ့ဆုံခြင်း
 နှစ်သစ်ကူးညက အောင်ရဲထွေးနှင့်အတူ တစ်ဝိုင်းတည်း ထိုင်နေခဲ့သည့် ကိုချမ်းကျော် (ဓာတ်ပုံ -Myanmar Now)

(Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေးပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကိုရဲကထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။

ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွဲသည့် ရာနှင့်ချီသောလူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင်ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။

ထိုစဉ်ကမျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now ကတွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို နောက်ဆုံးတွင်လက်ခံခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရန်ကုန်ရှိလုံခြုံသော နေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ အချို ့ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)

Myanmar Now ။ ။ ပထမဆုံးမေးချင်တာကအစ်ကိုက အဲ့ဒိအချိန်မှာ အောင်ရဲထွေးနဲ့ အဲ့နေရာမှာဘယ်လိုဖြစ်လို့ရှိနေတာလဲ။ပြီးတော့အစ်ကိုနဲ့သူနဲ့ ဘယ်လိုများ ပတ်သတ်လဲ။

ဖြေ ။ ။ ကျွန်တော်နဲ့အောင်ရဲထွေးနဲ့ကတော့ပတ်သက်မှုမရှိဘူး။ သူ့ကောင်မလေးက ကျွန်တော့သူငယ်ချင်း။ ပြီးတော့ ကျွန်တော့မိန်းမနဲ့ကျောင်းနေဖက်ဖြစ်တယ်။ အဲဒီညက ကျွန်တော်တို့ အဲဒီ ပွဲသွားဖို့ရှိတယ်လိုက်မလားဆိုတော့ သူတို့က လိုက်ချင်တယ်ဆိုပြီးလိုက်လာတာ။ ကျွန်တော်တို့ဝိုင်းမှာ ရှိနေတယ်။

အဲဒီဝိုင်းကရှင်းရှင်းပြောရရင် VVIP ပေါ့။ တော်ရုံသာမန် Regular တို့ VIP တို့ သူတို့ခွဲထားတယ် လက်ပတ်တွေနဲ့။ အဲ့လိုလူတွေတက်လို့မရဘူး။ VVIP ဆို VVIP သူ့အဆင့်အတန်းနဲ့ သူရောင်းတာ။ သူတို့ (ဆိုင်က) ရောင်းပြီးသားသူတွေပေါ့။

အဲဒီတုန်းက VVIP တစ်ဝိုင်းကို (လက်မှတ်ခ) ၁၅ သိန်းထင်တယ်။ ၁၀ သိန်းလား၊ ၁၅ သိန်းလား သိပ်မမှတ်မိတော့ဘူး။

Myanmar Now ။ ။ပြဿနာကဘယ်လိုစဖြစ်တာလဲ။ ပြဿနာဖြစ်တဲ့အချိန်မှာ အစ်ကိုက ဘယ်နေရာမှာရှိနေတာလဲ။

ဖြေ ။ ။ ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့ဝိုင်းရဲ ့ ထိုင်ခုံမှာထိုင်နေတာ။ သူ့ကောင်မလေးနဲ့ သူနဲ့(အောင်ရဲထွေးတို့နှစ်ဦး) ကလက်ရမ်းပေါ့၊ ဝရံတာလိုဟာမျိုး။ အဲ့ဒိလက်ရမ်းရှေ ့မှာ သူတို့ နှစ်ယောက်က ဖက်ပြီးကနေတာ။ ကနေရင်းနဲ့အောက်ကနေ အဲ့ဒိကောင်လေးတွေက သူ့ကိုမြင်လို့လားမသိဘူး အပေါ်တက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ သူ့ကောင်မလေးဆီကနေ ဆွဲလုပြီးတော့ ၀ိုင်းရိုက်တယ်။

