ပြည်သူအတွက်၊ နိုင်ငံအတွက် လုပ်ဆောင်နိုင်ဖို့ NLD ပါတီဝင်အဖြစ် မခံယူတော့တာ

ပြည်သူအတွက်၊ နိုင်ငံအတွက် လုပ်ဆောင်နိုင်ဖို့ NLD ပါတီဝင်အဖြစ် မခံယူတော့တာ

မင်းဘူး၊ စက်တင်ဘာ ၂၇ ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ဆန္ဒအလျောက် နုတ်ထွက်ခဲ့သူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို စက်တင်ဘာလ ၂၆ ရက်နေ့က မင်းဘူးမြို့မှာရှိတဲ့ ဦးတင်အောင်ထွန်းအိမ်မှာ  မဇ္ဈိမသတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ အာဏာရ NLD ပါတီဝင်အဖြစ်က ဘာကြောင့် နုတ်ထွက်တာလဲ ခင်ဗျ။

ဖြေ။ ။ ကျွန်တော် ပါတီဝင်အဖြစ် မခံယူတော့ကြောင်းစာကို ၂၀၁၈ခုနှစ် ဇွန်လ ၁၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တင်ခဲ့ပါတယ်၊ တင်ရတဲ့ ကိစ္စကတော့ ကျွန်တော်ဟာ ၂၀၁၂ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မကွေးမြို့နယ်ရုံးနဲ့ ၂၀၁၅ ခုနှစ်က မင်းဘူး(စကု) မြို့နယ်ရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီလျှောက်လွာများ ဖြည့်သွင်းလျှောက်ထားခဲ့ပါတယ်၊ ဒီနေ့အချိန်အထိ ပါတီဝင်အမှတ်၊ ပါတီဝင်ကတ် အစရှိတဲ့ အသိအမှတ်ပြုထားချက် တစ်စုံတစ်ရာမျှ အသိပေးရရှိထားခြင်း မရှိသေးပါဘူး၊ ကျွန်တော့အနေနဲ့ ဇွန်လ ၁၁ ရက်နေ့ကတည်းက စတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် မခံယူတော့ကြောင်း အသိပေးအကြောင်းကြားစာ ပါတီကို တင်ခဲ့ပါတယ်။

ကျွန်တော်ပြောနိုင်တဲ့ စကားလေးတစ်ခုပဲ ရှိပါတယ်၊ အဲ့ဒါကတော့ ကျွန်တော့်မဲဆန္ဒနယ်၊ ကျွန်တော်နေတဲ့တိုင်း၊ကျွန်တော်နေတဲ့ နိုင်ငံအတွက် အဖက်ဖက်ကနေပြီးတော့ ကျွန်တော်တတ်နိုတဲ့ဘက်ကနေပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးကိစ္စတွေမှာ ပြည်သူလူထုအတွက်၊ နိုင်ငံအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပြီးတော့ အခုလို ပါတီဝင်အဖြစ်နဲ့ မခံယူတော့တာလို့ပဲ ပြောပါရစေ။

မေး။ ။  ငွေရေးကြေးရေးကိစ္စကြောင့်လိုု့ ဝေဖန်နေကြတဲ့အပေါ်မှာ ဘာပြောချင်ပါသလဲ။

 ဖြေ။ ။ ဟုတ်ကဲ့ပါ ။ သတင်းမီဒီယာတော်တော်များများနဲ့ ကျွန်တော့ကို ပါတီဝင်တွေထဲက၊ပြည်သူလူထုကပါ ဒီမေးခွန်းကို ကျွန်တော့ကို မေးကြတယ်၊ ပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဒေါက်တာဦးမျိုးညွန့်က ပါတီရန်ပုံငွေ ထည့်ဝင်ရမယ့်ငွေ ၂ သိန်းခွဲ မပေးချင်လို့၊ တင်းကြပ်တဲ့ ပါတီစည်းကမ်းတွေကို မလိုက်နာချင်လို့၊ သူတို့ဖာသာ သူတို့ စာရေးတင်ပြီး ထွက်သွားပါတယ်လို့ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ ငြင်းဆိုပါတယ်၊  ကျွန်တော် ပါတီဝင်အဖြစ် မခံယူလိုတာက အဲ့ဒီလို ကိစ္စရပ်နဲ့ မဟုတ်ပါဘူးဆိုတာကိုတော့ ဒီနေရာမှာ ငြင်းဆိုပါတယ်။

