နိုင်ငံတကာသို့ ရွှေတင်ပို့ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြဿနာ ဖြေရှင်းရန်မျှော်မှန်း

နိုင်ငံတကာသို့ ရွှေတင်ပို့ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြဿနာ ဖြေရှင်းရန်မျှော်မှန်း

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။           ။ မြန်မာနိုင်ငံမှ ရွှေများကိုပြည်ပနိုင်ငံများသို့တင်ပို့ခြင်းဖြင့် ကုန်သွယ်မှုလိုငွေကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်၏ ဒါရိုက်တာ ဒေါက်တာ ရဲသူအောင်က ပြောသည်။

ရွှေနှင့်ပတ်သက်သည့် ပစ္စည်းများအတွက်တစ်နေရာထဲတွင် ဝန်ဆောင်မှုပေးနိုင်သည့် One Stop Service Centre (OSSC) ကို ရန်ကုန်မြို့ Myanmar Culture Valleyတွင် စက်တင်ဘာလ ၂၄ ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး အဆိုပါဖွင့်ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

"လက်ရှိကျွန်တော်တို့နိုင်ငံမှာအကြီးမားဆုံးပြဿနာဖြစ်တဲ့ Trade Deficit (ကုန်သွယ်မှုလိုငွေ) ပြဿနာ ဖြစ်ပါတယ်။ လောလောဆယ်ရွှေတွေသည် တရားမဝင်စျေးကွက်နဲ့နိုင်ငံခြားကို   ရောက်သွားပြီးတော့မှ မြန်မာ နိုင်ငံကို အမေရိကန်ဒေါ်လာ အနေနဲ့ဝင်လာနိုင်တဲ့အနေအထားမရှိပါဘူး။ ထိုအခြေအနေမှာ OSSC ကနေ တရားဝင် Export (တင်ပို့) ပို့မယ်ဆိုရင်သူသည် Export မှာ ၀ % AV ၂ % လောက်ဆောင်ရမှာဖြစ်ပါတယ်။ ဒီတရားဝင်ငွေတွေအကုန်လုံးသည် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာအနေနဲ့ ဝင်ရောက်ပြီးတော့မှ ကျွန်တော် တို့မြန်မာနိုင်ငံရဲ့ Trade Deficit (ကုန်သွယ်မှုလိုငွေ) ကိုဝင်ရောက်ပံ့ပိုးပေးနိုင်မယ်ဆိုတဲ့ ရည်ရွယ် ချက်သည် ကျွန်တေ်ာတို့ရဲ့ Vision Statement ရဲ့ နောက်ဆုံးအချက်ဖြစ်ပါတယ်" ဟု မြန်မာရွှေလုပ်ငန်းဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလိမိတက်၏ ဒါရိုက်တာ ဒေါက်တာရဲသူအောင်က ပြောသည်။

OSSC အနေဖြင့် ရွှေနှင့်ပတ်သက်၍ ရောင်းဝယ်ခြင်းလုပ်ငန်းများ၊ အရောင်းပြပွဲများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွက် တရားဝင်ရွှေစျေးကွက်ဖြစ်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ ထို့အပြင် OSSC မှတစ်ဆင့် မြန်မာ့ရွှေများ၏ အရည်အသွေးကို စက်များဖြင့်သတ်မှတ်ကာ နိုင်ငံတကာသို့တင်ပို့သွားရန် စီစဉ်ထားသည်။

ရွှေအရည်အသွေးတိုင်းတာရာတွင် သိပ်သည်းဆတိုင်းတာခြင်းနှင့် ရာခိုင်နှုန်း တိုင်းတာခြင်းဟူ၍ နည်းလမ်း နှစ်မျိုးရှိနေပြီး အဆိုပါနည်းလမ်းနှစ်ခုလုံးဖြင့် ပြည်ပသို့တင်ပို့မည့်ရွှေများကို တိုင်းတာသွားမည်ဟု သိရသည်။

"ရွှေစမ်းတဲ့စက်ကအစ ကျောက်မျက်ရတနာစမ်းတဲ့စက်ကအစ မြန်မာနိုင်ငံတင်မဟုတ်ပါဘူး။ နိုင်ငံတကာမှာပါ အဆင့်မြင့်ဆုံး စက်တွေဆောင်ရွက်ထားတာရှိပါတယ်။ ဒါကလည်း third party ကုမ္ပဏီတစ်ခုကနေပြီးတော့ အကူညီတောင်းပြီး လုပ်ခြင်းဖြစ်ပါတယ်။ စက်တွေနဲ့စမ်းမှထွက်လာတဲ့အဖြေဟာ နိုင်ငံတကာလက်ခံမှာပေါ့။ အန်ကယ်တို့ မဖြစ်ချင်ဆုံးက အန်ကယ်တို့နိုင်ငံမှာ စမ်းလိုက်တယ်ဆိုပါစို့။ ဒီရွှေက ၉၉ % ရှိပါတယ်လို့ စမ်းလိုက်တဲ့ဟာ သူများနိုင်ငံမှာခင်ဗျားတို့စမ်းတာ ၉၉ % ပဲ ဒီမှာ ၉၈ % ပဲရှိတယ်။ ဒီလိုအငြင်းပွားမှုတွေ မဖြစ်အောင်တိကျတဲ့ စက်တွေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်" မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးကျော်ဝင်း က ပြောသည်။

ရွှေတင်ပို့ရောင်းချရန်နှင့် အရည်အသွေးသတ်မှတ်ရန် စသည့်လုပ်ငန်းစဉ်များအတွက် မြန်မာနိုင်ငံ ရွှေ၊ ကျောက်မျက် စျေးကွက်ဖြစ်မြောက်ရေးဗဟိုကော်မတီမှ ရွှေတင်ပို့မှု တင်သွင်းမှုဆိုင်ရာ မူဝါဒများချမှတ် သွားမည်ဖြစ်ပြီး ပြည်တွင်းရွှေပမာဏနည်းပါးမှုများ မဖြစ်စေရန်အတွက်လည်း ယင်းကော်မတီမှ နေ့စဉ် လိုင်စင်များကို စိစစ်သွားမည်ဟု သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာသို့မြန်မာ့ရွှေများ ရောင်းချနိုင်ရန်အတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားသည်ဟု သိရသည်။ မြန်မာ့ရွှေများတင်ပို့ရောင်းမည့် အစီအစဉ်ကို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ အမေရိကန်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှုများရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ပြည်ပပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၅၈၃.၃၁၉ သန်း နှင့် သွင်းကုန် ၆၄၄၂.၇၃၁ သန်း ရှိနေသည်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရသိရသည်။ ထို့ကြောင့် သွင်းကုန်များမှာ ပို့ကုန်ပမာဏထက် အမေရိကန်ဒေါ်လာ ၈၅၉.၄၁၂ သန်း ပိုများနေသည်ကို တွေ့ရသည်။

Mizzima Weekly