ထောင်ဒဏ် ၇ နှစ်ချမှတ်မှုအပေါ် တရားမျှတမှုရှိရဲ့လားလို့ ရိုက်တာသတင်းသမားများ မေးခွန်းထုတ်

ထောင်ဒဏ် ၇ နှစ်ချမှတ်မှုအပေါ် တရားမျှတမှုရှိရဲ့လားလို့ ရိုက်တာသတင်းသမားများ မေးခွန်းထုတ်
ဓာတ်ပုံ - AFP

ရန်ကုန် ၊ စက်တင်ဘာ ၃ ။            ။ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရမှုအပေါ်မှာ တရားမျှတမှု ရှိရဲ့ လားဆိုပြီး ရိုက်တာသတင်းသမားတွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မေးခွန်းထုတ်လိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ ကိုသက်ဦးမောင် (ခ) ကိုဝလုံးနဲ့ ကိုကျော်စိုးဦး(ခ) မိုးအောင်တို့ကို ထောင်ဒဏ်(၇) နှစ်စီကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။

အမိန့်ချမှတ်မှုအပြီးမှာ ရိုက်တာသတင်းထောက် ကိုဝလုံးက “ဒါဟာ တရားမျှတမှုရှိရဲ့လား။ ဒါဟာ ကျွန်တော် တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ခြိမ်းခြောက်တာလို့ပဲ ပြောချင်တယ်။ ဒီအနေအထားပေါ်မှာ အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံး ရင်ဆိုင်သွားပါမယ်” လို့ ဆိုပါတယ်။

ရိုက်တာသတင်းသမားတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတွေကတော့ အမြန်ဆုံး ပြန်လည် လွတ်မြောက်နိုင်ဖို့ လုပ်သင့်တာအားလုံး ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ဒီနေ့စီရင်ချက်နဲ့ ပတ်သက်ပြီး အင်မတန်မှ စိတ်ပျက်စရာကောင်းပါတယ်။ ဒီဟာက ကျွန်တော်တို့ ဒီမိုကရေစီ ကို သွားနေတယ်လို့ ပြောတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ၊ လွတ်လပ်စွာထုတ်ဖော်မှု ၊ တရားစီရင်ရေးဆိုင်ရာ အခြေအနေတွေဟာ ဆိုးရွားနေပြီဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်”လို့ ရိုက်တာသတင်းထောက်များ ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောဆိုခဲ့ပါတယ်။

အခု အမိန့်ချမှတ်ခံခဲ့ရတဲ့ သတင်းထောက်နှစ်ဦးဟာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုရှိခဲ့တာကို ဖော်ထုတ်ရေးသားခဲ့ပါတယ်။ အဲ့ဒီလိုရေးသားမှုကြောင့် ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခဖြစ်စဉ်တွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။

ရိုက်တာသတင်းသမားတစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦးကတော့ “ကျွန်နော်တို့ကို ထောင်ချမယ့်အစား ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေကို ပိတ်ပစ်လိုက်ပါတော့။ ခင်ဗျားတို့ရဲ့ အာဏာတွေနဲ့ လုပ်လိုက်ပါတော့” လို့ သတင်းသမားတွေကို ပြောဆိုခဲ့ပါတယ်။

ရခိုင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေ မရေးရဲအောင် နိုင်ငံရေးရည်ရွယ်ချက်နဲ့ ရိုက်တာသတင်းသမားတွေကို ထောင်ချလိုက်တာဖြစ်နိုင်တယ်လို့ ဝါရင့်သတင်းစာ ဆရာလည်းဖြစ် မြန်မာ ဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးမြင့်ကျော်က စီရင်ချက်နဲ့ ပတ်သက်ပြီး အခုလိုမှတ်ချက်ပေးပါတယ်။

“ဒီလိုအကြောင်းအရာမျိုးကို မရေးအောင် ဒီလိုအကြောင်းအရာမျိုးကို မထိတွေ့အောင် မီဒီယာကို သတင်းစကားပါးတဲ့ ရည်ရွယ်ချက်နဲ့ ချလိုက်တာပေါ့။ တနည်းပြောရရင် နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ချလိုက်တာလို့ မြင်ပါတယ်”လို့ ဦးမြင့်ကျော်က ဆိုပါတယ်။

ပြီးခဲ့တဲ့၂၀၁ရခုနှစ်ဒီဇင်ဘာလ(၁၂ )ရက်နေ့မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လက်ထဲမှာ လျှို့ဝှက် စာရွက် စာတမ်းတွေ လက်ဝယ်တွေ့ရှိတယ်လို့ဆိုပြီး ထောင်ဒဏ်(၁၄)နှစ်အထိချမှတ်နိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ရိုက်တာသတင်းသမားတွေရဲ့အမှုမှာတရားလိုပြသက်သေ ၂၂ ဦး၊ တရားခံပြသက်သေ ၃ ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။ဒါပေမယ့်လည်း အမှုရဲ့ တရားလိုပြသက်သေတွေထဲက ဒုရဲမှူး မိုးရန်နိုင် က ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားခဲ့ပါတယ်။ အဲ့ဒီလို ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတယ်။

ရိုက်တာသတင်းသမားတွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၈ ခုနှစ် PEN America က ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု အပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆု သုံးဆုကို  ရရှိထားပါတယ်။ဒီဆုတွေကိုတော့ အင်းဒင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ သတင်းကို ဖော်ထုတ်ရေးသားခဲ့လို့ ရရှိခဲ့တာပါ။

ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံခဲ့ရတဲ့ ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန်လွတ်ပေးဖို့နဲ့ သတင်းထောက် တွေ သူတို့အလုပ် သူတို့ုလုပ်နေတာတွေကို တရားစွဲဆိုတာ အမြန်ဆုံး ရပ်တန့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Mizzima Weekly