တရားခံပြေးအား ဖမ်းဆီးစဉ် စခန်းမှူးတစ်ဦး ဓားထိုးခံရ

တရားခံပြေးအား ဖမ်းဆီးစဉ် စခန်းမှူးတစ်ဦး ဓားထိုးခံရ

မုံရွာ ၊ စက်တင်ဘာ ၂၆ ။                 ။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ပေပင်ချောင်းကျေးရွာတွင် မူးယစ်တရားခံပြေးအား သွားရောက်ဖမ်းဆီစဉ် မူယစ်တရားခံပြေးမှ ရဲအုပ်အား ဓားဖြင့် ပြန်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ကျွန်းလှမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မူးယစ်တရားခံပြေး ထွန်းလွင်ဆိုသူမှာ နေအိမ်သို့ ရောက်ရှိနေကြောင်း သတင်းအရ ပေပင်ချောင်းရဲကင်းမှ စခန်းမှူးဦးဆောင်၍ မော်ကယ်၊ညောင်ပင်ကျေးရွာတို့မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များဖြင့် သွားရောက်ဖမ်းဆီးစဉ် ပေပင်ချောင်း ရဲကင်းစခန်းမှူး ရဲအုပ်သိန်းဇော်အား မူးယစ်တရားခံပြေးမှ ဓားဖြင့် ပြန်လည်ခုခံ ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။

 

"ထွန်းလွင်အိမ်ကို ဝင်ဖမ်းတာ အိမ်အဝင်တံခါးဝအရောက် ထွန်းလွင်နဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဖမ်းနေတဲ့ အချိန် ထွန်းလွင်ကလက်ထဲ အသင့်ပါလာတဲ့ ဓားဦးချွန်နဲ့ စခန်းမှူးကို ထိုးလိုက်တာ”ဟု ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သူ တစ်ဦးက ဆိုသည်။

 

အဆိုပါ ရဲအုပ်အား မူးယစ်တရားခံပြေးမှ ဓားထိုးမှုဖြစ်စဉ်ကို အောက်တိုဘာ ၂၅ ရက်၌ ဖြစ်ပွားခဲ့ပြီး တရားခံအမြန်ဆုံး ဖမ်ဆီးနိုင်ရေးအတွက် ကျွန်းလှမြို့နယ်ရဲတပ်ဖွဲ့မှ လုပ်ဆောင်နေကြောင်း သိရသည်။

 

တရားခံပြေးမှ ဓားဦးချွန်ဖြင့်ထိုးမှုကြောင့် ရဲအုပ်သိန်း ဇော်၏ဝဲဘက်ရင်ညွန့်အောက်တွင် ထိုးသွင်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိကာ ပေကုန်းဆိပ်ကမ်းမှ တဆင့်ကန့်ဘလူ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။