လာမည့်နှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ ပြန်ကောင်းမည်ဟု MIC မျှော်လင့်

လာမည့်နှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ ပြန်ကောင်းမည်ဟု MIC မျှော်လင့်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၁၁ရက်၊ ၂၀၁၈ခုနှစ်)။ ။ လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(၂၀၁၈ အောက်တိုဘာ ၁ရက်မှ ၂၀၁၉ စက်တင်ဘာ ၃ဝအထိ)တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၅ဒဿမ ၈ ဘီလီယံ ဝင်ရောက်မည်ဟု မျှော်မှန်းထားပြီး အခြေအနေတချို့ကြောင့် မျှော်မှန်းချက် ပြည့်နိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ဘာကြောင့်လည်းဆိုတော့ ကုမ္ပဏီများဥပဒေလည်း အပြည့်အဝ အသက်ဝင်ပြီ။ နောက်တစ်ခု ကျနော်တို့ဆီမှာ လာစုံစမ်းပြီးတော့မှ ပြင်ဆင်နေတဲ့ Invester တွေလည်း ရှိတယ်။ သူတို့လည်း ကျနော််တို့ MIC ကို တင်ပြဖို့ ပြင်ဆင်နေကြပြီ။ အဲ့တော့ တချို့ Project ကြီးတွေ ပါလာတယ်ပေါ့နော်။ ပါလာတဲ့အတွက်ကြောင့် အဲ့ဒါတွေ ပေါင်းလိုက်ရင်တော့ ကျနော်တို့ နောက်နှစ်ကတော့ Recovery ပြန်ရမယ်ပေါ့။ အခြေအနေ ပြန်ကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

နေပြည်တော်ရှိ MICC-2 တွင် စက်တင်ဘာ ၁၁ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်(Myanmar Global Investment Forum) ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဦးအောင်နိုင်ဦးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈(ဧပြီမှ စက်တင်ဘာအထိ) ကြားကာလနှစ် ခြောက်လတာအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ဘီလီယံခန့် ဝင်ရောက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မျှော်မှန်းခဲ့သော်လည်း ငါးလတာ ကုန်ဆုံးချိန်အထိ အမေရိကန်ဒေါ်လာ ၁ဒဿမ ၄ ဘီလီယံခန့်သာ ဝင်ရောက်ခဲ့သည့်အတွက် ရည်မှန်းချက် ပြည့်မီခဲ့ခြင်း မရှိပေ။

ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် မပြည့်မီရခြင်းမှာ တိုင်းပြည်တွင် ဥပဒေများ အားနည်းခြင်း၊ အခြေခံအဆောက်အဦများ လိုအပ်နေခြင်း၊ ကျွမ်းကျင်သည့် လူသားအရင်းအမြစ် ရှားပါးခြင်းတို့အပြင် ရခိုင်ပြည်နယ်အရေးကိစ္စများကြောင့်လည်း ပတ်သက်နေသည်ဟု ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက မှတ်ချက်ပြုသည်။

“ရခိုင်နဲ့ ပတ်သက်လို့တော့ ဥရောပသမဂ္ဂက အများဆုံး ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျသွားတယ်။ အဲ့တော့ အရှေ့အာရှဘက်ကိုပဲ မျှော်နေရတဲ့ သဘော ဖြစ််နေတယ်။ ဒီရခိုင်ကိစ္စမှာ ဥရောပကော၊ အမေရိကားကော သူတို့အနေနဲ့ အရေးယူဖို့တွေတောင် အမေရိကားက လုပ်ဖို့ လုပ်နေတယ်။ အဲ့တော့ အဲ့ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများကတော့ ကြပ်သွားတယ်။ ဒါတော့ နိုင်ငံရေးအရပေါ့နော်” ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မူပိုင်ခွင့်ဥပဒေများ ခိုင်ခိုင်မာမာ မပြဋ္ဌာန်းနိုင်သေးခြင်းကလည်း စီးပွားရေးတိုးတက်မှုအတွက် အရေးပါသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ရေးအတွက် အဟန့်အတားတစ်ခု ဖြစ်နေပြီး လက်ရှိတွင်မူ အဆိုပါ မူပိုင်ခွင့်နှင့်ပတ်သက်သည့် ဥပဒေကြမ်းနှစ်ခုကို လွှတ်တော်သို့ တင်ပြထားသည်ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က ကမ္ဘာ့ဘဏ်က ပြုလုပ်သည့် စစ်တမ်းအရ နိုင်ငံတကာ ကုမ္ပဏီကြီးများအနေဖြင့် နိုင်ငံတနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုပါက အဆိုပါ နိုင်ငံတွင် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးထားခြင်း ရှိ၊ မရှိ၊ ပြုပြင်ပြောင်းလဲရေး လုပ်၊ မလုပ်နှင့် နိုင်ငံရေးတည်ငြိမ်မှုအပေါ် မူတည်ပြီး စဉ်းစားလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုကြသော်လည်း အခြားတဖက်တွင် ရခိုင်အရေးကဲ့သို့ အဟန့်အတားများ ရှိနေကြောင်း ဦးအောင်နိုင်ဦးက သုံးသပ်သည်။

ဦးအောင်နိုင်ဦးက “တစ်ဖက်က ပြုပြင်ပြောင်းလဲမှုတွေက အင်တိုက်၊ အားတိုက် လုပ်နေတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ ပတ်သက်တဲ့ Issue တွေ နည်းနည်း ရှိသော်လည်းပဲ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ အရှိန်က ကျနော်တို့ရဲ့ အားနည်းချက်ကို ပြန်ပြီး ကုစားနိုင်တယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ပို့ဆောင်ရေးနှင်ပတ်သက်သည့် လမ်းပန်းဆက်သွယ်ရေး၊ ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အား စသည့် အခြေခံလိုအပ်ချက်များကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် စိန်ခေါ်မှုများ ရှိနေသေးသည်။

အခြားတစ်ဖက်တွင်လည်း ရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေစေရန် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ကော်မတီက အမျိုးသားမြေယာဥပဒေတစ်ခု ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေပြီး အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီးပါက မြေနှင့်ပတ်သက်သည့် အခက်အခဲ အတော်များများ ကျော်လွန်နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်ရှိ အနေအထားတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးနှင့် အိမ်ခြံမြေကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်နေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၉ဒဿမ ၄ ဘီလီယံ ဝင်ရောက်ခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆ဒဿမ ၆ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅ဒဿမ ၇ ဘီလီယံ ဝင်ရောက်ခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျခဲ့သည်။

 

Mizzima Weekly