ကလေးသူခိုးဟု သံသယရှိသူအား ၀ိုင်းဝန်းရိုက်နှက်ကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွား

ကလေးသူခိုးဟု သံသယရှိသူအား ၀ိုင်းဝန်းရိုက်နှက်ကာ အလောင်းဖျောက်ဖျက်မှု ဖြစ်ပွား

မုံရွာ၊ စက်တင်ဘာ ၁၁ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေးရွာတွင် ကလေးသူခိုးဟု သံသယရှိသူတစ်ဦးအား ဒေသခံများက ဝိုင်းဝန်းရိုက်နှက်ခဲ့ရာ သေဆုံးသွားသဖြင့် မီးရှို့ကာ အလောင်းဖျောက်ဖျက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီအချိန်ခန့်က ကလေးသူခိုးတစ်ဦးအားဖမ်းဆီးရမိပြီး ဒေသခံများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကာ သေဆုံးခဲ့၍ သေဆုံးသူ၏ ရုပ်အလောင်းအလောင်းအား မီးရှို့ လိုက်ကြကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရောက်ရှိချိန်တွင် အလောင်းမှာ ရုပ်ပျက်သွားခြင်း မရှိသေးဘဲ မီးကျွမ်းအလောင်းကိုသာ ရရှိခဲ့ကြောင်း သိရသည်။

"အရင်ရက်တွေကတည်းက ရွာထဲမှာ ကလေးတွေ ဝင်ခိုးနေတယ်။ ဝိုင်းလိုက်ကြတော့မမိဘူး။ ကျီးလန့်စာ စားနေရတာကြာပြီ။ ဒီညကတော့ ကလေးဝင်ခိုးတဲ့အချိန် သိလိုက်တော့ ရွာသားတွေက ဝိုင်းလိုက်ကြပြီး စဖမ်းမိတယ်။ ကြည်လင်းလို့တော့ ပြောတယ်။ ကျန်တာ ဘာမှမပြောဘူး။ ရွာသားတွေက စိတ်တိုပြီး ဝိုင်းရိုက်တာ လက်လွန်သွားတယ်။" ဟု မင်းတည်ရွာမှ အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူအလောင်းအား ကျေးရွာသချိုင်းကုန်းသို့ ယူဆောင်ကာ ညတွင်းချင်း မီးရှှိ့ခဲ့ကြကြောင်း၊ ယင်းအချိန်တွင် ရဲများရောက်ရှိလာပြီး အလောင်းအားသိမ်းဆည်းသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်း၊" မင်းတည်ကျေးရွာ၊ မကျီးခွကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က အတည်ပြုပြောသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသော ဒေသခံများအား စုံစမ်းစစ်ဆေးလျှက်ရှိနေပြီး လက်တလောတွင် အမှုဖွင့်ထားကာ၊ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည့်အတွက် ပြောကြားနိုင်ခြင်းမရှိသေးကြောင်း၊ ချောင်းဦးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက မဇ္ဈိမသို့ ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း ကလေးပျောက်ဆုံးမှုအပါအဝင် မည်သည့်လူပျောက်မျှ တိုင်ကြားထားခြင်း မရှိ ကြောင်း၊ ချောင်းဦးမြို့မရဲစခန်းမှ သိရှိရပြီး ပြစ်မှုကျုးလွန်ခဲ့သူများကို ချောင်းဦးမြို့မရဲစခန်း (ပ)၂၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁/၁၁၄ တို့ဖြင့် အမှုဖွင့်ရေးကာ တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းသိရသည်။

 

 

Mizzima Weekly