"သားသမီးတွေလက်ထဲမှာ ပဋိပက္ခတွေထားခဲ့မှာလား"

"သားသမီးတွေလက်ထဲမှာ ပဋိပက္ခတွေထားခဲ့မှာလား"
သြဂုတ်လကုန်ပိုင်းကတွေ့ရသော ဦးကျော်ထွေးမောင် ခေါ် ရှဒေါင်ယော်ဇက်  (ကေဇွန်နွေး/Myanmar Now)

ကချင်ဒေသတိုင်းရင်သားများ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းနေသူတစ်ဦးက ဒေသတွင်းနောက်ဆုံးအခြေအနေများကိုပြောပြထားသည်

ရှမ်းနီ (တိုင်းလိုင်) နှင့် ကချင်များကြားအကျိုးဆောင်ပေးရာတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှ ကိုကျော်ထွေးမောင် ခေါ်ရှဒေါင်ယော်ဇက်တွင် အားသာချက် တစ်ခုရှိနေသည်။ ထိုအချက်မှာရှမ်း၊ကချင် ကပြား ဖြစ်နေသည် ဟူသောအချက်ပင်။

မိုးကောင်းအခြေစိုက် All to One ပြည်သူလူထုအခြေပြု ပူးပေါင်းကူညီမှု ကွန်ရက်ကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးတချို့နှင့် ပူးပေါင်းတည်ထောင်ပြီး အတွင်းရေးမှူး တာဝန် ယူထားသည့် ကိုကျော်ထွေးမောင်နှင့် မကြာသေးခင်ကတွေ့ဆုံမေးမြန်းရာသူကငြိမ်းချမ်းစွာယှဉ်တွဲနေထိုင််နိုင်ရေး ကြိုးပမ်းချက်များအကြောင်းပြောပြထားသည်။

 

ရှမ်းနဲ့ ကချင်ကြားတွေ့ဆုံညှိနှိုင်းမှုတွေမှာအရင်ကဘယ်လိုအခြေအနေရှိလဲ၊ အခုရောဘာတွေပြောင်းလဲလာပါသလဲ။

ရှမ်းတွေကိုအခွန်ကောက်တဲ့ ကိစ္စဟာဆိုရင်လည်းတော်တော်လေးကိုအတိုက်အခံဖြစ်ခဲ့တယ်။  မြစ်ကြီးနားမှာရှိတဲ့ KIA ဆက်ဆံရေးရုံးကိုသွားပြီးမှ ပြည်သူတွေက ဒီလိုဒီလိုပြောနေပြီ၊ အခွန်ဆိုရင်လည်း တောင်းသလောက်ပေးတဲ့ပုံစံမျိုးမဟုတ်ဘဲ ညှိနှိုင်းပေးဖို့။ လုံးဝငြင်းရင်လည်း အန္တရာယ်ကရှိသေးတယ်လေ။ နည်းနည်းတော့လျှော့ပေးပါပေါ့။ နောက်တစ်ခုလမ်းကိစ္စ။လမ်းသွားလမ်းလာတောထဲဝင်တဲ့နေရာတွေ၊ ပြည်သူတွေလုပ်ကိုင်စားသောက်တဲ့နေရာတွေမှာမိုင်းတွေမထောင်ကြဖို့ ရုံးမှာသွားပြောတယ်။ ဘယ်သူထောင်တာလဲဆိုတာလည်းမသိဘူး၊ နှစ်ဖွဲ့ရှိတယ်၊ဘယ်အဖွဲ့လဲဆိုတာ မြင်မှမမြင်နိုင်တာ။ မစွပ်စွဲဘူး၊မေတ္တာရပ်ခံတာ။ တိုင််းရင်းသားအရေးဆိုရင်လည်းအစတုန်းက ကျွန်တော်ကိုယ်တိုင်က အစလက်ခံဖို့ ခက်ခဲခဲ့တယ်။ ၁၉၇၄ တုန်းကရှမ်းနဲ့ ကချင်အကြီးအကျယ်ဖြစ်ခဲ့တယ်။ အဲဒီအရှိန်က မသေသေးဘူး။ နှစ်ဘက်စလုံးကရင်ထဲမှာရှိနေတုန်းပဲ။  ကျွန်တော်တို့ကွင်းဆင်းတဲ့အချိန်မှာကချင်နဲ့ ရှမ်းနဲ့တွေ့ချင်တယ်၊ ဘုန်းကြီးတွေကသူတို့ဓမ္မာရုံမှာဆွေးနွေးပွဲ လုပ်ဖို့ပြောတယ်။ ကချင်တွေကမလာနိုင်ဘူး။ Church (ခရစ်ယာန်ဘုရားကျောင်း) မှာ လုပ်မယ်ဆိုတော့ ရှမ်းတွေကမလာနိုင်ဘူး။ အဲဒီမှာတော်တော်လေး ဒုက္ခဖြစ်ခဲ့တယ်။ ဓမ္မာရုံမှာလုပ်လိုက်တော့ ကချင်တွေဘက်က တကယ်ကိုတစ်ယောက်မှ မလာဘူး။ နောက်… ရွာတစ်ရွာသွားလိုက်တယ်၊ ညှိကြည့်တယ်။ နှစ်ဘက်စလုံး ရင်ဖွင့်ကြရင် ဆရာတို့ရှိနေတဲ့အချိန်ဘာမှမဖြစ်ဘဲနဲ့ ဆရာတို့ပြန်သွားရင် ရွာမှာနှစ်ဘက်ပြဿနာတက်မှာစိုးရိမ်ရတယ်ဆိုတော့ ကျွန်တော်တို့ ဘာမှမလုပ်ဘဲနဲ့ ပြန်ခဲ့ရတာလည်းရှိတယ်။ ဒါကစလုပ်တုန်းကအခြေအနေပေါ့လေ။ ဒါပေမဲ့ အဲဒီနေရာတွေ ကျွန်တော်အခုအလွယ်တကူဝင်လို့ရသွားပြီ။ ပြောမယ်ဆိုရင် ဝိုင်းထဲမှာကိုက ထပြီးလက်သီးထိုးမယ်အထိ ဖြစ်ခဲ့ဖူးတယ်။ နောက်် မိုင်းကွဲလို့ ရှမ်းတစ်ယောက်သေသွားတယ်။ သူတို့မိသားစုတွေအကုန်လုံး ကျွန်တော့်ဆီ လာခဲ့ကြတယ်။ ဒီပြဿနာရှင်းပေးဖို့ပေါ့လေ။ တစ်ယောက်တည်း မရှင်းနိုင်တော့ဘူး။ ဘုန်းကြီးတွေခေါ်ပြီး ရှင်းရတယ်။ အဲဒီတော့ ကျွန်တော့်ရုုံးမှာပဲ ကချင်ဘက်ကရော ရှမ်းမိသားစုဘက်ကရော ခေါ်ပြီးတော့ စကားဝိုင်း လုပ်ရတယ်။ ကချင်တိုင်း KIA မဟုတ်ဘူး၊ဒါတွေကို ကိုယ်ကရှင်းပြရတာပေါ့။ မရှင်းနိုင်ရင် လူမျိုးရေးပြဿနာ ဖြစ်တော့မှာလေ။

