‘ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ ကျနော်တို့ ရယူနိုင်စွမ်းရှိတယ်’ - လီဗာပူးလ်စူပါစတား ဆာလာ

‘ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ ကျနော်တို့ ရယူနိုင်စွမ်းရှိတယ်’ - လီဗာပူးလ်စူပါစတား ဆာလာ

လီဗာပူးလ်အသင်း စူပါစတား မိုဟာမက်ဆာလာက ၎င်းတို့အသင်းအနေနဲ့ ယခုရာသီ ချန်ပီယံလိဂ်ဖလားနှင့် ပရီးမီးယားလိဂ်ဖလား နှစ်ခုလုံးကို ရယူနိုင်စွမ်းရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်သင့်ပြီး ပရီးမီးယားလိဂ်ဖလားကိုသာ အာရုံစိုက်သင့်ကြောင်း ပြိုင်ပွဲနှစ်ရပ်လုံးမှာ ဆုဖလားရယူဖို့ မဖြစ်နိုင်ဘူးလို့ ဝေဖန်အကြုံပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်က နည်းပြ ကလော့ပ်က တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမယ့် စနေနေ့က လီဗာပူးလ်အသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ နိုင်ပြီး ပရီးယားလိဂ် ၅ ပွဲဆက် အနိုင်ရယူခဲ့ပြီး ဒီတပတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်မတွေ့ခင် ဆာလာက အသင်းနည်းပြရဲ့ သဘောထားကို ထောက်ခံပြောဆိုခဲ့ပါတယ်။

“အမှန်ပါပဲ။ ကျနော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်တစ်ကြိမ် တက်ရောက်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျနော်ကတော့ ချန်ပီယံလိဂ်ဖလားကိုရော ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်စွမ်းရှိတယ်လို့လည်း ထင်ပါတယ်။ ဒါကို ဖိအားတစ်ခုအဖြစ်တော့ မသက်ရောက်စေချင်ပါဘူး။ ဒါပေမယ့် အရာအားလုံးက ဖြစ်နိုင်ပါတယ်။”လို့ ဆာလာက ပြင်သစ်ဘောလုံး မဂ္ဂဇင်း France Football နဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့ မေလက လီဗာပူးလ်က ရီးယဲလ်အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆိုးဆိုးရွားရွား ဒဏ်ရရှိခဲ့ပါတယ်။ သူဟာ အန်ဖီးလ်မှာ ပထမဆုံရာသီမှာပဲ အသင်းအတွက် ၄၄ ဂိုးသွင်းပြီး မယုံကြည်နိုင်လောက်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီ၊ နာပိုလီ၊ Red Star ဘဲဂရိတ်တို့နဲ့ တစ်အုပ်စုထဲ ကျရောက်တဲ့အတွက် နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

လီဗာပူးလ်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ စက်တင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၁း၃၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုများ

အုပ်စု (A)
အက်သလက်တီကို (စပိန်)၊ ဒေါ့မွန် (ဂျာမနီ)၊ မိုနာကို (ပြင်သစ်)၊ ကလပ်ဘရု (ဘယ်လ်ဂျီယံ)

အုပ်စု (B)
ဘာစီလိုနာ (စပိန်)၊ စပါး (အင်္ဂလန်)၊ PSV (နယ်သာလန်)၊ အင်တာမီလန် (အီတလီ)

အုပ်စု (C)
ပီအက်စ်ဂျီ (ပြင်သစ်)၊ နာပိုလီ (အီတလီ)၊ လီဗာပူးလ် (အင်္ဂလန်)၊ Red Star ဘဲဂရိတ် (ဆာဘီးယား)

အုပ်စု (D)
လိုကိုမိုးတစ် မော်စကို (ရုရှား)၊ ပေါ်တို (ပေါ်တူဂီ)၊ ရှော်ကေး (ဂျာမနီ)၊ ဂါလာတာစရေး (တူရကီ)

အုပ်စု (E)
ဘိုင်ယန်မြူးနစ် (ဂျာမနီ)၊ ဘင်ဖီကာ (ပေါ်တူဂီ)၊ အေဂျက် (နယ်သာလန်)၊ AEK အေသင် (ဂရိ)

အုပ်စု (F)
မန်စီးတီး (အင်္ဂလန်)၊ ရှက်တာဒိုးနက် (ယူကရိန်း)၊ လိုင်ယွန် (ပြင်သစ်)၊ ဟော်ဖန်ဟင်မ် (ဂျာမနီ)

အုပ်စု (G)
ရီးယဲလ် (စပိန်)၊ ရိုးမား (အီတလီ)၊ CSKA မော်စကို (ရုရှား)၊ ဗစ်တိုးရီးယား ပလာဇန် (ချက်)

အုပ်စု (H)
ဂျူဗင်တပ်စ် (အီတလီ)၊ မန်ယူ (အင်္ဂလန်)၊ ဗလင်စီယာ (စပိန်)၊ BSC ယမ်းဘွိုင်း (ဆွစ်ဇလန်)

Ref; Daily Mail

 

       

 

Mizzima Weekly