မြို့လုံခြုံရေးအတွက် လှည့်ကင်းများနှင့်လိုအပ်သည့် အထောက်ပံ့များပေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

မြို့လုံခြုံရေးအတွက် လှည့်ကင်းများနှင့်လိုအပ်သည့် အထောက်ပံ့များပေးရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ညွှန်ကြား

စက်တင်ဘာ ၁၀ ။          ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ပြလုံခြုံရေးအတွက် ပူးပေါင်းလာသည့် အရပ်ဖက်အဖွဲ့အစည်းများဖြင့် ရဲတပ်ဖွဲ့ဝင်များက မြို့လုုံခြုံရေးအတွက် လှည့်ကင်းများလှည့်လည်ရန်၊ လိုအပ်သည့် အထောက်ပံများပေးရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့ပြလုံခြုံရေးအတွက် တိုင်အဆင့်တာဝန်ရှိသူများကို စက်တင်ဘာ ၁၀ ရက် က တိုင်းဒေသကြီးအစည်းအဝေးတွင် ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်း ဖြစ်သည်။

" ကသာ၊ စစ်ကိုင်း၊ ကလေး၊ တမူး စတဲ့မြို့တွေမှာ မုံရွာမှာလို အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလှည့်လည် စေချင်ပါတယ်။ အရပ်ဘက်ပူးပေါင်းဆောင်ရွက်တဲ့သူတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးမှာ ပါ။ ပူးပေါင်းဆောင်ရွက်သူတွေကို လူမမှားဖို့အတွက် ရောင်ပြန်အကျီတွေ၊ လည်ဆွဲကဒ်တွေ ထုတ်ပေး မယ် "ဟု ဝန်ကြီးချုပ်က အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်ညပိုင်းတွင် အရပ်ဖက်အဖွဲ့အစည်းများသည် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မုံရွာမြို့အနှ့ံ လှည့်ကင်းများ စတင်ဆောင်ရွက်နေပြီး အစိုးရမှ ရောင်ပြန်အကျႌများ၊ လောင်စာဆီများကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

" အစက ရဲဌာန တစ်ခုတည်းနဲ့ပဲ ညှိပြီး လုပ်နေရတာ။ အဲ့ဒါကို ဝန်ကြီးချုပ်က ကိုယ်တိုင်ကလည်း သိသွားတော့ ဒါဟာ လုံခြုံရေးအတွက် ကောင်းမွန်တဲ့ လုပ်ရပ်ပဲဆိုပြီး အားပေးတယ်။ လိုအပ်တဲ့ ပစ္စည်းတွေလည်း ထောက်ပံ့ပေးတယ်။ ကား ၊ ဆီကအစ ထုတ်ပေးတယ်။ မြို့ပြတွေလုံခြုံရေးအတွက် အစိုးရပိုင်းကပါ အခုလို တစိုက်မတ်မတ်လုပ်ပေးလာတဲ့အတွက် လုံခြုံရေးပိုပြီး ကောင်းမွန်လာမယ်လို့ ထင်ပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုအောင်နေမျိုးက ဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ညတွင် မုံရွာမြို့အတွင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်တိုင်ဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ်များ၊အရပ်ဖက်ပူးပေါင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်/မြို့မရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်းများ ရှောင်တခင် ပိတ်ဆို့ပြီး လက်နက်ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

  •  

Mizzima Weekly