နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ကန်ဒေါ်လာ ၂၀၀၅၄ သန်းဖြင့် တရုတ်နိုင်ငံက ဦးဆောင်နေ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ကန်ဒေါ်လာ ၂၀၀၅၄ သန်းဖြင့် တရုတ်နိုင်ငံက ဦးဆောင်နေ

စက်တင်ဘာ ၂၄ ။              ။ မြန်မာနိုင်ငံ၏ ၂၀၁၈ခုနှစ် ဇူလိုင်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုနိုင်ငံပေါင်း ၄၉နိုင်ငံတွင် တရုတ်နိုင်ငံ သည် ရင်နှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး လုပ်ငန်းပေါင်း ၂၅ဝကျော်တွင် အမေရိကန်ဒေါ် လာ ၂၀၀၅၄သန်း ရင်းနှီး မြုပ်နှံထားကြောင်း ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး ကပြောသည်။

"မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှုစာရင်းကိုကြည့်မယ်ဆိုရင် ၂၀၁၈ခုနှစ် ဇူလိုင်လအထိ ခွင့်ပြုနိုင်ငံပေါင်း ၄၉ နိုင်ငံမှာ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး အမှတ်စဉ် ၁ မှာ ရှိပါတယ်။ လုပ်ငန်းပေါင်း ၂၅၆ခုမှာ အမေရိကန်ဒေါ် လာ ၂၀၀၅၄သန်း ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုအားလုံးရဲ့ ၂၆ရာခိုင်နှုန်းရှိပါတယ်" ဟု ဒေါက်တာမောင် မောင်လေး ကပြောသည်။

၂၀၁၈ခုနှစ် စက်တင်ဘာ ၂၄ရက်က ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သော China (Hunan) - Myanmar economic & trade cooperation Conference အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့၏ အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၈ခုနှစ် စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၈ ဘီလီယံ ရှိပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို တင်ပို့သည့် ပို့ကုန်ပမာဏထက် တရုတ်နိုင်ငံမှ ပြန်လည်တင်သွင်းသည့် ပမာဏမှာ ပိုများနေကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ သိရသည်။

မြန်မာနိုင်ငံတွင် ရင်နှီးမြှုပ်မှုကောင်းများရှိသည့်အတွက် ပိုမိုရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်သွားရန် ဆွေးနွေးညှိ နှိုင်းဆောင်ရွက်မှုများလည်း လုပ်ဆောင်နေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hunan ပြည်နယ်မှ ဒုတိယတိုင်းမှူး Mr.He Baoxing ကပြောသည်။

"တရုတ်နဲ့မြန်မာဟာ ရေမြေတောတောင်အနေနဲ့ဆိုရင် နယ်နိမိတ်ချင်းလည်း ထိစပ်နေပါတယ်။ ရှေးအရင်ထဲက နှစ်နိုင်ငံပြည်သူတွေဟာ အပြန်အလှန်စီးပွားကုန်ကူပြီးတော့ ယဉ်ကျေးမှုချင်းလည်း ဖလှယ်မှုရှိပါတယ်။ ဒုတိယ ဥက္ကဋ္ဌနဲ့ ဆွေးနွေးတဲ့အချိန်မှာလည်း မြန်မာနိုင်ငံက ဒီလိုကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိတဲ့အခါမှာဆို ရင် နောင်ဆိုရင် ဒီထက်မက ရင်းနှီးမြှုပ်နှံမှုတွေအများကြီးလုပ်ဆောင်နိုင်မယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်" ဟု Mr.He Baoxing ကပြောသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံနှင့် One Belt One Road စီမံကိန်း ပိုးလမ်းမကြီးများတွင်လုပ်ငန်းများလုပ် ဆောင်ရာ၌ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် (Win-Win Situation) အနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် တရုတ်ပြည်မ စီးပွားရေးအဖွဲ့အစည်းများအကြား စီးပွားရေးဆိုင်ရာ အပြန် အလှန် ကူညီပံ့ပိုးမှုများလုပ်ဆောင်နိုင်ရန် MoU ၂၁ စောင်ကိုလည်း လက်မှတ်ရေးထိုးထားကြောင်း သတင်း ရရှိသည်။

 

Mizzima Weekly