အမည်ပျက်စာရင်း သွင်းခံရသည့် တင်ဒါအောင် ကုမ္ပဏီိများကို ထုတ်ပြန်ကြေညာသွားမည်

အမည်ပျက်စာရင်း သွင်းခံရသည့် တင်ဒါအောင် ကုမ္ပဏီိများကို ထုတ်ပြန်ကြေညာသွားမည်
စံချိန်၊ စံညွှန်းမမီ တည်ဆောက်မှုများကြောင့် တိုင်းပြည်ဘဏ္ဍာငွေ များစွာဆုံးရှုံးနေရသည် (ဓာတ်ပုံ- ပြည်သူ့လွှတ်တော်)

နေပြည်တော်(စက်တင်ဘာ ရရက်၊ ၂၀၁၈ခုနှစ်)။   ။ လုပ်ငန်းဆောင်ရွက်ရာတွင် ပီပြင်မှုမရှိခြင်း၊ အရည်အသွေး မပြည့်ဝခြင်းနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက်စာရင်း(Black List) စာရင်းသွင်းခံရသော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရသည့် တင်ဒါအောင် ကုမ္ပဏီများကို ထုတ်ပြန်ကြေငြာပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဝက်ဆိုက်ဒ်စာမျက်နှာ ဖြစ်သော www.construction.gov.mm တွင် “ဒါတွေကတော့ အမည်ပျက်စာရင်း သွင်းထားပါတယ်။ ဘယ်နှစ်နှစ် သွင်းထားပါတယ်။ ဘယ်လောက်ကို ဆိုင်းငံ့လုပ်ထားပါတယ်ဆိုပြီးတော့ ကြေငြာပေးပါ့မယ်” ဟု စက်တင်ဘာ ရရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဦးကျော်လင်းက ပြောသည်။

ဘီးလင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ကိုကိုဦး(ခ)ဦးအတွတ် မေးမြန်းသည့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သော အစိုးရဌာန၊ အဖွဲ့အစည်းနှင့် တာဝန်ခံတင်ဒါ ကော်မတီများ၏ ဖွဲ့စည်းပုံ၊ လုပ်ပိုင်ခွင့်နှင့် တာဝန်၊ တင်ဒါအောင်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံ၊ အောင်မြင့်သည့် အခြေအနေ၊ အမည်ပျက်စာရင်း သွင်းခံရသော ကုမ္ပဏီများ စာရင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဖော်ပြပေးရန် မေးခွန်းအပေါ် ဆောက်လုပ်ရေးဒုဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းအသီးသီးတွင် အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီနှင့် အင်ဂျင်နီယာကို ထုတ်ပြန်ပေးထားပါက အဆိုပါ ကုမ္ပဏီများကို ရှောင်ရှားကာ ပြည်သူ့ဘဏ္ဍာကို ကာကွယ်ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်း ပြောကြားသည်။

“ကုမ္ပဏီတွေက ဒီနှစ် မွန်ပြည်နယ်မှာ အဆင်မပြေဘူးဆိုရင် နောက်နှစ် ကရင်ပြည်နယ်ကို သွားပါတယ်။ နောက်နှစ်ကို တနင်္သာရီတိုင်း သွားပါတယ်။ သုံးနှစ်ပြည့်သွားရင် ဒီနေရာမှာ ပြန်လျှောက်လို့ ရပါပြီ။ အခုဖြစ်နေတဲ့ အခြေအနေက ဒီအခြေအနေပါ” ဟု ၎င်းက လွှတ်တော်တွင် ပြောသည်။

ဆောက်လုပ်ရေးဒုဝန်ကြီး ဦးကျော်လင်းကလည်း အမည်ပျက်စာရင်း သွင်းခံရသည့် ကုမ္ပဏီအပြင် အဆိုပါ ကုမ္ပဏီ၏ တာဝန်ခံ အင်ဂျင်နီယာ အမည်ကိုပါ ယှဉ်တွဲကြေငြာသွားမည်ဖြစ်ပြီး အရေးယူနိုင်သည့် အင်ဂျင်နီယာကောင်စီကိုလည်း အမည်စာရင်း ပေးပို့သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တင်ဒါစနစ်ဖြင့် တည်ဆောက်သည့် စာသင်ကျောင်းများအနက် ၇၅ရာခိုင်နှုန်းမှာ အချိန်မီပြီးစီးမှု မရှိသလို အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီခြင်း မရှိကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်ဟု ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဩဂုတ်လအတွင်း အစီရင်ခံထားသည်။

အစီရင်ခံစာတွင် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းများကို နမူနာ တင်ပြထားခြင်း ဖြစ်သော်လည်း ဝန်ကြီးဌာနအားလုံး၏ တည်ဆောက်ရေးလုပ်ငန်းများတွင် အနည်းအများအလိုက် ထိုသို့ စံချိန်စံညွှန်း မပြည့်မီမှုများ ဖြစ်ပေါ်နေသည်ဟုလည်း ကော်မတီက ဆိုသည်။

 

Mizzima Weekly

Tags