ရိုက်တော့ဟိုကောင်လေးမှောက်နေတယ်။ ကျွန်တော်တောင် ထတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က “ဟာအစ်ကို..အစ်ကိုနဲ့မဆိုင်ဘူး” ဆိုပြီး ကျွန်တော့ကိုဆွဲချလိုက်တယ်။ ကျွန်တော်က ပြန်ထိုင်လိုက်တယ်။ ပြန်ထိုင်လိုက်တဲ့အချိန်မှာ အောင်ရဲထွေးက မှောက်နေတယ်။ ပါးစပ်ထဲကနေသွေးတွေ ထွက်လာတော့ အဲဒီကျမှ လုံခြုံရေးတွေက သူ့ကိုအပြင်ကိုခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့မိန်းမနဲ့ သူ့ကောင်မလေးက လိုက်သွားတော့ ကျွန်တော်က ကျွန်တော့မိန်းမ လိုက်သွားပြီဆိုတော့ နောက်ကနေ လိုက်သွားတယ်။ ဝင်းထိပ်ရောက်တော့ The One ကတာဝန်ရှိတဲ့သူတွေက သူတို့ကားနဲ့ ဆေးရုံပို့ပေးတယ်။ ပို့ပေးမယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့မိန်းမက နေခဲ့တယ်။ ဆေးရုံကို သူ့ကောင်မလေးက လိုက်သွားတယ်။

Myanmar Now ။ ။ သူတို့ကအပေါ်တက်ပြီး ခိုက်ရန်ပြုတယ်လို့ပြောတယ်။ သူတို့ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ဒီရဲက ထုတ်ပြန်ထားတဲ့သုံးယောက်ကိုပြောတာလား။ သူတို့တွေပါလား။

ဖြေ ။ ။ အေးပေါ့၊ အေးပေါ့။ ပါတယ်ပါတယ်။ ပါတယ်ဆိုတာ အဲ့ဒိမှာ ဟိုကောင့်ကိုဆေးရုံပို့မယ် ဆိုတော့၊ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ The One ကလုံခြုံရေးတွေကသူတို့ကို ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် ဒီကောင်တွေမှန်းသိလို့ ဒီကောင်တွေနောက်နေ့သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ပါတီကရပ်သွားလား။ ဆက်ပြီးပျော်မြူးနေကြလား။

ဖြေ ။ ။ ပါတီကတော့မရပ်သွားဘူး။ သူကဆက်ပြီးသူ့ ဒီဂျေဖွင့်ရမဲ့အချိန်တိုင်းတော့ သူ့ဟာသူ အပိုင်းလိုက်ဖွင့်နေတာ။ ပွဲကတော့မပျက်သွားပါဘူး။

Myanmar Now ။ ။ အဲ့ဒိအချိန်ကကောရန်ပြုခဲ့တဲ့သူတွေက ဘယ်နေရာမှာရှိနေလဲ။

ဖြေ ။ ။ ဖြစ်ပြီးသွားမှကို ပြောတာလား။ ဖြစ်ပြီးသွားတော့ ပထမတော့ ဟိုသုံးယောက်ကို ဖမ်းထားတယ်။ The One က တာဝန်ရှိတဲ့သူက သူ့ကောင်မလေးကိုမေးတယ် အမှုဖွင့်မလား။ သူ့ကောင်မလေးကတော့ပြောတယ်။ သိပ်ဒဏ်ရာမကြီးဘူး ထင်လို့ အမှုမဖွင့်ဘူးဆိုတော့ သူတို့ပြန်လွှတ်လိုက်တယ်ထင်ပါတယ်။ ပထမတော့ သူတို့ဖမ်းထားတာ။ ဖမ်းထားပြီး ဓာတ်ပုံတွေဘာတွေ သူတို့ရိုက်ယူထားလိုက်တယ်။ ဓာတ်ပုံရိုက်ယူပြီးဖမ်းထားလို့လဲ ရဲစခန်းမှာနောက်နေ့ သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ အဲ့လူတွေကအစ်ကိုတို့နဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား ။ အရင်တုန်းက မြင်ဖူးလား။

ဖြေ ။ ။ ကျွန်တော်မြင်လဲမမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ဒါပေမဲ့အောင်ရဲထွေးကို မြင်တာနဲ့တက်ရိုက်တယ်ဆိုတော့ ဒီကောင်တွေကတော့(အချင်းချင်း) ရန်စရှိခဲ့လို့ဖြစ်မယ်။

