ဝမ်ပေါင်ကုမ္ပဏီ၏ အလုပ်သမားကိစ္စ သတင်းယူခွင့် ဟန့်တားခံရ

ဝမ်ပေါင်ကုမ္ပဏီ၏ အလုပ်သမားကိစ္စ သတင်းယူခွင့် ဟန့်တားခံရ

မုံရွာ၊ စက်တင်ဘာ ၇ ။         ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှ အလုပ်သမားအချို့ အလုပ်မဆင်းခြင်းနှင့် ပတ်သက်ပြီး သတင်းရယူစဉ် ကုမ္ပဏီဘက်က ဟန့်တားမှုများ ပြုလုပ်ခဲ့သည်ဟု ထိုနေရာတွင် ရှိနေကြသည့် မုံရွာအခြေစိုက် သတင်းသမားများက ဆိုသည်။

အဆိုပါကုမ္ပဏီမှ အလုပ်သမားတစ်ဦး လုပ်သက်ခံစားခွင့် တစ်နှစ်ရပ်ဆိုင်းခံခဲ့ရမှုအပေါ် ယနေ့ စက်တင်ဘာ ၇ ရက်နေ့တွင် မုံရွာ - ပုသိမ်လမ်းမကြီးဘေး ဝမ်ပေါင်ရုံးရှေ့၌ ကုမ္ပဏီနှင့် အလုပ်သမားများ ညှိနှိုင်းမှုများ ပြုလုပ်နေကြခြင်းဖြစ်ပြီး ၎င်းအား သတင်းယူနေကြစဉ် ကုမ္ပဏီမန်နေဂျာမှ လာရောက် ဟန့်တားခဲ့ခြင်းလည်း ဖြစ်သည်။

" အလုပ်သမားတွေကို အင်တာဗျူးလုပ်တဲ့ သူတို့ ကုမ္ပဏီဘက်ကို လှည့်မရိုက်ဖို့ လာတားတယ်။ လုပ်ငန်းခွင်တွေကို မပါစေချင်ဘူး။ သူတို့အကြောင်းတွေကို မဖော်ပြစေချင်ဘူးလို့ လာပြောတယ်။ မန်နေဂျာ ဆိုတဲ့ တရုတ်က သတင်းပါမှာ စိုးပြီး တရုတ်လိုရော၊ အင်္ဂလိပ်လိုရော လာပြီး သတင်းရယူခွင့်ကို တားဆီးတယ်။ အများသူငါ သွားလာခွင့်ရှိတဲ့ လမ်းမှာ သတင်းရယူခွင့်ကို ပိတ်ပင်တာလားဆိုတော့ အဲလိုလည်း မဟုတ်ဘူးတဲ့။ သတင်းမှားရင် တရားစွဲလိုက်လို့ ပြောတော့လည်း မဟုတ်ပြန်ဘူး။ သူတို့ ဝမ်ပေါင်ဆိုတဲ့ ကုမ္ပဏီနာမည်ကို မထည့်စေချင်ဘူး။ သူတို့ကုမ္ပဏီဖက်ကို မျက်နှာမူပြီး မရိုက်စေချင်ဘူးတဲ့။ ကိုယ်အလုပ်ကိုယ်လုပ်မှာပဲဆိုပြီး ရိုက်လာခဲ့တယ်။ ၂ ဖက်မျှအောင် အင်တာဗျုး ဖြေပေးပါဆိုတော့ မဖြေဘူး"ဟု မုံရွာအခြေစိုက် DVB သတင်းထောက် ကိုအောင်ကိုလတ်က ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စီနိုကုမ္ပဏီမှ စက်ကြီးမောင်း ဝန်ထမ်းတစ်ဦး မောင်းနှင်ရာတွင် စက်ချို့ယွင်းမှု ရှိခဲ့ပြီး ယင်းအတွက် ကုမ္ပဏီမှ ၎င်းကို ရာထူးတိုး ၁ နှစ် ရပ်ဆိုင်းခဲ့သည်။

ထိုသို့ အရေးယူမှုနှင့် ပတ်သက်ပြီး လုပ်ငန်းခွင်ဆိုက်ဘက်မှ ဝန်ထမ်း ၂၀၀ ခန့်က စက်တင်ဘာ ၄ ရက်နေ့တွင် စုဝေးခဲ့ပြီး အလုပ်မဆင်းခဲ့ကြဟု သိရသည်။

ယနေ့တွင် ကုမ္ပဏီရှေ့၌ ညှိနှိုင်းမှုများ ပြုလုပ်နေခဲ့ကြခြင်းဖြစ်ပြီး နေ့လည် ၂ နာရီအချိန်ထိ ပြေလည်မှုကို မရရှိသေးဖြစ်သလို သတင်းသမားများကိုလည်း ဟန့်တားမှု ရှိလာခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်ကုမ္ပဏီ၏ တရုတ် အမျိုးသားဝန်ထမ်းတစ်ဦးက "ကုမ္ပဏီဘက်ကို လှည့်မရိုက်စေချင်ဘူး။ သတင်းထောက်တွေ အနေနဲ့ ဘယ်နားမှာ၊ ဘာပဲဖြစ်ဖြစ် ကြိုက်သလို ရိုက်လို့ရတယ် ။ ဒါပေမယ့် ဝမ်ပေါင်ရဲ့ အခြေအနေကို ဖော်ထုတ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လည်း လွတ်လပ်ခွင့်ရှိပါတယ်။ အင်တာဗျူး လုပ်တာကို တားတာမဟုတ်ပါဘူး။ ကုမ္ပဏီဘက် မျက်နှာမူပြီး မရိုက်ဖို့ ပြောတာပါ"ဟု မဇ္စျိမသို့ ပြောသည်။

 

Mizzima Weekly