မကွေးတိုင်း(အောင်လံ) ဘွက်ကြီးရေလှောင်တမံ တာဘောင်မြေကျွံမှုဖြစ်ပွား

မကွေးတိုင်း(အောင်လံ) ဘွက်ကြီးရေလှောင်တမံ တာဘောင်မြေကျွံမှုဖြစ်ပွား
ဓာတ်ပုံ - Ayekyaw Ak

ရန်ကုန် ၊ စက်တင်ဘာ ၅ ။            ။ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ဘွက်ကြီးရေလှောင်တမံတာဘောင်၌ အကျယ်ငါးပေခန့်ရှိသော မြေကျွံမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“တမံဖြစ်တာကတော့ ၂ ရက်နေ့ ညနေလေးနာရီက မြေကျွံမှုဖြစ်တယ်ဆိုတာ တွေ့ရတယ်။ အဲ့တော့ ထူးခြားတာက တမံက နိမ့်မသွားတာတော့တွေ့ရတယ်။ ဌာနဆိုင်ရာလူကြီးမင်းတွေ သက်ဆိုင်ရာတွေက လာလုပ်နေကြပါတယ်” ဟု အောင်လံမြို့နယ် ဒန့်ဒေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ညွန့် က ဆိုသည်။

မြေကျွံမှုဖြစ်ပွားခဲ့သော်လည်း တမံအတွင်းမှ ရေစိမ့်ထွက်မှုများမရှိခြင်း ၊ တမံအတွင်းမှ ရေများသည် တိုက်ရိုက် ကျဆင်းခြင်းမရှိဘဲ ထူးပေါက်အတွင်းသို့ စီးဝင်ခြင်းကြောင့် ဂလိုင်ပေါက်ဖြစ်ကာ ကျွံကျခြင်းဖြစ်သည်ဟု ဦးတင်ညွန့်က ဆိုသည်။

သို့သော်လည်း ရေပိုလွှဲမှ ရေကျော်နေခြင်းများရှိနေသောကြောင့် မြေကျွံကျသည့်နေရာသို့ သဲများဖို့ကာ ပြုပြင်ထားပြီး တမံအောက်ပိုင်းရှိ ကျေးရွာများကိုလည်း အသိပေးထားပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဘွက်ကြီးရေလှောင်တမံကျိုးခဲ့ပါက တမံအောက်ပိုင်းရှိ ကျေးရွာများကို ရေဖုံးလွှမ်းခံရဖွယ်ရှိနေပြီး ဒေသခံများ အနေဖြင့်လည်း စိုးရိမ်ထိတ်လန့်မှုများ ရှိနေခဲ့သည်။

“အတိမ်အနက်ကမသိရတော့ ဒေသခံတွေကတော့ ကြောက်ကြတယ်လေ။ ရွှေ့ရွှေ့ပြောင်းပြောင်းတွေ ဖြစ်ကြတာပေါ့။ တကယ်ဆို ဆည်မြောင်းက သတင်းထုတ်ပြန်သင့်တာပေါ့။ အုပ်ချုပ်ရေးမှူးက သတင်း ထုတ်ပြန်တယ်ဆိုပေမယ့် သူက ပညာရှင်မှ မဟုတ်တာ။ နယ်သူနယ်သားတွေက ဒီနေ့ဆို မိုးလည်းရွာနေတာဆိုတော့ ထိတ်လန့်တာပေါ့” ဟု အောင်လံမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

လယ်မြေဧရိယာ ၆၉၆၆ ဧကအား ရေပေးစိုက်ပျိုးနိုင်ရေးအတွက် ဘွက်ကြီးရေလှောင်တမံကို ၂ဝဝဝပြည့်နှစ် ဧပြီလ ၁ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၃ခုနှစ် စက်တင်ဘာ ၃ဝရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် ဆည်၏ သက်တမ်းသည် ၁၅ နှစ်ခန့်ရှိနေပြီဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆွာချောင်းရေလှောင်တမံမှ ရေကျော်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း ပြီးခဲ့သည့်လ သြဂုတ်လ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ၌ ရေးသားခဲ့ပြီး နောက်တစ်နေ့တွင် ဆွာချောင်းရေလှောင်တမံ ကျိူးပေါက်ခဲ့ဖူးသည်။

 

 

Mizzima Weekly