Myanmar Now ။ ။ အောင်ရဲထွေးဆေးရုံရောက်သွားတဲ့အချိန်မှာအစ်ကိုတူတူပါသွားလား။

ဖြေ ။ ။ မပါပါဘူး။ သူ့ကောင်မလေးဘဲပါတယ်။

ကျွန်တော် နဲ့ကျွန်တော့မိန်းမကကျန်ခဲ့တယ်။ ကျွန်တော့မိန်းမက (ဆေးရုံကို) လိုက်သွားမယ်ဆိုတော့ ကျွန်တော် က ကျွန်တော့မိန်းမကို သွားခေါ်တယ်။ ပြီးတော့အဲဒီဝိုင်းမှာ ခဏထိုင်တယ်။ ကျွန်တော်တို့လဲ ခဏနေတော့ပြန်တော့တာပဲ။

Myanmar Now ။ ။ အဲ့ဒိအချိန်မှာခုနကရန်ဖြစ်တဲ့သူတွေနဲ့တွေ့သေးလား။

ဖြေ ။ ။ မတွေ့တော့ဘူး။

Myanmar Now ။ ။ ရဲကတော့ထုတ်ပြန်တာ သုံးယောက်လို့ပြောတယ်။ အစ်ကို့အမြင် ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။ ။ ကျွန်တော့အမြင်လဲ သုံးလေးယောက်ပါဘဲ။ အဲဒီ လောက်ပါဘဲ။ သူတို့ကအုပ်စုလိုက် တက်လာတယ်ဆိုတော့။

Myanmar Now ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမှုနဲ့ပတ်သက်ပြီးသတင်းတွေဖတ်ရမှာပေါ့။ မျက်မြင်သက်သေတွေက (လူသတ်တရားခံ) ဘယ်သူတွေမှန်းသဲသဲကွဲကွဲမသိဘူး။ အထူးသဖြင့်စားပွဲထိုး တွေပေါ့။ လုံခြုံရေးတွေကိုတရားရုံးကစစ်မေးပါတယ်။ လုံခြုံရေးတွေကလည်းဘယ်သူမှန်းရှင်းရှင်းလင်းလင်း မသိဘူးလို့ပြောပါတယ်။ ဆိုတော့ဒီဟာကတကယ်မမြင်နိုင်တဲ့အကွားအဝေးမှာရှိနေတာလား။ ဒါမှမဟုတ် ရန်ပွဲဖြစ်နေတာကို စားပွဲထိုးတွေ(လုံခြုံရေးတွေ) ကရှင်းရှင်းလင်းလင်းမြင်နေရလား။

ဖြေ ။ ။ ရှင်းရှင်းလင်းလင်းတော့မမြင်ရလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒိရုံကြီးက မှောင်နေတယ်။ ကျွန်တော်တို့တောင်မှ အပြင်ရောက်တော့မှ ဒီကောင်တွေကိုမီးရောင်အောင်ရောက်တော့မှ ဒီကောင်တွေမှန်းသိတာလေ။ ဦးထုတ်ဆောင်းထားတယ်။ပြီးတော့ Hoody(ခေါင်းစွပ်အကျႌပွ) ပေါ့။ Hoody ဆောင်းထားတယ်။ အထဲမှာတော့ စားပွဲထိုးတွေပြောတာဖြစ်နိုင်တယ်။ သဲသဲကွဲကွဲမမြင်ရလောက်ဘူး။ အပြင်ရောက်တော့မှ အောင်ရဲထွေးကို လုံခြုံရေးတွေနဲ့ အပြင်ရောင်တော့မှ “သူတို့လုပ်တာ…သူတို့လုပ်တာ” လို့ဖြစ်တဲ့အတွက် ဓာတ်ပုံရို်က်ယူထားလိုက်တဲ့အတွက် အဲ့ဒိရောက်မှ ကျွန်တော်တို့သိတာ၊ ဒီကောင်တွေမှန်း။

Myanmar Now ။ ။ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းကောရှိလား။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှစျေးကြီးတဲ့စားသောက်ဆိုင်ကြီးဖြစ်နေတော့လေ။ အစ်ကိုသတိထားမိသလောက် CCTVမှတ်တမ်းတွေကောရှိလား။