မေး။ ။ စာတင်နုတ်ထွက်တဲ့အပေါ် ဗဟိုက တုံ့ပြန်မေးမြန်းမှု ရှိပါသလား။

ဖြေ။ ။ မရှိပါဘူးခင်ဗျ၊ ကျွန်တော် ဇွန်လ ၇ ရက်နေ့က ဒီစာကို ရေးပြီး ပို့ဖို့ စီစဉ်ပါတယ်၊ သို့သော်လည်း အကြောင်းတစ်ခုလေး ပေါ်လာတဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ လွှတ်တော်စာတိုက်ကနေ စာကို ပို့ဖြစ်ပါတယ်၊ အဲ့ဒီပို့ဖြစ်တဲ့အချိန်ကနေပြီးတော့ စက်တင်ဘာလ ၂၃ ရက်နေ့က ပါတီဗဟိုရဲ့ နေပြည်တော်စည်ပင်ရိပ်သာမှာလုပ်တဲ့ အစည်းအဝေးကနေပြီး ခွင့်ပြုတယ်ဆိုတာ ထွက်လာတယ်။ အသံမတိုင်ခင် ကြားထဲမှာ ဒီလိုမျိုး ပါတီဝင်အဖြစ်နဲ့ မခံယူချင်တာ ဘာဖြစ်လို့၊ ဘာဖြစ်လို့ မခံယူချင်တာလဲဆိုတာမျိုးကို တယ်လီဖုန်းဆက် မေးတာမျိုး၊ ကျွန်တော့ကို ခေါ်ပြီးတော့ မေးတာမျိုး ၊ စာပို့ပြီးတော့ မေးတာမျိုးတို့ တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

မေး။ ။ ပါတီဝင်ကတ် ၊ ပါတီဝင်နံပါတ်မရှိတဲ့ကိစ္စကို သိခွင့်ရှိမလားခင်ဗျ။

 ဖြေ။ ။ ၂၀၁၂ ခုနှစ် ပါတီကိုမှတ်ပုံတင် တင်ပြီးတော့ ပါတီက ကြေညာထားချက် ရှိပါတယ်၊ ဘယ်နေရာ၊ ဘယ်မြို့နယ်က ပါတီရုံးမှာပဲ ဖြစ်ဖြစ်၊ ဗဟိုရန်ကုန်မှာပဲ ဖြစ်ဖြစ် ပါတီဝင်အဆိုပြုလွာတွေ လျှောက်ထားနိုင်တယ်လို့  အသိပေးကြေညာတဲ့အချိန်တုန်းက မကွေးမြို့နယ်ရုံးမှာတစ်ကြိမ်၊ အဆိုပြုလွှာ တင်ခဲ့ပါတယ်၊ အဲ့ဒီလိုတင်ခဲ့ပြီးနောက်ပိုင်းမှာ ပါတီဝင်အဖြစ်နဲ့ အသိအမှတ်ပြုထားတဲ့ ပါတီဝင်နံပါတ်တို့ ၊ကတ်တို့ဆိုတာ တစ်စုံတစ်ရာ အသိပေးတာတို့ ကတ်ထုတ်ပေးတာတို့ ၊ကတ်ထုတ်ပေးမယ် ၊ သတ်မှတ်တဲ့ ငွေကြေးသွင်းရမယ်ဆိုတဲ့ ကိစ္စမျိုးကအစ အဆက်အသွယ် မရှိခဲ့ပါဘူး။ နောက်တစ်ခါ ၂၀၁၅ ခုနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဒီပါတီကနေ ရွေးချယ်တဲ့အချိန်မှာလည်း ပါတီဝင်လျှောက်လွာလေးတော့ ဖြည့်သွင်းပြီးပေးပါဦးလို့ပြောတော့ မင်းဘူးမြို့နယ်ရုံးမှာ ပါတီဝင်လျှောက်လွာကို ဓာတ်ပုံ ၂ ပုံနဲ့ တင်ထားဖူးပါတယ်၊ သို့သော် အဲ့ဒါလည်း အခု ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆောင်ရွက်နေတဲ့ အခုအချိန်အထိအောင် ပါတီဝင်နံပါတ်ကတော့ ဘယ်လောက်ဖြစ်တယ်၊ ပါတီဝင်ကတ် စက္ကူကတ်ပဲ ဖြစ်ဖြစ်၊ စမတ်ကတ်ပဲ ဖြစ်ဖြစ်  ၊ ကျွန်တော့ဆီကို ပါတီဝင်တစ်ယောက်အနေနဲ့ နံပါတ်ထုတ်ပေးတာ၊ ကတ် ထုတ်ပေးတာ မရှိပါဘူး။