ဆက်ဆံရေးအဆင်ပြေလာအောင် တွန်းအားပေးတဲ့ တခြားအကြောင်းအရာတွေကဘာတွေ ဖြစ်မလဲ။

အောက်ခြေကစတယ်လို့ပဲ ပြောရမလား။ တစ်ရပ်ကွက်တည်း နေတဲ့သူတွေချည်းပဲ။ အဆက်အဆံမရှိဘူး၊ အခေါ်အပြော မရှိဘူးဆိုရင်လည်း ကျွန်တော်တို့ ခေါ်ပြီးတော့ စုပေးလိုက်တဲ့အတွက် အဲဒီအချိန်ကစပြီး အခေါ်အပြော ရှိသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်သိသွားတယ်၊ ရင်းနှီးသွားတယ်၊ စကားပြောဖြစ်သွားတယ်။ အဲဒါကတစ်ချက်ပေါ့။နောက်ပြီးတော့  ပြဿနာအရင်းအမြစ်ကို ရှာခိုင်းတယ်၊ မတည့်ဘူးဆိုရင်လဲ ဘာဖြစ်လို့ မတည့်ကြတာလဲ၊တကယ့်အကြောင်းအရင်းက ဘာဆိုတာကို ရှာခိုင်းလိုက်တယ်။ သမိုင်းကြောင်းတွေလည်း ပြန်ပြီး ရွတ်ပြရတာပေါ့လေ။ ဟိုးအရင်က အေးအတူပူအမျှ ရှိခဲ့့တယ်၊ ၁၉၄၈ နောက်ပိုင်းမှ ကျွန်တော်တို့တွေ ဘာကြောင့်မို့ ပြိုကွဲသွားတယ်၊ ရှေ့လျှောက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအတူ နေထိုင်ရဦးမှာပဲ။ ကျွန်တော်တို့ သားသမီးတွေလက်ထဲမှာ ပဋိပက္ခတွေ ထားခဲ့မှာလား။ ရှေရှည်မှာ ငြိ်မ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်အောင် နှစ်ဘက်အသိုင်းအဝိုင်းတွေ မကြိုးစားသင့်ဘူးလားပေါ့။ ပြေပြေလည်လည်ရှင်းပြရတယ်။