ဖြေ ။ ။ CCTV ကတော့သူတို့တပ်ထားရင်တော့ရှိမှာပေါ့။ နဲနဲတော့သူတို့တပ်ထားမှာ။

Myanmar Now ။ ။ ဒီကိစ္စကိိုတိုက်ရိုက်ညွှန်းတာ မဟုတ်ပေမဲ့ သမ္မတက ပြောတာရှိပါတယ်။ တရားရေးဘက်ကလည်းဒါကိုပြန်ပြီး စိစစ်ဖို့လုပ်နေတယ်။ တကယ်လို့သာအစ်ကို့ကို သက်သေစာရင်းထဲမှာ ထည့်မယ်ဆိုရင် အစ်ကိုသွားရောက်ပြီး သက်သေထွက်ပေးဖို့ရှိလား။

ဖြေ ။ ။ အခုလိုပြန်ခေါ်မယ်ဆိုရင် ကျွန်တော်သေချာပေါက်သွားရောက်ဖြေမှာပါ။

Myanmar Now ။ ။ အောင်ရဲထွေးနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေက ဘယ်လိုလူမျိုးလဲ။ အစ်ကိုတို့အဲ့ဒါကို သိရလား။

ဖြေ ။ ။ ကျွန်တော်မသိဘူးဗျ။အဲ့ဒါတော့။

Myanmar Now ။ ။ ဒီအမှုက အင်မတန်မှကိုနာမည်ကြီးတဲ့အမှုဆိုတော့ တချို ့ ကလည်းခန့်မှန်းပြောဆိုတာတွေရှိတယ်။ မိသားစုကိုဖိအားပေးတာ ခြိမ်းခြောက်တာတွေ ရှိကောင်းရှိနိုင်တယ် ဆိုပြီး။ အစ်ကိုကကော အဲ့ဒါကိုမစိုးရိမ်ဘူးလား။ အစ်ကို့ကို လာပြီးရန်လုပ်မှာဖိအားပေးမှာ။

ဖြေ ။ ။ ကျွန်တော်အဲ့ဒါတော့မကြောက်ဘူး။

Myanmar Now ။ ။ ဘာကြောင့် Myanmar Now ကိုလက်ခံပြီးစကားပြောလဲ။

ဖြေ ။ ။ ကျွန်တော်လဲကျွန်တော့ဟာကျွန်တော် ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နေတာ။ သမ္မတကိုယ်တိုင် နိုင်ငံတော်တရားရေးအရဖောက်ဖျက်ရာကျတဲ့ အမှုမျိုးတောင်မှ ဒီလိုနာမည်ကြီး အမှုမျိုးတောင်မှ ဒီလိုတရားသူကြီးက ကွင်းလုံးကျွတ်လွှတ်ပေးတယ်ဆိုတော့၊ ကျွန်တော့်အမြင်အရ ကျွန်တော့အဖေတုန်းကတောင်မှ ကားတိုက်မှုလေးမှာ မတော်တဆမှုဖြစ်တာတောင်မှ တော်တော် ရှင်းယူရတဲ့ခေတ်မှာ အခုလိုလူမြင်ကွင်းမှာ ဂျာနယ်တွေမှာပါသလိုပေါ့ တက်ရိုက်သွားပြီး လူသေသွားတဲ့ဟာကို ကွင်းလုံးကျွတ်လွတ်တယ်ဆိုတာ ဒါ … တရားသူကြီးကိုကျွန်တော်လေးစားတယ်။(ရယ်လျက်)

Myanmar Now ။ ။ အောင်ရဲထွေးသေဆုံးပြီးနောက်မှာ သူ့မိသားစုက အင်မတန်မှကိုမှ တက်တက်ကြွကြွနဲ့ တရားခံတွေဖမ်းပေးဖို့ဆိုပြီး သတင်းမီဒီယာတွေကိုဖြေတယ်။ သူ့သားကအင်မတန်မှကို အပြစ်ကင်းစင်တယ်လို့ပြောတယ်။ ဒါပေမဲ့အခုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့ဟာပျောက်နေတယ်။ သူတို့အသံတိတ်နေတယ်။ ဘာ့ကြောင့်လို့ထင်လဲ။

