ရေဘေးသင့်ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနေကြောင်း ပဲခူးဝန်ကြီးချုပ်ပြော

ရေဘေးသင့်ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနေကြောင်း ပဲခူးဝန်ကြီးချုပ်ပြော

ပဲခူး။ စက်တင်ဘာ ၁ ။           ။ ရေဘေးသင့်ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနေတယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၁ ရက်က ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်း ကျေးရွာထိပ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းကို လာရောက်စဉ် မဇ္ဈိမရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

" ရေဘေးသင့်ပြည်သူတွေအတွက် အစိုးရက ဘာလုပ်ပေးဆိုတဲ့ မေးခွန်းအပေါ်မှာ အခု အစိုးရကပြည်သူတွေနဲ့ ပေါင်းပြီးတော့ လုပ်နေတယ်။ နိုင်ငံတော် အကြီးအကဲတွေ ဒုသမ္မတတို့ ကာကွယ်ရေးဦးစီးချုပ်တို့ နောက်ပြီး တပ်မတော်သားတွေ၊ပြည်ထောင်စုရော၊ တိုင်းဒေသကြီးကရော ဝန်ကြီးတွေ ကွင်းဆင်းပြီး ပြည်သူတွေ ပါတီတွေပေါင်းစုံကူညီရေးတွေ လုပ်ဆောင်နေပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ရင် ရေဘေးဒုက္ခကို ကျော်လွှားနိုင်တယ်" ဟု ဆိုပါတယ်။

ယခုလက်ရှိ ဆွာချောင်းတစ်လျှောက်တွင် ရေဘေးသင့်ခဲ့သည့် ကျေးရွာများ၌ ပြန်လည်ထူးရေး လုပ်ငန်းများ အတွက် အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ ကွင်းဆင်းလုပ်ဆောင်ပေးခြင်း မရှိသည့်အပေါ် ဒေသခံများ၏ ဝေဖန်မှုများလည်းရှိနေပါတယ်။

“ကျွန်မတို့ ဆီမှာ ရေကျသွားတာ (၄)ရက်ရှိပြီ။ အခုချိန်ထိ အစိုးရက ဘာမှလုပ်ဆောင်ပေးတာမရှိဘူး။ နိုင်ငံပိုင် သတင်းစာတွေမှာတော့ ကျွန််မတို့ ကျေးရွာနာမည်တွေပါတယ်။ အပြင်မှာတော့ ဘာမှလာလုပ်ပေးတာ မရှိဘူး”ဟု ဆွာမင်းလမ်း ကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာမှာ မမြင့်မြင့်ထွေးမှ မဇ္ဈိမသို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူများအတွက် ရပ်ကွက်/ကျေးရွာအလိုက်ဆုံးရှုံးမှုများကို အတိအကျသိမှာသာ အစိုးရ အနေဖြင့် ပြန်လည်ထောက်ပံပေးနိုင်မည်ဖြစ်ကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အရေးကြီးကြောင်း၊ ပြည်သူများ အနေဖြင့်လည်း အုပ်ချုပ်ရေးမှူးများထံ မိမိ၏ ပျက်စီးဆုံးရှုံးမှုများကို စာရင်းပေးကြဖို့ ဝန်ကြီးချုပ်မှ တိုက်တွန်းပြောကြားခဲ့ပါတယ်။
 

 

Mizzima Weekly