၁၉၄၈ နောက်ပိုင်းဘယ်အချိိန်တွေမှာပိုပြီးအဆင်ပြေခဲ့လဲ။

လောလောဆယ် အနီးစပ်ဆုံးထောက်ပြတာက …(တပ်မတော်နဲ့ KIA) အပစ်အခတ်ရပ်စဲခဲ့တဲ့ ၁၇ နှစ်တာအချိန်တွေတုန်းက ကျွန်တော်တို့တွေ ဘယ်လိုရှာဖွေစားသောက်နိုင်ခဲ့တယ်၊ ညသန်းခေါင်ကအစ ဘယ်လိုခရီးသွားလို့ ရခဲ့တယ်၊ အဲဒီအခြေအနေတွေ သူတို့က ပြန်ရှင်းပြလိုက်တယ်။ လက်တွေ့နေခဲ့ရတဲ့ အခြေအနေလေ။ အဲဒီတော့ အားလုံးက ဒီအရသာကို သိနေတယ်လေ။ အခုအချိန်မှာ ကျွန်တော််တို့ အဲဒီလိုသွားလို့ မရဘူးလား။ အဝေးကြီးမကြည့်နဲ့ အဲဒီ ၁၇ နှစ်ကာလက အားလုံးကြုံခဲ့ရတာပဲလေ။ ငြိမ်းချမ်းရေးရဲ့ အရသာကို ခံစားခဲ့ရတာလေးပေါ့။ ဒါကလက်နက်ကိုင်ပဋိပက္ခနဲ့လည်း တိုက်ရိုက် ဆက်စပ်နေတယ်။

ဒေသတွင်းပိုပြီးငြိမ်းချမ်းလာအောင် နှစ်ဘက်အဖွဲ့အစည်းကရောဘာလုပ်ဖို့လိုမလဲ။

နှစ်ဘက်စလုံးတောင်းသင့်တာကို တောင်းပြီးတော့ ပေးသင့်တာကို ပေးလိုက်ရင်တော့ ပိုပြီးပြေလည်မယ်လို့ ထင်တာပဲ။ မဖြစ်နိုင်တာကို မတောင်းနဲ့။ ဟိုဘက်ကလည်း ပေးသင့်တဲ့ဟာကို ပေးလိုက်။ ချက်ခြင်းလက်ငင်းတော့ ဖြစ်ဖို့မလွယ်ဘူး။ လက်ရှိအခြေအနေကို ကျွန်တော်ရှင်းပြမယ်၊ ကချင်ဘက်ကဆိုရင် ပတ်ဂျီဆန်ဆိုပြီး ဖွဲ့လိုက်တယ်၊ အဓိကကတော့ ဘိန်းတိုက်ဖျက်ရေးပေါ့။ တခြားဘက်ကလည်း ပြည်သူ့စစ်ဆိုပြီးမှ ဖွဲ့တယ်။ ဖွဲ့တာက တစ်ရပ်ကွက်လုံး ပါတာမဟုတ်ဘူး။ ရှမ်းနီပြည်သူ့စစ်ဆိုပြီး ရှမ်းနီတွေချည်းပဲ ဖြစ်နေတယ်။ ဒါတွေက လူမျိုးရေးတွေကို ကွဲစေတဲ့ကိစ္စတွေပဲ။

ထိလွယ်ရှလွယ်ကိစ္စတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါမှာ ဘယ်လိုအထောက်အပံ့တွေ လိုအပ်လဲ။

တခြားပြင်ပအကူအညီ မယူခင်တုန်းကတော့ လုပ်နိုင်တဲ့တာက မိုးကောင်းပဲ။ အခုဆိုရင် မိုးကောင်းမှာက ကချင်ရော၊ ရှမ်းရောဘက်က စာပေယဉ်ကျေးမှုတွေပါလာအောင် စည်းရုံးထားတယ်။ ဘာသာရေးအသိုင်းအဝိုင်းတွေ ပါလာတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘယ်ဘက်ကိုမှ မယိမ်းဘဲ တည့်တည့်လျှောက်နေတာ။ အားလုံးက အားပေးလို့ အခုဆို အဖွဲ့လေးတစ်ဖွဲ့ ဖြစ်နေပြီ။ ဒါက အောင်မြင်မှုတစ်ခုလည်း ဟုတ်တယ်။ ရွာကနေမြို့၊ မြို့ကနေ ပြည်နယ်အထိ ဘယ်လိုတိုးချဲ့ပြီးတော့ လုပ်မလဲပေါ့ အားလုံးကြိုးစားရအောင်ဆိုပြီး လုပ်နေတာ။ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ လိုတယ်။ ကျွန်တော်တို့က ရွာလေးအသေးလေးတွေက အစတကယ့် ပဋိပက္ခနယ်မြေတွေဖြစ်နေရင် အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေကို ကူညီချင်တယ်၊ သွားချင်တယ်။ မသွားရဆိုပြီး တားတဲ့ ပုံစံ၊ ခွင့်ပြုမိန့်တင်ပါဆိုတဲ့ ပုံစံမျိုးတွေဖြစ်လာတဲ့အချိန်မှာ အရမ်းအခက်အခဲဖြစ်တယ်။ သူတို့ဘက်က ပူးပေါင်းကူညီမှုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ပြည်သူတွေပါလာအောင် ကျွန်တော်တို့ စည်းရုံးနိုင်တယ်။

ကျွန်တော်တို့လုပ်နေတာ လက်နက်ကိုင်ပြီး ပုန်ကန်နေတာ မဟုတ်ဘူး။ တိုင်းရင်းသားအားလုံး ချစ်ကြည်ရင်းနှီးအောင်လို့ ကျွန်တော်တို့ လုပ်နေကြတာ။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်ဆိုတဲ့ ပုံစံမျိုးလေးပဲ လိုချင်တယ်။ ။

  •  

Mizzima Weekly