ဖြေ ။ ။ ငွေကြေးကြောင့်လို့တော့ ကျွန်တော်ကထင်တယ်။ ဒါကတော့ကျွန်တော့အထင်ပေါ့။ သူများကိုလည်းမပြောကောင်းပါဘူး။ သူတို့ကျေနပ်လောက်တဲ့အထိ ငွေကြေး ပံ့ပိုးပေးလိုက်လို့လားမသိဘူး။ ကျွန်တော်ထင်တယ်။

Myanmar Now ။ ။ အစ်ကိုနဲ့ ကိုအောင်ရဲထွေး ကောင်မလေးနဲ့ကောဒီကိစ္စပြောဖြစ်လား။

ဖြေ ။ ။ အခုနောက်ပိုင်း ကျွန်တော်နဲ့က သိပ်မပြောဖြစ်ဘူးဗျ။

Myanmar Now ။ ။ ကျွန်တော်တို့သူ့ကိုဆက်သွယ်ပါတယ်။ ဒါပေမဲ့ဆက်သွယ်ဖို့အင်မတန်ခက်တဲ့အခြေအနေပါ။သူကကောဒီဆုံးဖြတ်ချက်ချပြီးနောက်မှာ တစ်စုံတစ်ရာအံ့အားသင့်တာရှိပါသလား။

ဖြေ ။ ။ သူကတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတာသိနေတဲ့ပုံစံဘဲ။ ဟိုတလောက ကျွန်တော်တို့ဆုံတော့ အချိန်တန်ရင်လည်း သူတို့ကသူတို့ဟာသူတို့ ပြီးသွားမှာတဲ့။ သူကသူကြားသလောက်တော့ သူ့ကောင်လေးအိမ်က လျှော်ကြေးပေးတာကိုလက်ခံမယ်ထင်တယ်တဲ့။အဲ့လိုမျိုးတော့ ပြောဖြစ်တာပေါ့။

Myanmar Now ။ ။ တရားရုံးကသက်သေမခိုင်လုံတဲ့အတွက် လွှတ်တယ်လို့ပြောပါတယ်။ သူ့မိသားစုကဒီသုံးယောက်က အကယ်၍သာ တရားခံမဟုတ်ဘူးဆိုရင် ဘာလို့သတ်တဲ့သူတွေကို မရှာဘဲ နှုတ်ဆိတ်နေတယ်ထင်လဲ။

ဖြေ ။ ။ ဒီသုံးယောက်မသတ်ဘူးလို့ဘယ်သူပြောတာလဲ။

Myanmar Now ။ ။ ကျွန်တော်ဆိုလိုတဲ့သဘောက သက်သေမခိုင်လုံတဲ့သဘော။ သူတို့ကိုလွှတ်တာက သတ်တယ်၊ မသတ်ဘူး ဆုံးဖြတ်တာမဟုတ်ဘဲနဲ့၊ သက်သေမခိုင်လုံဘူးဆိုပြီးတော့ လွှတ်လိုက်တဲ့သဘောဆိုတော့။

ဖြေ ။ ။ သက်သေမခိုင်လုံဘူးဆိုတာ သူတို့မခိုင်လုံတဲ့သက်သေတွေ စစ်ဆေးမေးမြန်းလို့ပေါ့။ ဒါဘဲပေါ့။

Myanmar Now ။ ။ တခြားဖြည့်စွက်ပြောချင်တာ။ ကျွန်တော်မေးသင့်လျက်သားနဲ့ ကျန်ခဲ့တဲ့မေးခွန်းတွေရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ တရားရေးကိစ္စတော့ ကျွန်တော်ပြောချင်တာပေါ့။ လူမြင်ကွင်းမှာဒီလိုမျိုး လူလည်ခေါင်မှာ ဒီလိုမျိုးဖြစ်သွားတဲ့ အမှုကြီးကိုတရားသူကြီးက၊ရဲကလည်း ကန့်ကွက်နေတဲ့ကြားထဲက တရားသူကြီးက ဒီလိုမျိုး အမိန့်ချလိုက်တာ ကျွန်တော်လဲတော်တော်အံ့သြမိတယ်။ အံ့သြမိလို့လည်း ကျွန်တော်အခု အစ်ကိုတို့လာမေးတာကို လက်ခံစကားပြောတာ။ နို့မို့ဆိုကျွန်တော်ဖြေမှာမဟုတ်ဘူး။

Mizzima Weekly