တိုင်းပြည်အတွက် လုပ်အား၊သစ္စာတရားများကို ယှဉ်ပြိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဆို

By မျိုးထွန်းနိုင်
24 September 2018
တိုင်းပြည်အတွက် လုပ်အား၊သစ္စာတရားများကို ယှဉ်ပြိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဆို
 ဓာတ်ပုံ- Union Solidarity and Development Party

ရန်ကုန်။ စက်တင်ဘာ ၂၄ ။                ။ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းပြည်အတွက် လုပ်အား၊ သစ္စာတရားများကို ယှဉ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သပိတ်ကျင်းမြို့နယ် (၆)မိုင်ကျေးရွာတွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။

 မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်၊(၆)မိုင်ကျေးရွာ၊(၆)မိုင်ကွင်းတွင် စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုတွေ့ဆုံပွဲအခမ်း အနားသို့ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

" ဒီကနေ့ ကျွန်တော်တို့က အစိုးရမဟုတ်တော့ဘူး။ အတိုက်အခံပါတီဖြစ်တယ်။ ကျွန်တော်ပြည်သူလူထုနဲ့ တွေ့တိုင်း ပါတီဝင်တွေနဲ့တွေ့တိုင်း ကျွန်တော်တို့ပါတီဟာ အတိုက်အခံပါတီမဟုတ်ပါ။ ပြိုင်ဘက်ပါတီဖြစ်တယ်။ ဘာတွေပြိုင်မလည်း။ တိုင်းပြည်အတွက် ဘာတွေပြိုင်လုပ်မှာလည်း။ တိုင်းပြည်ပေါ်မှာထားတဲ့ သစ္စာတရား ပြိုင်မယ်။ လုပ်အားခြင်းပြိုင်မယ်။ စေတနာခြင်း ပြိုင်မယ်။အဲ့ဒါ ကျွန်တော်တို့ သဘောထားတဲ့ ပြိုင်ဘက်ပါတီရဲ့ သဘောထားပါဘဲ" ဟု ဦးသန်းဌေးက ဆိုသည်။

အဆိုပါ အခမ်းအနားတွင် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် သပိတ်ကျင်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး နှင့် ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦစိုင်းအောင်ကြည်တို့အား မဲဆန္ဒရှင်ပြည်သူလူထုထံ မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် မဲဆွယ်စည်းရုံးခြင်းများကို လစ်လပ်မဲဆန္ဒနယ်မြေများတွင် စက်တင်ဘာ လမှ စတင်ကာ ကွင်းဆင်းဆောင်ရွက်နေကြခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လစ်လပ် မဲဆန္ဒနယ် (၁၃) ရှိပြီး NLD ပါတီ အနေဖြင့် လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားရန်ရှိသောကြောင့် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီတို့အကြား ယှဉ်ပြိုင်မှုများ ပြင်းထန်လာဖွယ်ရှိနေသည်။

NLD အစိုးရသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

Mizzima Weekly