မေး။ ။  ငွေရေးကြေးရေး ပြောဆိုမှုတွေ ရှိတဲ့အပေါ် ပြည်သူသိအောင် ဘာများပြောချင်ပါသလဲ။

 ဖြေ။ ။ ပြည်သူသိအောင် ပြောဆိုလို့ရှိရင်တော့ ကျွန်တော်က ဒီပါတီအတွက် ပါတီရန်ပုံငွေလို့ပဲပြောပြော၊ ပါတီကို ထူထောင်နိုင်ဖို့အတွက် လိုအပ်ချက်ကလေးတွေ ဖြည့်သွင်းနိုဖို့ဆိုဆို၊ အဲ့ဒီအတွက် လိုအပ်မဲ့ တကယ့်တရားဝင်လုပ်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စွပ်စွဲသလို စေတနာနည်းတဲ့သူ မဟုတ်ပါဘူး။ အဲ့ဒီလိုမျိုးထပ် မဟုတ်တဲ့အစီအစဉ်မျိုးတောင်မှ ကိုယ်စားလှယ်အဖြစ်က ထွက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော် စီစဉ်ဆောင်ရွက်ထားမှုမျိုးတောင်မှ ရှိပါတယ်။

မေး။ ။ နုတ်ထွက်တဲ့အပေါ် ပါတီပုံရိပ် ကျဆင်းတယ်လို့ ယူဆပါသလား။

 ဖြေ။ ။ ကျွန်တော် မြင်တဲ့ အမြင်ကလေးကို ပြောရမယ်ဆိုရင် ပုံမှန်အားဖြင့်တော့ ပါတီဝင်တစ်ယောက်က ကိုယ်စားလှယ်ပါတီဝင်ပဲ ဖြစ်ဖြစ်၊ ကိုယ်စားလှယ်မဟုတ်တဲ့ပါတီဝင်ပဲ ဖြစ်ဖြစ်၊ ပါတီတစ်ရပ်ကိုဝင်ပြီး သူမနေချင်တဲ့အခါမှာ နုတ်ထွက်သွားတယ် ။ ဒါကတော့ သိပ်ပြီး ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ ကျွန်တော် ခံယူထားပါတယ်၊ ဒါလူတိုင်းရဲ့ လွတ်လပ်ခွင့်နဲ့ရွေးချယ်ပိုင်ခွင့်ပါပဲ။  အဲ့ဒီလိုရှိနေတဲ့အနေအထားမျိုးနဲ့ ၊ ပါတီဝင်အဖြစ်နဲ့ မခံယူတော့ဘူးလို့ ။ ကျွန်တော်ရဲ့ဆောင်ရွက်ချက်အပေါ်မှာ ကျွန်တော့်အနေနဲ့ကတော့ ကိုယ်ဆုံးဖြတ်ပြီး ဆောင်ရွက်ခွင့်ရှိတဲ့ကိစ္စကို လုပ်တဲ့အတွက် ဘယ်လိုပဲမြင်မြင် အမြင်ခံလို့ ရပါတယ်။ သို့သော် စောစောက ပါတီကနေ ပြောရေးဆိုခွင့်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကနေ အခုန စွပ်စွဲထားတဲ့ အချက် ၂ ချက်အပေါ် ၊ ပါတီရန်ပုံငွေ  ၂ သိန်းခွဲ မပေးချင်လို့ ၊ တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာခြင်းမရှိလို့မို့လို့ စာရေးတင် ထွက်သွားတယ်လို့ ပြောတဲ့၊ မမှန်ကန်တဲ့ အကြောင်းပြချက်နဲ့ ပါတီကိုယုံကြည်ကိုးစားနေပြီး ပါတီဗဟိုက ပြောရေးဆိုခွင့်ရှိတဲ့သူက ပြောလိုက်တဲ့စကားကိုပဲ အတည်ပြုပြီးတော့ လက်ခံယုံကြည်တဲ့ ပါတီဝင်တွေ၊ နိုင်ငံသူနိုင်ငံသားတွေ၊ အခြားပါတီတွေ၊အဖွဲ့အစည်းတွေက မြင်လိုက်တဲ့ အမြင်ကတော့ ယခုလိုမျိုးကြောင့် ကျွန်တော် ထွက်သွားရတာမှန်ရင် ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့၊ ကျွန်တော်ရဲ့ လူမှုရေးရပ်တည်ချက်မှာတော့ အများကြီး ထိခိုက်ပါတယ်။ အဲ့ဒီတော့ အခုနပြောတဲ့ပါတီမှာရော ပုံရိပ်ထိခိုက်တာရော၊ ပါတီမှာ တာဝန်ရှိတဲ့လူတွေရဲ့ ပြောဆိုပြုမှုဆောင်ရွက်ချက်အပေါ် ကျန်တဲ့သူတွေ အဖြစ်မှန်ကို သိသွားရင်၊မြင်တဲ့အမြင်မျိုးရောက်သွားရင် ပါတီကြီးအနေနဲ့ ကျွန်တော်အမြင်ကတော့ မပြောသင့် ၊ မပြောအပ်၊ မဆောင်ရွက်သင့်တဲ့ကိစ္စကို ပြောဆိုဆောင်ရွက်တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ သို့သော်လည်း ပါတီမှာတာဝန်ရှိတဲ့သူတွေက ပါတီပုံရိပ်ကျတယ် ၊ မကျဘူးဆိုတာ သူတို့ ဘယ်လိုခံစားလဲ မပြောတတ်ပါဘူး။

မေး။ ။ လက်ရှိအချိန်မှာ ပါတီတာဝန်မရှိတော့ ကိုယ်စားလှယ်ဘက်မှာ ပိုပြီးတော့ ဘာတွေလုပ်နိုင်သွားမလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ ။ ကျွန်တော်ရဲ့ ဝီရိယစိုက်ထုတ်မှုကတော့ ပါတီဝင်ကိုယ်စားလှယ်အနေနဲ့ ရှိတုန်းက ဝါယမစိုက်ထုတ်ပြီး လုပ်ကိုင်တာထက် ဒီပမာဏ ဒီခွန်အားပါပဲ။ ပါတီဝင်မဟုတ်တော့ပေမယ့် ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်ရမယ့်ကိစ္စမှာလည်း ဒီခွန်အားထက် ပိုအောင် ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေ ကိစ္စကြီးတွေ ပိုမိုလုပ်ဆောင် ဆောင်ရွက်ရမယ့်ဖြစ်တဲ့အတွက် ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး ပြုလုပ်ဖို့ မျှော်လင့်ထားပါတယ်။

