ပုသိမ်အနီး ကမ်းလွန်လုပ်ကွက် A-6 တွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ရန် ရှာဖွေတွေ့ရှိ

ပုသိမ်အနီး ကမ်းလွန်လုပ်ကွက် A-6 တွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ရန် ရှာဖွေတွေ့ရှိ
ဓာတ်ပုံ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

စက်တင်ဘာ ၂၄ ။         ။ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၁၀၂ ကီလိုမီတာခန့်အကွာ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ တွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း တွေ့ရှိရသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့၊ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂တွင် ရည်မှန်းအနက် ၄,၈၅၀ မီတာ (၁၅,၉၁၂ပေ) အထိ တူးဖော်ခဲ့ရာ အနက် ၄၃၇၃ မီတာခန့်တွင် သဘာဝဓာတ်ငွေ့ခိုအောင်းနေသည့် အသားတင်ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၄၀ မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ကို လုပ်ကွက် A-6 ၏ ပ ဉ္စမမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ (၁၀၀) ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် (၂၃၂၅) မီတာနေရာ၌ ဇူလိုင်လ ၂၀ ရက်နေ့က စတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သဘာဝဓာတ်ငွေ့ကို ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်းများ တူးဖော်ခြင်း၊ ရှာဖွေခြင်းဆိုင်ရာ လုပ်ငန်းများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၂ ရက်က  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးတို့ တူးဖော်နေသော တွင်းတူးစက် Dhirubhai Deep Water KG2 (DDKG2) သို့ သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် MPRL E&P Pte Ltd. မှ ရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျကုမ္ပဏီ Woodside Energy (Myanmar) Pte Ltd. မှ ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်ကုမ္ပဏီTotal E & P Myanmar Co.,Ltd.မှ ၄၀ ရာခိုင်နှုန်း အသီးသီး အချိုးကျပါဝင်ကာ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။
 

Mizzima Weekly