အကြားအာရုံ အားနည်းတာကလွဲပြီး ကျန်းမာရေးကောင်းဟု သာ/ယဉ်ဝန်ကြီး ပြော

အကြားအာရုံ အားနည်းတာကလွဲပြီး ကျန်းမာရေးကောင်းဟု သာ/ယဉ်ဝန်ကြီး ပြော
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂ရရက်၊ ၂၀၁၈ခုနှစ်)။                         ။ အာရုံကြောအားနည်းမှုကြောင့် အကြားအာရုံပိုင်းတွင် အနည်းငယ် အားနည်းနေတာကလွဲပြီး လက်ရှိ ကျန်းမာရေးမှာ ကောင်းမွန်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်သည်။

“လက်ရှိ ကျန်းမာရေး ကောင်းပါတယ်။ နှလုံးတို့၊ ကျောက်ကပ်တို့၊ အသည်းတို့ အကုန်ကောင်းပါတယ်။ နည်းနည်းလေး အာရုံကြောပိုင်းဆိုင်ရာ အားနည်းလို့ အကြားအာရုံပိုင်းမှာတော့ နည်းနည်းလေး အားနည်းပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။

စက်တင်ဘာ ၂ရရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပသည့် ကမ္ဘာ့ခရီးသွားလာရေးနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ကြီး သူရဦးအောင်ကိုက အခမ်းအနားပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို လေဖြန်း၍ ဆေးရုံတက် ကုသနေရကြောင်း စက်တင်ဘာ ၂၂ရက်က လူမှုကွန်ယက်ပေါ်တွင် ကောလာဟလ သတင်းမှား ထွက်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်ကတည်းက နှလုံးအားနည်းပြီး ဆေးရုံတွင် ကုသနေစဉ် အောက်ဆီဂျင်ပိုက်တန်းလန်းဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံဖြင့် လူမှုကွန်ယက်တွင် သတင်းမှား ဖြန့်ချိခဲ့ကြခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ထိုသတင်းမှား ဖြန့်ချိချိန်တွင် ပုဂံဒေသသို့ ရောက်ရှိနေကြောင်း သူရဦးအောင်ကိုက ပြောကြားသည်။

“ဦးအောင်ကိုကြီးတော့ ဘုရားရွှေ မဲတယ်ပြောလို့၊ ဘုရားရိုက်လို့ လေဖြတ်သွားပြီ ဆိုပြီးတော့မှ တင်ပါတယ်။ တင်တဲ့အချိန်မှာ ကျွန်တော်က ပုဂံရောက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

သူရဦိးအောင်ကိုသည် ပုဂံဒေသတွင် ပြုလုပ်သည့် သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး တရုတ်- မြန်မာ နှစ်နိုင်ငံ သဘောတူစာလွှာ လက်မှတ်ရေးထိုးပွဲသို့ စက်တင်ဘာ ၂၂ရက်က တက်ရောက်နေခြင်း ဖြစ်သည်။

အထက်ပါအတိုင်း လေဖြတ်သည်ဟုဆိုကာ သတင်းမှားဖြန့်မှုအပေါ် သူရဦးအောင်ကိုက “ဟိုဘက်ရွာက ပုဂ္ဂိုလ်တချို့ကတော့ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ သို့သော် ကိစ္စမရှိပါဘူး။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာနဲ့ ယဉ်ကျေးမှုနဲ့ သာသနာ့တာဝန်များ ထမ်းဆောင်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟူ၍ သတင်းစကားပါးလိုက်သေးသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၁၁ကို တက်ရောက်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးအောင်ကိုသည် လက်ရှိအချိန်တွင် အသက်(၇၀)ခန့် ရှိပြီ ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့သည့် သူရဦးအောင်ကိုသည် ၂၀၁၂နောက်ပိုင်း လွှတ်တော်တွင်း ဝင်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးခဲ့သူ ဖြစ်သည်။

ထို့နောက် ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အစိုးရဖွဲ့ချိန်တွင် သူရဦးအောင်ကိုအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ပေးခဲ့သည်။

 

Mizzima Weekly