အလှူရှင်ရောက်ရန်ခက်သည့် ရေဘေးသင့်ကျေးရွာများသို့ ပရဟိတလူငယ်များ စုပေါင်းလှူဒါန်း

အလှူရှင်ရောက်ရန်ခက်သည့် ရေဘေးသင့်ကျေးရွာများသို့ ပရဟိတလူငယ်များ စုပေါင်းလှူဒါန်း

တောင်ငူ၊ စက်တင်ဘာ ၁၀ ။           ။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် အလှူရှင် ရောက်ရန် ခက်ခဲသည့် နေရာများသို့ တောင်ငူ၊ ရန်ကုန်မှ ပရဟိတလူငယ်များ စုပေါင်းပြီး ရေဘေးအတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လှူဒါန်းမှုကို ဩဂုတ်လ ၃၀ ရက်နေ့က စတင် လှူဒါန်းတာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်က ကိုင်းဝကျေးရွာအုပ်စု သမဆည်ရွာ၊ ခုနှစ်တဲစုရွာ၊ ဆွာမင်းလမ်းကျေးရွာ အုပ်စု အေးသာယာရွာ၊ ဆွေသာယာရွာ၊ မိချောင်းအိုင်ကျေးရွာအုပ်စု ငါးဘတ်အင်းရွာစသည့်ရွာများရှိ အိမ်ခြေ၂၄၅ အိမ်အား တစ်အိမ်ထောင်စုလျှင် ဆန် (၂)ပြည်ခွဲ၊ ဆီ (၁)လီတာ (၁) ဘူး၊ဆား (၁)ထုပ်၊ ငါးသေတ္တာ (၅)ဗူး၊ငါးပိထောင်း(၂)ဗူး၊ဖယောင်းတိုင် (၁)ထုပ်၊ ခြင်ဆေးခွေ (၁)ဖာ၊မီးခြစ်(၁)လုံး၊ဆပ်ပြာအမွှေးခဲ(၁)ခဲ၊ရွှေဝါဆပ်ပြာ(၁) တောင့်၊ အိုးခွက်ပန်းကန်များ၊ အဝတ်အထည်များ၊ စောင်၊ ခြင်ထောင်များ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

" ဆွာရေဘေး တောင်ငူရေဘေးဖြစ်တော့ လာလှူတဲ့သူတွေကို လိုက်ပို့ရင်း အခုလို လှူဖြစ်သွားတာပါ။ နောက်တော့ ကိုယ့်သူငယ်ချင်းတွေကို အလှူခံရင်း ရရှိလာတဲ့ အလှူငွေတွေ အလှူပစ္စည်းတွေကို လူသူအရောက်နည်းပြီး အလှူရှင်မရောက်သေးတဲ့ သူတွေကို အဓိထားသွားလှူပေးပါတယ်။ ကျွန်တော်တို့က အဖွဲ့တော့မရှိပါဘူး။  ပရဟိတ စိတ်ဝင်စားတဲ့ လူငယ်တွေ စုပေါင်းပြီး လှူဒါန်းတာဖြစ်တယ်” ဟု အလှူရှင် ကိုဇင်ဘိုက ပြောသည်။

အဆိုပါ ပရဟိတလူငယ်များတွင် အလှူငွေ ၁၆ သိန်းရရှိခဲ့ပြီး ယင်းအလှူငွေများ၊ ရေဘေးပြန်လည်ထူထောင်ရေး ပစ္စည်းများကို ကျေးရွာပေါင်း ၂၀ သို့ သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ဆွာရေလှောင်တမံ ရေထိန်းတံခါးကျိုးကျမှုကြောင့် ဆွာချောင်းနံဘေးရှိ ကျေးရွာပေါင်း ၈၅ ရွာမှ လယ်မြေဧက ၂ သောင်းကျော်နှင့် ပြည်သူ ၆ သောင်းကျော် ရေဘေးသင့်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ပဲခူးတိုင်းအတွင်း ငွေကျပ် ၄ ဘီလံကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

       

 

Mizzima Weekly