မေး။ ။ ကိုယ်စားလှယ်တွေအပေါ်မှာ ပါတီက လွှမ်းမိုးမှု ရှိတယ်လို့ ပြောသံကြားနေရပါတယ် လွှမ်းမိုးမှုရှိပါသလား ။ ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အခြားကိုယ်စားလှယ်တွေအပေါ်မှာ ဘယ်လိုလွှမ်းမိုးလဲ ဆိုတာ မပြောလိုပါဘူး၊ သို့သော်လည်း ကိုယ်စားလှယ်အပေါ်မှာ ပါတီကနေ လွှမ်းမိုးခြင်းဆိုတဲ့နေရာမှာ  လွှတ်တော်ဥပဒေ ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ ညီတဲ့၊ ပါတီကနေ ချမှတ်ထားတဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီတဲ့ ညှိနှိုင်းတိုင်ပင်တာ။ လွှမ်းမိုးတယ်ဆိုတဲ့စကားကို ကျွန်တော်ကတော့ သိပ်ပြီး မသုံးပါဘူး။ ညိနှိုင်းတိုင်ပင်ပြီးတော့ ပါတီရဲ့မူဝါဒကို ဖော်ဆောင်ပေးတာ ။ ကျွန်တော့အတွက်တော့ အဆင်လည်း ပြေပါတယ်။ ဒါတွေက နိင်ငံတိုင်းမှာရှိတဲ့ ပါတီတွေထဲမှာ အာဏာရပါတီပဲ ဖြစ်ဖြစ် ၊ ပြိုင်ဘက်ပါတီပဲ ဖြစ်ဖြစ် အကုန်လုံးရှိခဲ့တာပါပဲ။ သို့သော် တခါတရံမှာတော့ အဲ့ဒီပါတီရဲ့ မူဝါဒဆိုတာက ဥပဒေ နည်းဥပဒေနဲ့ မလျော်ညီတဲ့ကိစ္စမျိုးဆို ၊ တကယ်အများပြည်သူရဲ့ အကျိုးစီးပွား အဟန့်အတားဖြစ်စေတဲ့ကိစ္စမျိုးတွေ ပေါ်လာမယ်ဆိုရင်တော့ အဲ့ဒီ ညွှန်ကြားမှုမျိုးတွေကို ကျွန်တော် မလိုက်နာနိုင်ပါဘူး ။ အဲဒီအတွက် အဲဒီလွှမ်းမိုးမှုတွေကို ကျွန်တော့အပေါ် သက်ရောက်မှု မရှိစေဖို့ ကျွန်တော်က ကြိုးစားရပ်တည်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်နဲ့အတူ ထွက်စာအတူ တင်ခဲ့ပါသလား။

