Miss Universe Sagaing အလှမယ် ယွန်းဆက်ပိုင် ယာဉ်မတော်တဆမှုဖြင့် သေဆုံး

Miss Universe Sagaing အလှမယ် ယွန်းဆက်ပိုင် ယာဉ်မတော်တဆမှုဖြင့် သေဆုံး
ဓာတ်ပုံ-ယွန်းဆက်ပိုင်ဖေ့ဘုတ်

မန္တလေး၊ စက်တင်ဘာ ၂၃ ။         ။ Miss Universe စစ်ကိုင်းနဲ့ Mandalay Stars & Models Inte'l မှ မော်ဒယ်တစ်ဦး ဖြစ်တဲ့ ယွန်းဆက်ပိုင်ဟာ စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်းက မန္တလေးမြို့ ၊ လမ်း၃၀ (၅၈ လမ်းနှင့် ၅၉ လမ်းကြား) တွင် ယာဉ်မတော်တဆမှု ဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။

"ဒီနေ့ မနက်ပိုင်းမှာ ဖြစ်ပွားတာပါ။ သိသိချင်း ဆေးရုံကို ပို့ပေမယ့် သေဆုံးသွားတယ်။ စခန်းမှာ အမှုဖွင့် စစ်ဆေးနေပါတယ်။” လို့  အမှတ်(၃)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ယွန်းဆက်ပိုင် အသက်(၂၁)နှစ်၊(ဘ)ဦးကျော်ရင်၊ ချင်းတွင်းကောလိပ်၊၆၂လမ်း၊(၃၈ နှင့် ၃၉ လမ်း ကြား)၊ မဟာအောင်မြေမြို့နယ်နေသူ တစ်ဦးတည်းမောင်းနှင်လာသော YGN-2j/---- Suzuki Swift အနက်ရောင်ယာဉ်မှာ လမ်း၃၀ (၅၈ လမ်းနှင့် ၅၉ လမ်းကြား) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက် ခြမ်းရှိသဲပုံအား ဝင်ရောက်တိုက်မိရာမှ ယွန်းဆက်ပိုင်မှာ ယာဉ်ပေါ်မှလွင့်ကျကာ ယာနဖူးပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ ဝဲခြေဖဝါး စုတ်ပြဲဒဏ်ရာများ ရရှိသဖြင့် မန္တလေးအထွေထွေရောဂါကု ဆးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်တွင် ဖော်ပြချက်များအရ သေဆုံးသူဟာ ကားပေါ်မှ လွင့်ကျခဲ့တဲ့အတွက် ကားမောင်းနေစဉ် ယာဉ်သိုင်းကြိုး မပတ်ခဲ့တဲ့အတွက်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

သူ သေဆုံးမှုအပေါ် အနုပညာရှင်အသိုင်းအဝိုင်းကရော၊ မိတ်ဆွေအပေါင်းအသင်းတွေကပါ နှမျောတသ ကြောင်း လူမှုကွန်ရက်ပေါ်မှာ ပြောဆိုနေကြတာလည်း တွေ့ရပါတယ်။

ဖေ့ဘွတ်ပေါ်ရှိ ယွန်းဆက်ပိုင်အကောင့်ကိုလည်း အခုချိန်မှာတော့ Remembering လုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ သေဆုံးသူ ယွန်းစက်ပိုင်ကို ယာဉ်အမှုစစ်ဌာနမှ ရဲအုပ် ဇေယျာမျိုးက တရားလို ပြုလုပ်တိုင်ကြားတာကြောင့် အမှတ်(၃)နယ်မြေရဲစခန်းမှ ယဉ်(ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

Mizzima Weekly