မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဟု ဂျပန်သံအမတ်ဆို

မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဟု ဂျပန်သံအမတ်ဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ စက်တင်ဘာ ၂၇ ။                     ။ ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံသို့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု အခက်အခဲရှိနေသည်ကို နားလည်ပြီး မြန်မာနိုင်ငံအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက မဇ္စျိမကိုပြောသည်။

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံပူပေါင်းဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန် ဖွင့်လှစ်ပြီး ၃ နှစ်တာနောက်ပိုင်းဆောင်ရွက်မှုများကို အတည်ပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမ နှင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး မစ္စတာ မာစီရယ်လ် တို့က စက်တင်ဘာလ ၂၇ ရက်နေ့က သွားရောက်ခဲ့ပြီး ဂျပန်သံအမတ်ကြီးမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်လို့စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ တစ်ခုခုအခက်အခဲရှိတယ် ဆိုတာကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့်ခုနက ကျွန်တော်တို့အမေရိကန်သံအမတ်ကြီးနဲ့လာတဲ့အတိုင်း ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ ဒီကို မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးဖို့ရည်ရွယ်ထားပါတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အင်မတန်မှအရေးကြီးတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ အမေရိကန်နိုင်ငံက တတ်နိုင်သလောက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ချင်ပါတယ်" ဟု မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး မစ္စတာ မာရုယာမ က မဇ္စျိမသတင်းဌာနကို ပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအဆောက်အုံများဖြစ်သည့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးတွင် အားနည်းချက်များရှိနေပြီး အဆိုပါအားနည်းချက်များကို ဂျပန်နိုင်ငံမှ ODA အစီ အစဉ်ဖြင့် ချေးငွေထုတ်ပေးကာ ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအစိုးရနှင့်ဆွေးနွေးနေသည်ဟု ဆက်ပြော သည်။ အခြေခံဥပဒေ၌လည်း အချို့သောကဏ္ဍများတွင် လိုအပ်ချက်များရှိနေသည်က အားနည်းချက် ဖြစ်နေကြောင်း ပြောသည်။

ဂျပန်နိုင်ငံ၏ အဓိကဦးဆောင်မှုဖြင့်ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်သည် အောင်မြင်မှုများ ရရှိနေပြီး အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နိုင်ကြောင်း မစ္စတာ မာရုယာမ က ဆိုသည်။

"လာရောက်ရတဲ့ရည်ရွယ်ချက်ကတော့ ဒီနိုင်ငံကစီးပွားရေးအပါအဝင် တခြားသော ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်နေတာကို နားလည်သဘောပေါက်အောင်လုပ်ဖို့နဲ့ ဒီမှာစပ်တူလုပ်ဖို့စီးပွားရေးအခွင့်အလမ်းတွေအတွက်ပါ။ ဒုတိယအချက်ကကျတော့ ဒီနေရာက အမေရိကန်နိုင်ငံကကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားလောက်မယ့် နေရာတစ်ခုဖြစ်နေလို့ပါ။ တတိယအချက်ကတော့ ဂျပန်နိုင်ငံနဲ့ကမ္ဘာ့အနှံ့က နှစ်ရှည်ဖက်စပ်လုပ်ငန်းတွေနဲ့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ဖက်စပ်လုပ်ငန်းတွေအတွက် မီးမောင်းထိုးပြနိုင်မယ့် အခွင့်အလမ်းဖြစ်လို့ပါ" ဟု မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး မစ္စတာ မာစီရယ်လ် က ဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် ၂၀၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံနှင့်မြန်မာနိုင်ငံတို့ စတင်လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိအချိန်တွင် ၃ နှစ် သက်တမ်းရှိပြီဖြစ်သည့် သီဝါအထူးစီးပွားဇုန်တွင် အထည်ချုပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ မော်တော်ကား အပို ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း စသည်တို့ကို နိုင်ငံတကာ ကုမ္ပဏီပေါင်း ၉၀ ကျော်ခန့်မှ လုပ်ကိုင်လျှက်ရှိသည်။ သီလဝါအထူးစီးပွားရေးဇုန် ဒုတိယအပိုင်းနှင့် တတိယ အပိုင်းများကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပြီး ဂျပန်ကုမ္ပဏီများမှစိတ်ဝင်စားမှုရှိနေကြောင်း ဂျပန်သံအမတ်ကြီးက ဆိုသည်။

Mizzima Weekly