 ဖြေ။ ။   ဒါ သိသင့်တဲ့ကိစ္စပါ။ ပါတီဗဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ပြောလိုက်တဲ့သဘောက အဲ့သလိုသဘော သက်ရောက်တော့ ကျွန်တော်လည်း နားလည်ပါတယ်။ အများပြည်သူနဲ့ မဲဆန္ဒရှင်တွေ ၊ ပါတီဝင်တွေကလည်း ဒီလိုပဲ မြင်ပါတယ်။ ရန်ကုန်တိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဖေချစ် ပါတီကနေ နုတ်ထွက်စာ တင်တယ်ဆိုတဲ့ကိစ္စနဲ့ ကျွန်တော်နဲ့က လုံးဝသိရှိခြင်း ၊ တူညီခြင်း လုံးဝမရှိပါဘူး၊ ကျွန်တော် သိသလောက်ကတော့ အန်ကယ်က လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လကတည်းက နုတ်ထွက်စာတင်ပြီးတော့၊ ကော်မရှင်ကိုလည်း အကြောင်းကြားပြီးတော့ ဆောင်ရွက်သွားတယ်လို့ သိရှိထားပါတယ်၊ ကျွန်တော်က အခုန ပြောသလိုမျိုးပဲ။ ၂၀၁၈ ခုနှစ်၆ လပိုင်း၊ ၇ ရက်နေ့အစား ၁၁ ရက်နေ့က ပို့ဖြစ်ခဲ့တာပါ၊ အဲ့ဒါကို အဓိပ္ပါယ်ကြီးက ကျွန်တော်နဲ့ ဦးဖေချစ် တစ်ပြိုင်တည်း ထွက်စာတင်သလို ၊ တစ်ပြိုင်တည်း ခွင့်ပြုတယ်ဆိုတာ ပြောလိုက်သလိုပဲ။ တစ်ပြိုင်တည်း ပိုက်ဆံ ၂ သိန်းခွဲ မပေးချင်လို့၊ စည်းကမ်းတင်းကြပ်တာကို မလိုက်နာချင်လို့ ထွက်သွားရတဲ့သဘောမျိုးနဲ့ ပြောတာကတော့ စိတ်မကောင်းစရာပါ။ 

မေး။ ။ ကိုယ်စားလှယ်ကြီးအနေနဲ့ ဘာများပြောချင်ပါသေးသလဲ။

 ဖြေ။ ။ ပြောချင်တာလေးတစ်ခုကတော့ မှန်ချင်လည်း မှန်ပါလိမ့်မယ်၊ မှန်မှလည်း မှန်ပါလိမ့်မယ်၊ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုရင် ပါတီဝင်အဖြစ်နဲ့ မခံယူလိုတော့ပါကြောင်းကို လေးလေးစားစားနဲ့ ပါတီဗဟိုကို စာပို့ပြီး တင်ပြလိုက်တဲ့အချိန်မှာ ပါတီဗဟိုက ကျွန်တော်မျှော်လင့်ထားတာပေါ့လေ၊ ဒါကြောင့် ကျွန်တော်ပြောတာ မှန်ချင်မှ မှန်လိမ့်မယ်လို့ ပြောတာပါ။ ပါတီဗဟိုကတော့ ဘာဖြစ်လို့ ဒီလိုပါတီဝင်အဖြစ်နဲ့ မခံယူတော့တာလဲ ၊ စာပို့တာလဲ ဆိုတာမျိုးကို ဖုန်းနဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်း ပါတီကိုခေါ်ပြီးတော့ မေးမြန်းလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ သို့သော် အဲ့ဒီလိုမျိုး မေးမြန်းတာမျိုး၊ တစ်စုံတစ်ခု မေးမြန်းပုံတစ်ခုမှ မရှိဘဲနဲ့ ပါတီရန်ပုံငွေ ၂ သိန်းခွဲ မပေးချင်လို့၊ဒါပဲ ထည့်ထည့်ပြောရတာ မကောင်းတော့ပါဘူး၊ ပါတီအနေနဲ့တော့ မပြောတတ်ပါဘူး ။ ကျွန်တော့အနေနဲ့ မပြောလည်း မဖြစ်တော့ဘူးလေ။ စည်းကမ်းတင်းကြပ်တာတွေ မလိုက်နာလို့ ၊ သူတို့ဖာသာသူတို့ စာရေးပြီးတော့ ထွက်စာတင်သွားတယ်ဆိုတဲ့ကိစ္စကြီးပေါ်လာတာကတော့ ကျွန်တော်အနေနဲ့  ပါတီက စနစ်တကျလေး စေ့စေ့စပ်စပ်၊ မှန်မှန်ကန်ကန် ဆောင်ရွက်မှုလေးတွေ မပြုဘဲနဲ့ လုပ်ခဲ့တာလို့  ကျွန်တော် မြင်ပါတယ်။

Mizzima Weekly