ဆွာဘူတာနှင့် ရေတာရှည်ဘူတာအကြားရှိ ရေတိုက်စားခဲ့သော သံလမ်းများ တပ်မှ ပြုပြင်နေ

ဆွာဘူတာနှင့် ရေတာရှည်ဘူတာအကြားရှိ ရေတိုက်စားခဲ့သော သံလမ်းများ တပ်မှ ပြုပြင်နေ

စက်တင်ဘာ ၁ ။                   ။ ပဲခူးတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်မှာ ဩဂုတ်လ ၃၁ ရက်က ဆွာဘူတာနှင့် ရေတာရှည် ဘူတာအကြား ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့တဲ့ ရန်ကုန် -မန္တလေး မီးရထားသံလမ်းပိုင်းတွေကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်မတော်သား ၈၀ ကျော်နဲ့ သံလမ်းပိုင်းပြုလုပ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရေတာရှည် မှ ဆွာဘူတာသို့  Army Bus အသုံးပြုပြီး ရန်ကုန်-မန္တလေးရထား ခရီးသည်တွေ ပို့ဆောင်တဲ့ နေရာမှာ တပ်မတော်သားတွေက ကူညီပြောင်းရွှေ့ခဲ့ကြပြီး သံလမ်းတွေပေါ်ရှိ အမှိုက်တွေရှင်းတာ၊ ဇလီဖာတုံးခုတာ စတဲ့သံလမ်းပြုပြင်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်သား တစ်ဦးက မဇ္ဈိမကို ပြောပါတယ်။

" အဓိက သံလမ်းပိုင်း ပျက်ဆီးသွားတဲ့ နေရာတွေမှာ မြေဖို့တာတွေ၊ ဇလီဖာတုံးထည့်တာတွေ၊ သံလမ်းပေါ်က အမှိုက်တွေကို ရှင်းလင်းတာပါ " ဟု တပ်မတော်သားတစ်ဦးက ဆိုပါတယ်။

ဆွာဘူတာနဲ့ ရေတာရှည်ဘူတာအကြားရှိ ရန်ကုန် - မန္တလေး သံလမ်းပိုင်းတွေဟာ ရေတိုက်စားမှုကြောင့် သံလမ်းပျက်ကြတာတွေ၊ ကွေးကောက်တာတွေနဲ့ သံလမ်းပေါ်မှာ အမှိုက်ပေါင်းများစွာ ကျန်ရှိခဲ့တာပါ။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ လူမှုကွန်ယက် စာမျက်နှာ ဩဂုတ်လ ၃၁ ရက် ရန်ကုန်မှ မန္တလေးကို ထွက်ခွာမည့် အမှတ်(၁၁)အဆန် အမြန်ရထားနဲ့ မန္တလေးမှ ရန်ကုန်သို့ထွက်ခွာမည့် အမှတ် (၁၂)အစုန်အမြန်ရထား (၂)စီးကို ဆွာဘူတာနဲ့ ရေတာရှည်ဘူတာကြားမှာ တပ်မတော်က မော်တော်ယာဉ်တွေနဲ့ ခရီးသည်ကူးပြောင်းခြင်း (Passenger transit)ပြုလုပ်ပေးမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ မိမိတို့သွားလိုတဲ့ ခရီးဆုံးဘူတာအထိ ရထားလက်မှတ်တွေကို ရောင်းချပေးသွားမည်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဆန်အထူးရထားက ရန်ကုန်အထွက် ည ၉ နာရီ တောင်ငူရောက်- ၀၂း၅ဝနာရီ၊ အစုန်အထူးရထားက တောင်ငူထွက်- ၁ဝး၄၅နာရီ၊ ရန်ကုန်ရောက်-ညနေ ၅နာရီ ဖြစ်ပါတယ်။

    Mizzima Weekly