“စဉ်းစားချိန်တန်ပြီ” ဆောင်ပုဒ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ စတင်မဲဆွယ်

“စဉ်းစားချိန်တန်ပြီ” ဆောင်ပုဒ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ စတင်မဲဆွယ်
ဓာတ်ပုံ-AFP

ရန်ကုန် ၊ စက်တင်ဘာ ၆ ။        ။ “စဉ်းစားချိန်တန်ပြီ” ဆောင်ပုဒ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ  ကြားဖြတ်ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၆ ရက် တွင် တာမွေမြို့နယ်၌ စတင်မဲဆွယ်နေသည်။

ပြည်ခိုင်ဖြိုးပါတီက  “စဉ်းစားချိန်တန်ပြီ” ဆိုသည့် ဆောင်ပုဒ်သစ်ကို လက်ကမ်းစာစောင်များတွင် ရိုက်နှိပ် ဖော်ပြပြီး စတင်မဲဆွယ်စည်းရုံးနေခြင်း ဖြစ်သည်။

ယခင်ကာလများက “ ပြည်သူ့အတွက်အမှန်ခြစ်” ဆောင်ပုဒ်များဖြင့် ပြည်ခိုင်ဖြိုးက မဲဆွယ်ခဲ့သော်လည်း နေရာအများစုတွင် လက်ရှိအာဏာရပါတီဖြစ်သော NLD က နေရာရခဲ့သည်။

“နိုင်ငံရေးကို စိတ်ခံစားချက်နဲ့လုပ်လို့ရှိရင် တကယ်တမ်းခံစားသွားရမှာက အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့ ပါတီအနေနဲ့ ပြည်သူအပေါ်မှာ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အကျိုးပြုလုပ်ငန်းတွေ မလုပ်နိုင်ခဲ့ဘူးဆိုရင် စိတ်ခံစားချက်ကို ဦးဆောင်ပြီး မဲပေးတဲ့အမှားကိုခံရမှာ ပြည်သူတွေပဲ။ ဒါကြောင့်မို့လို့ စဉ်းစားချိန်တန်ပြီ ဆိုပြီး လက်ကမ်းစာစောင်မှာ ဖော်ပြထားတာပါ” ဟု ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် ဦးမျိုးဝင်းကျော်က ပြောသည်။

လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့သည် လစ်လပ်မဲဆန္ဒနယ်ဖြစ်သည့် တာမွေမြို့နယ်၌  စက်တင်ဘာလ ၆ ရက်က တစ်ပြိုင်နက် မဲဆွယ်စည်းရုံး လျက်ရှိနေသည်။

လက်ရှိအချိန်တွင် အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက “အပြောင်းအလဲ ဆက်လုပ်ရန် NLD ကို မဲပေးပါ” ဆိုသည့် ဆောင်ပုဒ်ဖြင့် မဲဆွယ်စည်းရုံးနေသည်။

တာမွေမြို့နယ်သည် လက်ရှိ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မဲဆန္ဒနယ်ဖြစ်သောကြောင့် တာဝန်ကြီးကြောင်း ခံယူထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတိုးဝင်းက ဆိုသည်။

“၁၉၈၈ ကစပြီး ပြည်သူလူထုနဲ့တကွ တိုက်ပွဲဝင်ခဲ့ကြတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ပံ့ပိုးမှုပါလို့လည်း ဒီအခြေအနေထိအောင် ပြည်သူအစိုးရတစ်ရပ်ကို ဖော်ဆောင်ခဲ့တယ်။ ယနေ့ ဆက်လက်ပြီးတော့ တိုင်းပြည်ရဲ့ အကျပ်အတည်းတွေ အစိုးရရဲ့ ရုန်းကန်နေရတဲ့ အကျပ်အတည်းကို နားလည်ခွင့်လွှတ်ပေးဖို့တော့ ရှေ့ဆက်ပြီး နားလည်နေမယ်ဆိုတာလည်း ယုံကြည်ပါတယ်” ဟု ဦးတိုးဝင်းက ဆိုသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ပြီး တစ်ပြည်လုံး၌ လစ်လပ် မဲဆန္ဒနယ်သည် ပြည်သူ့လွှတ်တော်၌ ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရှိနေသည်။

တိုင်းဒေသကြီးလွှတ်တော်တွင်ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်သူ့လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမဲဆန္ဒနယ်တို့ လစ်လပ်လျှက်ရှိသည်။

မဲဆွယ်စည်းရုံးရေးကာလသည် ရွေးကောက်ပွဲ မစတင်မီ ရက်ပေါင်း(၆၀) အလို၌ စတင်နိုင်ပြီး စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ထုတ်ပြန်ထား သည်။

 

 

Mizzima Weekly